ရန်ကုန်၊ ဇန်နဝါရီ ၂၉
အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scam)နှင့် လောင်းကစားမှု (Online Gambling)များအား တားဆီးနှိမ်နင်းရန် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် ဆောင်ရွက်ရန်လိုအပ်မှုနှင့် အဆိုပါ နိုင်ငံများအကြား Task Force တစ်ရပ်ဖွဲ့စည်း၍ Action Plan ရေးဆွဲပြီး ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။
နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော အွန်လိုင်း အသုံးပြုလိမ်လည်မှု (Online Scam)နှင့် လောင်းကစားမှု(Online Gambling)များအား တားဆီး နှိမ်နင်းရေးဆိုင်ရာ အစည်းအဝေးကို မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်တွင် ကျင်းပခဲ့ရာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံ ခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှု ကြီးကြပ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က Online Scams လုပ်ငန်းများသည် ငွေကြေးလိမ်လည်မှုအပြင် လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှု၊ အဓမ္မ လုပ်အားခိုင်းစေမှု၊ ငွေကြေး ခဝါချမှုတို့နှင့် ဆက်စပ် လုပ်ဆောင်လာမှု၊ အခက်အခဲများ ကြုံတွေ့နေရသော နိုင်ငံခြားသား များကို ကူညီရှာဖွေကယ်တင်၍ သက်ဆိုင်ရာ နိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးနေမှု၊ အိမ်နီးချင်းနိုင်ငံ အချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ ဝင်ရောက်လာမှု၊ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများ ဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု၊ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့အပေါ် အခြေခံ၍ အရေးယူ ဆောင်ရွက်ခြင်း မပြုမှုတို့ကို ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်းပြီး Online Scams နှင့် Online Gambling တိုက်ဖျက်ရေး ဆောင်ရွက်နေမှု၊ မူရင်းနိုင်ငံ၊ ဖြတ်သန်းနိုင်ငံ၊ ဆိုက်ရောက် နိုင်ငံတို့အကြား Shared Responsibility ဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု၊ လိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် အဓိကအခြေခံအဆောက်အအုံ၊ လျှပ်စစ်ဓာတ်အား၊ အခြေခံစားသုံးကုန်များနှင့် အင်တာနက် ဆက်သွယ်မှုတို့ကို အိမ်နီးချင်း နိုင်ငံမှတစ်ဆင့်ရယူသုံးစွဲနေမှု၊ အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပြည် ပနိုင်ငံသားများက လုပ်ဆောင်နေမှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့အကြား ပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာန(Police Cooperation Cente) ထူထောင်၍ ပူးပေါင်းဆောင် ရွက်နေမှုတို့ကို ပြောကြားခဲ့သည်။ ထူးမြတ်