AA အကြမ်းဖက်က လက်ရှိ တရားဝင်အစိုးရကို အပေါ်ကြေးနှင့် ညှိနှိုင်းသည်ဟု ထင်ရသော်လည်း အတွင်း၌ အခွံကြီးဖြစ်နေ

နေပြည်တော်၊ ဇန်နဝါရီ ၂
    စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန်အမြဲတမ်း အဆင်သင့်ရှိကြောင်း AA ၏ ထုတ်ပြန်ချက်မှာ အပေါ်ကြေးနှင့် ညှိနှိုင်းသည်ဟု ထင်ရသော်လည်း အတွင်း၌ အခွံကြီးဖြစ်နေကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများနှင့် နိုင်ငံရေးအင်အားစုများ၏ သုံးသပ်နေကြသည်။
    ရခိုင်ဒေသအတွက် AA အဖွဲ့တွင် စီးပွားရေးအရ အခက်အခဲများစွာရှိခြင်းကြောင့် နိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်းကို ရွေးချယ်လာခြင်းဖြစ် ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးရန်လင်းကျော်က ပြောသည်။ 
    "သူက ဒီဘက်ကို ပြောသလိုလိုနဲ့နိုင်ငံတကာကိုပါ သူက တစ်ခါတည်း ပင့်လိုက်တာ။ ခက်တာက သူ့အနေအထားကြီးက ဒီဘက်ကရော လက်ခံနိုင်မယ့် အနေအထားကြီးလား။ သဘောထား အစစ်အမှန်နဲ့ လုပ်တာသည် ကောင်းတယ်။ နိုင်ငံရေးအရ အမြတ်ထုတ်ချင်လို့ လုပ်တာဆိုရင် တော့ ရည်ရွယ်ချက်မကောင်းဘူး။ ဘုံရည်မှန်းချက်က ပြည်သူ့အတွက် စိတ်လေးနှစ်ပြီး လုပ်လိုက်ရင် တော့ အောင်မြင်သွားမယ်ထင်တာပဲ။ ရခိုင်ဒေသက စီးပွားရေးအရဆိုရင် ပယ်လယ်ထွက်ပေါက်ရှိတဲ့ ဒေသကြီးတွေဖြစ်တော့ သူ့ဘက်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ကုန်စည်စီးဆင်းမှု ရှိနေတယ်။ လမ်းကြောင်း သာပွင့်မယ်ဆိုရင် နယ်စပ်ကုန်သွယ်ရေးက အတိုင်းအတာ တစ်ခုအထိ ပြန်ထွက်လာမယ်။ ကျွန်တော်တို့ဘက်ကို ဝင်နိုင်တဲ့ဟာတွေရော၊ ဟိုဘက်အခြမ်းကို ပို့နိုင်တဲ့ဟာတွေရော ဘာပဲပြောပြော လမ်းတစ်လမ်းတော့ ပွင့်သွားမယ်ထင်တယ်။ မြောက်ပိုင်းကလည်း ပွင့်မယ်ဆိုရင်တော့ အနေအ ထားတစ်ခုတော့ ကောင်းသွားမှာပါ။ AA အနေနဲ့က စီးပွားရေးအရ စီမံကိန်းတွေကို တရုတ်က ကိုယ်ပိုင်လုံခြုံရေးနဲ့ဆိုတာကို သူနည်းနည်း စဉ်းစားမယ်။ AA က ဆွေးနွေးမှုကို လုပ်မယ်ဆိုတာက တရုတ်ရဲ့သဘောကို လိုက်ပေးတယ်ဆိုတာလည်း သက်ရောက်သွားတယ်။ ဒါပေမဲ့ လက်ရှိအခြေ အနေအရ သူ့ဘက်ကတော့ ပြောအားရှိမှာပေါ့။ AA က အောက်ကြေးနဲ့မညှိဘူး၊ အပေါ်စီးက ကိုင်ချင်တဲ့ အနေအထား။ ဒါပေမဲ့ အောက်ကြေးတွေ၊ အပေါ်ကြေးတွေ ညှိတယ်ဆိုတာက AA အနေနဲ့ သတ်မှတ်လို့မရဘူး။ ဒီဘက်ကလည်း ဘယ်အတိုင်းအတာအထိ ဘယ်လိုဆိုတာ လာမှာကိုး။ အဲဒါ တွေက ရှိသေးတယ်။ နယ်မြေက ရတယ်ထားဦး၊ AA အနေနဲ့ ဘာနဲ့ဆက်ပြီး လည်ပတ်မှာလဲ။ နိုင်ငံတကာ ကုန်သွယ်ရေးမရှိဘူး။ တခြားစီးပွားရေး မရှိဘူး။ ဘယ်လိုနည်းနဲ့ လုပ်မှာလဲ"ဟု ၎င်းက ပြောသည်။ 
    လက်ရှိအခြေအနေတွင် ရခိုင်ဒေသသည် စီးပွားရေးအရအခွံကြီးဖြစ်နေပြီး နယ်နိမိတ်ချင်း ထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နှင့်လည်း အဆင်ပြေမှုမရှိကြောင်း ဦးရန်လင်းကျော်က သုံးသပ်ပြော ကြားသည်။
