နိုင်ငံရေးပါတီ အမှတ်တံဆိပ်၊ အလံအပြောင်းအလဲ ရှိ၊ မရှိ  နောက်ဆုံး အတည်ပြုချက် ရယူနေသော်လည်း ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြား ချက် မထွက်လာသေး

နေပြည်တော်၊ ဧပြီ ၃၀
    နိုင်ငံရေးပါတီ တံဆိပ်၊ အလံများ UEC က နောက်ဆုံးအတည်ပြုချက်ရယူနေပြီဖြစ်သော်လည်း ရွေးကောက်ပွဲအတွက် တစ်စုံတစ်ရာ ညွှန်ကြားချက် မရှိသေးကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။ 
    ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည်ဟု ပြောကြားထားသော်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ ညွှန်ကြားချက်များ မရှိသေးကြောင်း ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှဌေးက ပြောသည်။ 
    ‘‘ကျွန်တော်တို့ဆီကို UEC က တိုက်ရိုက်ဖုန်းဆက်တယ်။ ပါတီ LOGO တံဆိပ်တွေ၊ ဘာတွေ အပြောင်းအလဲရှိမလား။ အဲဒီအတိုင်းပဲ အတည်ဖြစ်သလား။ ပြင်ဦးမလားဆိုတာ ဆက်သွယ်လာပါတယ်။ ကျွန်တော်တို့ပါတီကတော့ ဘာမှ အပြောင်းအလဲ မရှိပါဘူး။ နဂိုတင်ထားတဲ့အတိုင်းပဲ ဖြစ်ပါတယ်လို့ အကြောင်းပြန်လိုက်ပါတယ်။ အဓိက,ကတော့ သူတို့လုပ်ငန်းစဉ်တွေ ဆက်လုပ်ရတော့မှာ ဖြစ်တဲ့အတွက်ကြောင့် လုပ်ငန်းစဉ်တွေ ဆက်လုပ်ဖို့ LOGO တွေ အတည်ပြုတာပါလို့ ပြောပါတယ်။ နည်းဥပဒေကလည်း အမှန်တော့ ထွက်သင့်ပြီ။ နစကဥက္ကဋ္ဌကြီး က ဒီဇင်ဘာတတိယပတ်၊ စတုတ္ထပတ်ဆိုတဲ့ အသံမျိုးပေးထားပြီပဲ။ UEC အနေနဲ့ ပါတီတွေကို တိတိကျကျ ညွှန်ကြားထားတာ ဘာမှမရှိသေးဘူး ဖြစ်နေတယ်။ တိကျတဲ့ ညွှန်ကြားချက် မရှိသေးတဲ့အတွက် ပါတီတွေက စမ်းတဝါးဝါး လုပ်နေရတာ။ နောက်တစ်ခု UEC ကို လေ့လာတဲ့အခါမှာ UEC ကိုယ်တိုင်ကလည်း နစကကို ဥပဒေ၊ နည်းဥပဒေ ရွေးကောက်ပွဲစတဲ့အပိုင်းတွေ သူတို့ တင်ထားတာရှိတယ်။ တင်ထားတာက ဒီဇိုင်း လေးမျိုးလောက်အထိ တင်ထားတယ်လို့ သိရတယ်။ သို့သော်လည်း နစကဘက်ကနေ ချမပေးသေးတဲ့အခါကျတော့ UEC က လည်း ကျွန်တော်တို့ကို ဘာမှ မညွှန်ကြားနိုင်ဘူး။ နောက်တစ်ခါ မြို့နယ်တွေမှာ ဒီအချိန်အထိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ကို သူတို့မခန့်နိုင်သေးဘူး။ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်က အစိုးရဝန်ထမ်းဦးစီးတွေနဲ့ပဲ အတွင်းရေးမှူးဆိုပြီး လုပ်နေရတာ ရှိတယ်။ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေကို အခုထိ မခန့်နိုင်သေးတဲ့အချိန် ဖြစ်နေတယ်။ အဲဒီလိုအနေအထားအောက်မှာပဲ လောလောဆယ် ဖြစ်နေသေးတယ်}}ဟု ၎င်းင်းကပြောသည်။
    ‘‘လတ်တလော အခြေအနေအရ နိုင်ငံရေးပါတီများအနေဖြင့် လူထုကို စည်းရုံးရေးကိစ္စရပ်များ တွင်တွင်ကျယ်ကျယ် မပြုလုပ်နိုင်သေးကြောင်း ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ နမ့်ခင်အေးဦးက ပြောသည်။ 
