ရန်ကုန်၊ ဇန်နဝါရီ ၂၉
ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံအတွင်း ယာယီရေတားတမံ တည်ဆောက်ခြင်းနှင့် စက်ရုံရေထုတ် မြောင်းအတွင်းမှ ရေစုပ်ထုတ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးခဲ့ပြီဖြစ်၍ ဓာတ်အားအမြန်ဆုံး ပြန်လည်ထုတ်လုပ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။
စက်ရုံအတွင်းသို့ ရေဝင်ရောက်ခဲ့သည့်အရှိန်ကြောင့် စက်ရုံရေထွက်မြောင်း (Tailrace Channel) နှင့် ခရုပတ်ခွေ (Spiral Casing) များအတွင်း ရွှံ့ညွန်သဲနုန်းနှင့် ကျောက်တုံးများ ဝင်ရောက် ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သဖြင့် ရေထွက်မြောင်းရှေ့တွင် ယာယီရေတားတမံတည်ဆောက်ခြင်း၊ ရေထွက် မြောင်းအတွင်းမှ ရေများကို အင်ဂျင်တပ်ရေ စုပ်ပန့်များဖြင့် စုပ်ယူ၍ ရေစစ်ကန်သို့ပေးပို့ခြင်း၊ ရေစစ်ကန်မှ ယာယီရေ တားတမံအပြင်သို့ စွန့်ထုတ်ခြင်းဆောင်ရွက်ခဲ့ပြီး ရေထွက်ပေါက်အဝရှိ ရွှံ့ညွန်သဲနုန်းနှင့် ကျောက်တုံးများကို လူအင်အားဖြင့် ခက်ခက်ခဲခဲရှင်းလင်း တူးထုတ်ခဲ့ရကြောင်း သိရသည်။
အထက်ပေါင်းလောင်း ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ဓာတ်အားပေးစက် မဂ္ဂါဝပ် ၇၀ နှစ်လုံးဖြင့် စုစုပေါင်း မဂ္ဂါဝပ် ၁၄၀ကို ကေဗွီ ၂၃၀ အထက် ပေါင်းလောင်း - နန်ချို ဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အား ကွန်ရက်စနစ်အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၄ ကီလို ဝပ်နာရီသန်းခန့် ထုတ်လုပ်ပေးလျက်ရှိသည့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖြစ်သည်။
သို့သော် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်း၍ တမံအတွင်း ရေဝင်ရောက်မှုများပြားပြီး ရေပိုလွှဲအထက်မှ ပေ ၂၀ ကျော် ရေလျှံကျ၍ စက်ရုံ မြေအောက်ထပ်များအားလုံး ရေနစ်မြုပ်ခဲ့သည့်အတွက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှုများ ရပ်နားခဲ့ရပြီး ပြန်လည် ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယာယီရေတား တမံတည်ဆောက်ခြင်းနှင့် စက်ရုံရေထုတ်မြောင်း အတွင်းမှ ရေစုပ်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီး ဓာတ်အားအမြန်ဆုံး ပြန်လည်ထုတ်လုပ် ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေး အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နဒီ