နေပြည်တော်၊ ဒီဇင်ဘာ ၁၈
လက်နက်ကိုင် အကြမ်းဖက်နည်းဖြင့် လိုလားချက်ကို တောင်းဆို၍မရနိုင်သောကြောင့် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး လမ်းကြောင်းမှန်ပေါ်ရောက်ရှိကြရေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြား သည်။
"၂၀၂၃ ခုနှစ် အောက်တိုဘာက စတင်ခဲ့တဲ့ MNDAA ၊ TNLA ၊ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များရဲ့ လုပ်ဆောင်ချက်တွေက တိုင်းရင်းသားပြည်သူများရဲ့ လူမှုစီးပွား အခြေအနေများကို ပိုမိုဆိုးရွား စေခဲ့ပါတယ်။ လက်နက်ကိုင်သောင်းကျန်းသူများရဲ့ အဖျက်အမှောင့်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခ ရောက်ခဲ့ကြရပါတယ်။ အကြမ်းဖက်သောင်းကျန်းသူများရဲ့ ခေတ်အဆက်ဆက် လက်နက်ကိုင် တိုက်ခိုက်မှုတွေက နိုင်ငံရေးကိုအကြောင်းပြပြီး လွဲမှားတဲ့အယူအဆတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေကြတာ ဖြစ်တယ်။ သူတို့အနေနဲ့ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ဖို့ထက် တသီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်း တင်လာတာကို တွေ့ရပါတယ်။ လူငယ်လူရွယ်တွေကို မူးယစ်ဆေးဝါးနဲ့ သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲထဲအတင်းအဓမ္မ ရောက်ရှိစေခဲ့တယ်။ လက်နက်ကိုင် အကြမ်းဖက်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့ မရနိုင်ပါဘူး။ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းတဲ့နည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်တာကို သိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီးလမ်းကြောင်းမှန်ပေါ် ရောက်ရှိကြရေးအတွက် တိုက်တွန်း လိုပါတယ်"ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ပြောသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် နှစ်(၅၀)ပြည့်ရွှေရတု အထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်း အောင်လှိုင်က ထည့်သွင်း ပြောကြားထားခြင်းဖြစ်သည်။
လက်ရှိကာလတွင် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိသည်ကို အခွင့်ကောင်းယူ၍ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံတချို့မှ သြဇာလွှမ်းမိုးချုပ်ကိုင်လိုသည့်အတွက် ပြည်တွင်းမတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
"ယနေ့အချိန်အခါမှာ ပြည်တွင်းက ပြည်ဖျက်သစ္စာဖောက်တွေနဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွားအတွက် တိုင်းရင်းသားတွေကို ဆင်းရဲဒုက္ခရောက်စေပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုနဲ့ အရင်းအမြစ်တွေကို ဖျက်ဆီးနေမယ့်အစား မိမိတို့ဒေသနဲ့ နိုင်ငံတော်အကျိုးအတွက် အားလုံးက အရှည်ကို မျှော်တွေးကြဖို့ အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။ အချင်းချင်းသွေးကွဲနေကြမယ်ဆိုရင် နိုင်ငံတော်ရဲ့ စွမ်းအားတွေ လျော့နည်းပြီး သူတစ်ပါးအလိုကျ လိုက်ပါဆောင်ရွက်ကြရတဲ့ လူမျိုးတွေအဖြစ် သမိုင်းမှတ်တမ်းကျန်ရစ်မှာကို သတိချပ်ကြဖို့ တိုက်တွန်းမှာကြား လိုပါတယ်"ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ပြောသည်။
၁၉၇၄ ခုနှစ်တွင် ရေးဆွဲအတည် ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းနှင့်ပြည်နယ်များ သတ်မှတ်ပြဋ္ဌာန်းရာတွင် ရခိုင်ပြည်နယ်သည်လည်း ပြည်နယ်တစ်ခုအဖြစ် ပါရှိခဲ့သည်။ ယင်း ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက် ဆန္ဒခံယူပွဲ စတင်ကျင်းပခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်ကို ရခိုင်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့ရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် နှစ်(၅၀) ပြည့်မြောက်ပြီဖြစ်၍ ရွှေရတုအထိမ်းအမှတ်နှစ်အဖြစ် သမိုင်းဝင်မော်ကွန်းတင်ပြီး အောင်လံစိုက်ထူ ကမ္ပည်းရေးထိုးနိုင်ခဲ့ပြီ ဖြစ်သည်။ ကွန်းဈာန်