    "အမြင်မှာတော့ AA က အသာစီးလို့ထင်ရတယ်။ ဒါပေမဲ့ အသားစီးနဲ့ ခေါ်သယောင်ယောင်နဲ့ သူ့ဘက်မှာ နာစရာတွေ များလာမယ်။ ငွေကြေးလည်ပတ်စီးဆင်းမှုကို သူဘာနဲ့ဆက်လုပ်မလဲ၊ ဘယ်ငွေကြေးကို သူတို့သုံးမလဲ၊ ဘာစီးပွားရေး စလုပ်မှာလဲ။ ဝန်ထမ်းဖွဲ့စည်းပုံကို ဘာနဲ့ဘယ်လိုလုပ်မ လဲ။ နောက်ဆုံး စားနပ်ရိက္ခာ ဘာနဲ့လုပ်မှာလဲ။ အမှန်အတိုင်းပြောရင် လွယ်မယောင်နဲ့ ခက်တယ်။ အဲဒါကို သူဘယ်လိုလုပ်မလဲ။ ထိန်းချုပ်ဖို့ရယ်၊ ရေရှည်ဆက်ပြီးတော့ ဒါကြီးကို တောင့်ခံနိုင်ဖို့ရယ် သူ့မှာ လိုအပ်နေပြီ။ ရှမ်းမြောက်နဲ့ မတူဘူးဆိုတာက ရှမ်းမြောက်မှာက ဟိုကောင်တွေက တရုတ်ပိုက်ဆံကိုသုံးလို့ရတယ်။ ရှမ်းမြောက်က ဟိုဘက်အခြမ်းမှာရှိတဲ့သူတွေနဲ့ သူတို့နဲ့ ပနံသင့်တယ်။ ဒီဘက်အခြမ်းမှာ သူ့ပတ်ဝန်းကျင် နိုင်ငံက သူနဲ့ နယ်မြေချင်းထိစပ်နေတဲ့နယ်စပ်က ဘင်္ဂလားဒေ့ရှ်နဲ့ သူကနဲ့ အစေးမကပ်ဘူးလေ။ အိန္ဒိယနဲ့ကလည်း ဘယ်လိုမှ အဆင်မပြေဘူး။ အဲဒါ မဖြစ်မနေ AA အနေနဲ့က ညှိကိုညှိရမယ်။ ဒါကို ဒီဘက်က လိမ္မာပါးနပ်စွာနဲ့ ကိုင်တွယ်နိုင်ရင် Win Win ပေါ့ဗျာ။ AA အနေနဲ့က ဒီအတိုင်းကြည့်ရင်သာ အပေါ်စီးက အထဲမှာ အခွံကြီးဖြစ်နေတာ"ဟု ၎င်းကဆိုသည်။ 
    AA အနေဖြင့် ရခိုင်ဒေသကို ပြည်ပရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်သော်လည်း Government to Government အာမခံချက်ဖြင့်သာ လုပ်ကိုင်ဆောင်ရွက်၍ရသည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် မလွယ်ကူကြောင်း ပြည်သူ့ပါတီရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှဌေးက ထောက်ပြပြောဆိုသည်။
    "လတ်တလောမှာကတော့ ရခိုင်ဒေသကို ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာနိုင်ဖို့ဆိုတာ မလွယ်သေးဘူး။ နိုင်ငံတကာအခြေအနေနဲ့ အထူးသဖြင့် ပြည်ပနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေက ဒီမှာလာပြီး ရင်းနှီးမြှုပ်နှံရမယ်ဆိုရင် အာမခံချက်ဘာရှိမှာလဲ။ သူတို့ ဘယ်လောက် အတိုင်းအတာအထိ လုံခြုံစိတ်ချရမှာလဲ။ သူတို့ကို အာမခံချက်ပေးမယ့် သူကရော ဘယ်သူလဲ။ အာမခံချက်ပေးမယ့် သူကရော သူတို့ကိုယ်တိုင် အာမခံချက် ရှိသလားဆိုတာတွေကိုပါ သုံးသပ်ပြီးတော့မှ ရင်းနှီးမြှုပ်နှံမှုဆိုတာ လာရမှာ။ ဟိုတလောက ဘင်္ဂလားဒေ့ရှ်က ပြောသွားတယ်။ AA နဲ့ပတ်သက်လို့ သူတို့က ဒါကို တရားဝင် မဖြစ်တဲ့အတွက်ကြောင့် AA နဲ့ အလုပ်လုပ်လို့ မရဘူးဆိုတဲ့ အချက်အလက်တွေ ထုတ်ဖော်သွား တယ်ဆိုတာမျိုး ကျွန်တော်တို့ တွေ့ထားတယ်။ ဒါက ပကတိအခြေအနေပါ။ အဲဒီတော့ ရခိုင်ဒေသမှာ ရင်းနှီးမြှုပ်နှံမှုတွေ တကယ်ဝင်ရောက်လာအောင်လို့ တကယ်ကို ခိုင်မာတဲ့ တရားဥပဒေစိုးမိုးရေး တည်ငြိမ်အေးချမ်းရေးတွေကို ဘယ်သူကတာဝန်ယူမှာလဲ။ ဘယ်သူက လုပ်မှာလဲ။ တကယ်ကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လုပ်တယ်ဆိုတာက များသောအားဖြင့် G to G အာမခံချက်နဲ့ပဲ လုပ်ရတာ။ ရခိုင်ဒေသရော တကယ်တည် ငြိမ်အေးချမ်းတဲ့ အုပ်ချုပ်သူက ဘယ်သူဖြစ်မှာလဲ။ ဘယ်လောက် သူက အာမခံချက်ရှိမှာလဲ။ နိုင်ငံတကာနဲ့ သူက ဘယ်လောက်အထိ ချိတ်ဆက်နိုင်မှာလဲဆိုတဲ့ အချက်တွေကတော့ အဓိကကျတဲ့အချက်တွေ ဖြစ်လိမ့်မယ်။ ပြန်လေ့လာကြည့်ရင် AA ကိစ္စတင်မဟုတ်ပါဘူး အခြားနေရာဒေသတွေမှာလည်း စာဝတ်နေရေး ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်တွေကို အဲဒီဒေသကလူတွေ လက်ရှိခံစားနေရပြီ၊ ကြုံနေရပြီလေ။ အဲဒီအခက်အခဲတွေကိုလည်း ကျော်ဖြတ်နိုင်ဖို့ လိုအပ်တယ်။ နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ စစ်ရေးအရပဲဖြစ်ဖြစ် နောက်ဆုံးဆိုတာက တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ လမ်းကြောင်းပေါ်ကို မတက်ဘဲနဲ့တည် ငြိမ်မှုဆိုတာ ဖြစ်မလာဘူး။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကို နှစ်ဦးနှစ်ဖက် တက်ပြီးတော့ ဆွေးနွေးနိုင်မှ၊ ရလဒ်ကိုယူ နိုင်မှသာလျှင် တည်ငြိမ်အေးချမ်းမှုကိုရမှာ။ တွေ့ဆုံဆွေးနွေးရေး မလုပ်ဘဲနဲ့ တစ်ဖက်တည်း သွားနေရင်တော့ တည်ငြိမ်မှုမရှိဘဲနဲ့ အခြေအနေဆိုးတွေပဲ ဖြစ်လိမ့်မယ်"ဟု ၎င်းကပြောသည်။ 
    နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး မည်ဆိုခြင်းက ကောင်းမွန်သည့် လက္ခဏာဖြစ်ပြီး စစ်ရေးဘောင်ချဲ့ထွင်နေမည်ဆိုပါက ပြည်သူလူထုအတွက် အလားအလာမကောင်းနိုင်ကြောင်း ဦးလှဌေးက ထပ်မံပြောဆိုသည်။ 
    "နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ အချက်ကတော့ ကောင်းတဲ့လက္ခဏာတစ်ခုပါ။ သွေးထွက်သံယိုနည်းမယ်၊ ပြည်သူလူထု ထိခိုက်နစ်နာမှု နည်းမယ်။ သို့သော် တစ်ဖက်မှာ ဘာဖြစ်လဲဆိုတော့ AA က နယ်မြေတွေကို စစ်ရေးချဲ့ထွင်လာတဲ့ အခါကျတော့ သူရဲ့တွေ့ဆုံဆွေးနွေးတဲ့ အခါမှာ မာမာချာချာ ကိုင်တွယ်ပြီးတော့ ဆွေးနွေးနိုင်တဲ့ အခြေအနေတစ်ခုကို သူတို့ ကြိုတင်ဖန်တီးလိုက်တာပဲ။ စစ်ရေးအရဆိုရင်တော့ လက်နက်ကိုင်တိုက်ကြတဲ့ အင်းအားစုတွေက ဒီသဘောတရားမျိုးကို လုပ်ပြီးမှပဲ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ လမ်းကြောင်းကို တက်လာတာ မြင်ရတယ်။ AA တင်မဟုတ်ပါဘူး။ MNDAA တို့၊ TNLA တို့ကလည်း ဒီပုံစံအတိုင်းပဲ ဖန်တီးတာပဲ။ သို့သော်လည်းပဲ ဒါတွေကို တွတ်ပြီးတော့ တစ်ဖက်နဲ့တစ်ဖက် အပြစ်ဆိုတာမျိုးပြောနေမယ်။ သူနိုင်ကိုယ်နိုင် တိုက်နေမယ်ဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည်အတွက် ဘာမှအလားအလာ မကောင်းဘူး။ ပြည်သူလူထုအတွက်လည်း