နေပြည်တော်၊ ဇန်နဝါရီ ၂
သန်းခေါင်စာရင်း ကောက်ယူရာတွင် အကြမ်းဖက်ဖမ်းဆီးခံထားရသည့် ကော်မတီဝင်နှစ်ဦး လွတ်မြောက်လာစေရေး ကြိုးစားဆောင်ရွက်လျက်ရှိပြီး သက်စွန့်ဆံဖျား ကြိုးစားခဲ့သည့် စာရင်းစစ်၊ စာရင်းကောက်များကို ဂုဏ်ထူးဆောင်ဘွဲ့များရရှိရန် တင်ပြဆောင်ရွက်လျက်ရှိကြောင်း ဗဟိုသန်း ခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။
"၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းက နိုင်ငံတကာအကူအညီ မပါဘဲနဲ့ နိုင်ငံတွင်းမှာရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာငွေအရင်းအမြစ်များနဲ့ ခက်ခက်ခဲခဲ စိန်ခေါ်မှုတွေကြားမှာ အချင်းချင်း တက်ညီလက်ညီ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တာဖြစ်သလို နိုင်ငံတော်အတွက် သမိုင်းမှတ်တိုင်တစ်ခုအနေနဲ့ မှတ်ကျောက် တင်နိုင်မှာဖြစ်ကြောင်း တင်ပြလိုပါတယ်။ ဒီလုပ်ငန်းကြီးကို နှောင့်ယှက်ဖျက်ဆီးလိုတဲ့ အကြမ်းဖက်အဖွဲ့အစည်းများက စာရင်းစစ်စာရင်းကောက် သန်းခေါင်စာရင်း ကော်မတီဝင်တစ်ဦးကို သတ်ဖြတ်ခဲ့ကြပြီး ၂၁ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ၁၉ ဦးကိုတော့ ပြန်လည်လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီးတော့ လွတ်မြောက်ဖို့ နှစ်ဦးကျန်နေပါတယ်။ ဒီနှစ်ဦး လွတ်မြောက်ဖို့လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါတယ်။ သက်စွန့်ဆံဖျား သန်းခေါင်စာရင်း ကောက်ယူရင်း ကျဆုံးခဲ့ရတဲ့ သန်းခေါင်စာရင်း ကော်မတီဝင်တစ်ဦးကိုတော့ ရဲဘက်က ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခဲ့ပြီးတော့ သက်စွန့်ဆံဖျား ကြိုးစားဆောင်ရွက်ခဲ့တဲ့ စာရင်းစစ်၊ စာရင်းကောက်များကိုလည်း ဂုဏ်ထူးဆောင်ဘွဲ့များရရှိရေး တင်ပြဆောင်ရွက်လျက်ရှိပါတယ်"ဟု ၎င်းကပြောသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာမှာ အေးချမ်းစွာနှင့် အပြည့်အဝကောက် ယူနိုင်ခဲ့သည့် မြို့နယ်များရှိသကဲ့သို့ လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် ခက်ခဲစွာကောက်ယူခဲ့ရသည့် မြို့နယ်များလည်းရှိကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။
"၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာမှာ အေးချမ်းစွာနဲ့ အပြည့်အ၀ ကောက်ယူနိုင်ခဲ့တဲ့ မြို့နယ်များရှိသလို လုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအခြေ အနေများကြောင့် ခက်ခဲစွာကောက်ယူခဲ့ရတဲ့ မြို့နယ်များလည်း ရှိခဲ့ပါတယ်။ လုံးဝမကောက်ယူနိုင်တဲ့ မြို့နယ်များလည်း ရှိပါတယ်။ ဒါပေမဲ့ လုံးဝမကောက်ယူနိုင်တဲ့ မြို့နယ်များကတော့ တစ်နိုင်ငံလုံး အနေအထားမှာ ခြောက်ပုံတစ်ပုံခန့်သာရှိကြောင်း တင်ပြလိုပါတယ်"ဟု ၎င်းကပြောသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေစာရင်းအရ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ညသန်းခေါင်ယံအချိန် (သန်းခေါင်စာရင်း ရည်ညွှန်းချိန်) တွင် မြန်မာနိုင်ငံအတွင်း၌ရှိနေသော လူဦးရေ စုစုပေါင်းမှာ (၅၁၃၁၆၇၅၆) ဦးဖြစ်ကြောင်း သိရသည်။
ကောက်ယူရရှိသော လူဦးရေမှာ (၃၂၁၉၁၄၀၇) ဦးဖြစ်ပြီး စာရင်းကောက်ယူ နိုင်ခြင်းမရှိသည့် ဒေသများအတွက် Remote Sensin နည်းပညာဖြင့် ဆောင်ရွက်၍ ခန့်မှန်းတွက်ချက်ထားသော လူဦးရေစာရင်း မှာ (၁၉၁၂၅၃၄၉) ဦးဖြစ်ကြောင်းသိရသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရှေးပြေးလူဦးရေ စာရင်းထုတ်ပြန် ကြေညာခြင်း အခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်က နေပြည်တော်ရှိ MICC-2တွင် ပြုလုပ်ခဲ့သည်။ ကွန်းဈာန်