ရန်ကုန်၊ ဇန်နဝါရီ ၂
ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့တွင် ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP-ကျားဖြူပါတီ)၏ မြို့နယ်ပါတီရုံးခန်း ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ယင်းပါတီမှ သိရသည်။
ပြည်မြို့နယ် ကျားဖြူပါတီရုံးခန်းသစ်ဖွင့်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ပြည်မြို့၌ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ပြီး အဆိုပါ ရုံးဖွင့်ပွဲအခမ်းအနားသို့ ကျားဖြူပါတီ ဗဟိုအလုပ်အမှုဆောင်တွဲ ဖက်အတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးစိုင်းအောင်မြင့်ခိုင်နှင့် ဦးစိုင်းထွန်းလင်း၊ ပဲခူးတိုင်း ဥက္ကဋ္ဌ ဦးစိုးညွန့်နှင့်တိုင်း အလုပ်အမှုဆောင်များ၊ မြို့နယ်အသီးသီးမှ ပါတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသည့် မိတ်ဖက်ပါတီအသီးသီးမှ ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း ယင်းပါတီမှ သတင်းထုတ်ပြန်ခဲ့သည်။ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)သည် ပြည်ထောင်စုတစ်ဝန်းစည်းရုံးမည့် ပါတီအဖြစ် UEC ၏ ကြေညာချက်အမှတ် (၃၃/ ၂၀၂၃) ခေါ်ဖြင့် ၂၀၂၃ ခုနှစ် ဇွန် ၂၃ ရက်မှစတင်ကာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ရရှိထားသော ပါတီဖြစ်သည်။
ကျားဖြူပါတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် အလုံမြိုနယ်၊ တိုက်ကြီးမြို့နယ်၊ အင်းစိန်မြို့နယ်၊ သန်လျင်မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တို့တွင် ပါတီရုံးခန်းဖွင့်လှစ်ထားသည်။ ညီသစ်