    ‘‘UEC ဘက်က နောက်ဆုံးအတည်ပြုချက် ယူတာထင်တယ်။ ပုံတွေ ပြောင်းတာ၊ အလံတွေ၊ တံဆိပ်တွေ ပြောင်းတာရှိရင် ပြောပါတဲ့။ တံဆိပ်တို့၊ အလံတို့က မဲပေးတဲ့နေရာမှာ ထည့်ရမှာကိုး။ သူတို့ဘက်ကတော့ ပြင်ထားပါပြောတယ်။ ဒီလကုန် နည်းဥပဒေ ထွက်လိမ့်မယ်။ ထွက်ရင်တော့ လှုပ်ရှားရမယ်။ လတ်တလော ပါတီတွေငြိမ်ချက်သား ကောင်းတယ်ဆိုတာက ကျွန်မတို့ နည်းနည်းပါးပါး လှုပ်ရှားနေပါတယ်။ အ ရမ်းကြီးတော့ မလုပ်ရဲသေးဘူး။ ဧရာဝတီတိုင်းမှာကလည်း ဟိုနားပဲ ရောက်လာသလိုလို၊ ဒီနားပဲ ရောက်လာသလိုလိုဆိုတော့ လူတွေကတော့ နည်းနည်းစိုးရိမ်တယ်။ စည်းရုံးရေးကိစ္စကို ကျွန်မထင်တာကတော့ ပါတီတွေက စောင့်ကြည့်နေတာ။  တွင်တွင်ကျယ် ကျယ်ကြီး လုပ်တာမရှိပေမယ့် အစည်းအ ဝေးတွေ လုပ်တာတို့၊ ဘာတို့ရှိတယ်။ အဓိက ပါတီတွေကတော့ ရွေးကောက်ပွဲ လုပ်တာမ လုပ်တာထက် ကိုယ့်ဒေသ အခက်အခဲတွေကို အထက်ကိုတင်ပြ လုပ်ပေးနိုင်တာလုပ်ပေး အဲဒါတော့ လုပ်တယ်။ ဧရာဝတီတိုင်းမှာ ကျန်တဲ့ပါတီတွေလည်း သိပ်မလှုပ်ရှားကြ ဘူး။ သူတို့ကတော့ ရွေးကောက်ပွဲ လုပ်မယ်ပဲ ပြောနေတာပဲ။ အနားနီးရင်တော့ နည်းနည်း ကစဉ့်ကလျား ဖြစ်မယ်ထင်တယ်။ ပါတီတွေက လှုပ်ရှားမှုမလုပ်နိုင်ဘူး။ ပန်းဖလက်တွေတော့ ရိုက်ထား။ မိတ်ဆွေတွေက တစ်ဆင့်ပို့ပေါ့။ လူကြီးတွေကတော့ စိတ်ပူ တာပါ။ ပါတီတွေ အားရစရာမကောင်းဘူး ဆိုတာ ကာလနဲ့လည်းဆိုင်မယ်။ အရင်တုန်း ကတော့ ဒီအချိန်ဆို လှုပ်ရှားနေကြပြီ။ လူ တွေကို ခြောက်လှန့်နေတဲ့ မီဒီယာတွေက လည်းရှိတယ်။ ဧရာဝတီတိုင်းကို AA တွေ ဝင်နေပြီဆိုတာမျိုးရေးကြတယ်။ ကျွန်မတို့တင်မကဘူး တခြားပါတီတွေလည်း အခြေအနေကိုကြည့်ပြီး ကနေရတယ်။ သိပ်ပြီးရှေ့ မထွက်ကြဘူးဟု ၎င်းင်းပြောသည်။ 
    နိုင်ငံရေးပါတီကြီးများကိုယ်တိုင်ပင်လျှင် UEC နှင့်ချိတ်ဆက်ဆောင်ရွက်ရမည့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို စမ်းတဝါးဝါး ဖြစ်နေကြောင်း၊ မရှိသေးကြောင်း ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဋ္ဌေးကပြောသည်။
    ‘‘ကျွန်တော်တို့ ပါတီကြီးတွေကတော့ လုပ်နိုင်သလောက်လုပ်နေကြတယ်။ သို့သော် ကျွန်တော်တို့ပါတီကြီးတွေ ကိုယ်တိုင်က ဘာလုပ်ရမှာလဲ၊ ဘယ်လိုပုံစံ သွားရမှာလဲ၊ ဘယ်လမ်းကို လျှောက်ရမှာလဲဆိုတာ ကျွန်တော်တို့ ဘာမှ တိတိကျကျ သိရတာ မရှိဘူး။ ပါတီအလုပ်ကတော့ ပါတီလုပ်နေတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အလုပ်ကို UEC နဲ့ ဆက်သွယ်လုပ်ရမယ့် အလုပ်တွေက စမ်းတဝါးဝါး ဖြစ်နေတယ်။ ရန်ကုန် တိုင်းလို ဧရိယာမျိုးမှာကတော့ လုပ်ခွင့်ရှိ မယ်ဆိုရင် လုပ်လို့ရတဲ့ အချက်အလက် တချို့ကို မြင်တယ်။ ဒါတွေကလည်း ကျွန်တော်တို့ပါတီတွေကို ကြိုပြီးတော့ ပြင်ဆင်ဖို့ အချိန်ပေးဖို့ လိုတယ်။ အခုဒီဇင်ဘာဆိုတာက ကျွန်တော်တို့မှာ တော်တော်ကြပ်တယ်။ ကြပ်ရတဲ့ အကြောင်းအရင်းကလည်း ဘာညွှန်ကြားချက်မှ မရတဲ့အတွက်ကြောင့် ကြပ်နေတာဟု ၎င်းင်းကပြောသည်။ 
    နိုင်ငံရေးပါတီများ ပါတီတံဆိပ်၊ အလံအစရှိသည့်ကိစ္စများ အပြောင်းအလဲ ရှိမရှိကို UEC အနေဖြင့် မေ ၉ ရက် နောက်ဆုံးထားတင်ပြခိုင်းထားပြီး ရွေးကောက်ပွဲ နည်းဥပဒေသည်လည်း ဧပြီလကုန်တွင် ထွက်ရှိတော့မည်ဖြစ်ကြောင်း သိရသည်။ 
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လာမည့် ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။   ကွန်းဈာန်

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43063

© 2022 - 2025 News. All Rights Reserved.