အလားအလာ မကောင်းတဲ့အနေအထား တစ်ခုကိုပဲ သွားဖို့ရှိတယ်။ တိုက်ပွဲတွေ၊ စစ်ပွဲတွေ ဆက်သွားမယ်ဆိုရင် ဒါက မကောင်းဘူး။ လတ်တလောအခြေအနေမှာက နစကအစိုးရဘက်ကလည်း ပြောထား တယ်။ တွေ့ဆုံဆွေးနွေးရေးကို လုပ်မယ်ဆိုရင် တကယ်တွေ့ဆုံဆွေးနွေးချင်တဲ့ အခြေအနေမျိုးကို ဖန်းတီးပြီးမှသာ တွေ့ဆုံဆွေးနွေးချင်တယ်ဆိုတာမျိုးကို ပြောထားတဲ့ အဓိပ္ပာယ်မျိုး ရှိနေတယ်။ လတ်တလောမှာ တိုက်နေတာတွေ ခဏရပ်လိုက်ပြီးတော့ နှစ်ဦးနှစ်ဖက်လုံး သဘောကြီးကြီးနဲ့ စိတ်ခံစားချက်တွေကို လျှော့ပြီးတော့ တွေ့ဆုံဆွေးနွေးရေးစား ပွဲဝိုင်းလေးပေါ် တက်ကြည့်လိုက်ပါ။ တက်ကြည့်ပြီးတော့မှ သူ့ဘက်ကိုယ့်ဘက်ဘယ်လို ဆွေးနွေးနိုင်မလဲ၊ ဘယ်လိုပေးနိုင်မလဲ။ ဘယ်လို ယူနိုင်မလဲ။ အပြန်အလှန်ဆွေးနွေးမှုတွေ လုပ်ဖို့လိုတယ်။ နှစ်ဦးနှစ်ဖက်က မျက်နှာချင်းဆိုင် စကားမပြောဘဲနဲ့ ဆွေးနွေးမှုတွေ မလုပ်သေးဘူးဆိုရင် သူဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ၊ ကိုယ်ဘာ လိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲကို ရလဒ်တစ်ခုက ထွက်မလာသေးဘူး။
    တွေ့ဆုံ ဆွေးနွေးလိုက်မယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် လိုအပ်ချက်တွေ၊ တောင်းဆိုချက်တွေကတော့ နှစ်ဦးနှစ်ဖက် ထွက်လာမှာပဲ။ ထွက်လာတဲ့အပေါ်မှာ တ ကယ့်တရားဝင် လုပ်ထုံးလုပ်နည်း နိုင်ငံတကာ စည်းမျဉ်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လုပ်နိုင်ပေးနိုင်တာတွေ၊ ဆောင်ရွက်ပေးနိုင်တာတွေ အဲဒါလေးတွေကို အသေးစိတ်ဆွေးနွေးပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာကို သွားနိုင်တဲ့အနေအထား မျိုးရောက်အောင် နှစ်ဦးနှစ်ဖက် အကျေအလည် ဆွေးနွေးသွားရင်တော့ ကောင်းမွန်တဲ့ ရလဒ်တစ်ခုကတော့ ရလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်"ဟု ၎င်းကဆိုသည်။ 
    AA အဖွဲ့အနေဖြင့် ရခိုင်ဒေသတွင် စစ်ရေးနယ်ပယ်ချဲ့ထွင်ခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် ရခိုင်ဒေသအတွက် အကျိုးစီးပွား ဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော မည်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းများ၊ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသော သူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို ကာကွယ်စောင့်ရှောက်မည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသားထားသည်။ 
    အလားတူ လက်ရှိ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်းအသင့်ရှိကြောင်း ထုတ်ပြန်ထားသည်။ ကွန်းဈာန်

Total Views ~ 120

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43061

© 2022 - 2025 News. All Rights Reserved.