နိုင်ငံရေးပါတီများ အစုအဖွဲ့ကို တိုင်းရင်းသားပါတီများ ဦးစားပေး၍ ဖြည့်တင်းပြီး ထပ်တိုးဖွဲ့စည်းမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၉
    နိုင်ငံရေးပါတီများ အစုအဖွဲ့ကို တိုင်းရင်းသားပါတီများဦးစားပေး၍ ထပ်မံတိုးချဲ့ ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း သိရသည်။
    လက်ရှိတွင် နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ၁၆ ပါတီဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ထပ်မံတိုးချဲ့ဖွဲ့စည်းရာတွင်  နိုင်ငံရေးပါတီ ၂၅ ပါတီဖြင့် အများဆုံးပါဝင်ဖွဲ့စည်းရန် ပြင်ဆင်နေကြောင်း နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အဖွဲ့ဝင်၊ ဖက်ဒရယ် ဒီမိုကရက်တစ် ပါတီဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက ပြောသည်။
    "ပါတီတွေ ထပ်တိုးဖွဲ့ဖို့ရှိတယ်။ ဒီတစ်ခါကျရင်တော့ ရွေးချယ်ပွဲမလုပ်တော့ဘူး။ ဒီအတိုင်းပဲ ရွေးထည့်သွားမှာ။ ပါတီခုနစ်ခု၊ ရှစ်ခုဖြစ်မလား၊ ကိုးခုလောက်ဖြစ်မလား မသိရသေးဘူး။ တိုက်ပွဲဖြစ်နေတဲ့ဒေသက ပါတီတွေ ပါမှာပေါ့။ အဓိကကတော့ တိုင်းရင်းသားပါတီတွေကို ဦးစားပေး ထပ်တိုးဖွဲ့ သွားမှာပါ"ဟု ဦးရန်နိုင်ဝင်းက ဆက်ပြောသည်။
    နိုင်ငံရေးပါတီများ အစုအဖွဲ့ကို  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တွင် ပါတီမှတ်ပုံတင်ခွင့် ကျထားသည့် ပါတီ ၄၇ ပါတီမှ ကိုယ်စားလှယ်များဖြင့် ပြီးခဲ့သည့် ၂၀၂၄ခုနှစ် မေလအတွင်းက ရွေးချယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါ နိုင်ငံရေးပါတီများအစုအဖွဲ့တွင် ပြည်သူ့ပါတီ(PP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းနှင့်တိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ စသည့် ပါတီလေးခု၏ ဥက္ကဋ္ဌများက အလှည့်ကျခေါင်းဆောင်များအဖြစ် တာဝန်ယူထားသည်။
    UEC မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီများ စာရင်းများအရ ဇန်နဝါရီ ၂၇ ရက်အထိ ၅၅ ပါတီ မှတ်ပုံတင်ခွင့်ပြုပေးခဲ့ပြီး ယင်းပါတီများအနက်မှ  နိုင်ငံရေးပါတီနှစ်ပါတီကို မှတ်ပုံတင်ခွင့် ပယ်ဖျက်ခဲ့သဖြင့် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၅၃ ပါတီရှိနေကြောင်း သိရသည်။ ညီသစ်

Total Views ~ 120

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43055

© 2022 - 2025 News. All Rights Reserved.