ရခိုင်လူမျိုးတွေအတွက် တိုက်နေတယ်လို့ ပြောတယ်။ အခု ရခိုင်အကုန်လုံး စုတ်ပြတ်သတ်နေပြီ၊ ရခိုင်ပြည်သူတွေ ပြေး‌နေရပြီ၊ ဘယ်သူ့မှာ တာဝန်ရှိလဲ . . . . ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းအား ဆက်သွယ်မေးမြန်းခြင်း

၂၀၂၅ ဇန်နဝါရီ ၃

    ၂၀၂၅ နိုင်ငံရေးအခင်းအကျင်း အလားအလာ၊  နိုင်ငံရေးနည်းလမ်းနှင့် တွေ့ဆုံဆွေး‌နွေး အဖြေရှာရေးအပါအဝင် လက်ရှိနိုင်ငံ‌၏အခြေအနေ အရပ်ရပ်တို့နှင့်ပတ်သက်၍ ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ (၁) ဦးရန်နိုင်ဝင်းအား ဆက်သွယ်မေးမြန်းထားပါသည်။

 

TREND    ။    ။ ၂၀၂၅ နိုင်ငံရေးအခင်းအကျင်း အလားအလာ ဘယ်လိုဖြစ်လာနိုင်လဲ။
UYNW    ။    ။
ရွေးကောက်ပွဲ ငါးနှစ်တစ်ကြိမ် လုပ်ရမယ်ဆိုတာက ၂၀၂၅ မှာ ငါးနှစ်ပြည့်ပြီလို့ ပြောရမှာပေါ့။ အစိုးရကလည်း ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ပြောထားပါတယ်။ ပြောထားတော့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ပြီဆိုရင် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပထမဆုံး ပြန် ရောက်ပြီဆိုတာကို ကျွန်တော်တို့ ပြောလို့ရပြီ။ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ပြီဆိုတဲ့နေရာမှာ လက်ရှိမှာတော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ပြင်းထန်နေတော့ ဒီနှစ်ခု အားပြိုင်နေတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် သွားမှာလား၊ တိုက်ပွဲတွေက ဆက်ဖြစ်နေမှာလားဆိုတာက ၂၀၂၅ အင်မတန် အားပြိုင်မှုတစ်ခုအဖြစ် ရှိလာမယ်။ ကျွန်တော်တို့ ဖြစ်‌စေချင်တာကတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားစေချင်တာပေါ့။ အေးအေးချမ်းချမ်း သွားစေချင်တာပေါ့။ ဒါမှလည်း ရှေ့ဆက်ပြီး တိုင်းပြည်တည်တည်ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ လုပ်ဆောင်လို့ ရသွားမယ်။ သို့သော် တိုက်ပွဲတွေဆက်ပြီး ပြင်းထန်နေဦးမယ်ဆိုရင် ရွေးကောက်ပွဲကို ထိခိုက်လာဦးမှာပဲလို့ မြင်တယ်။ အခု ၂၀၂၄ ကုန်ခါနီးတောင်မှ တိုက်ပွဲတွေက ပြင်းထန်နေတုန်းဆိုတော့ ၂၀၂၅ မှာ လည်း ဒီတိုက်ပွဲအရှိန်တွေက ပါသွားမယ်လို့ မြင်တယ်။ အပြောင်းအလဲအနေနဲ့ကတော့ ရွေးကောက်ပွဲဖြစ်မယ်၊ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲကြီးတစ်ခု ဖြစ်မယ်ဆိုရင်တော့ အပြောင်းလဲဆုံး ပြောင်းလဲသွားပြီလို့ ပြောရမှာပါ။ အားလုံး ပါဝင်တယ်ဆိုတာက အခုတိုက်နေတဲ့ တိုင်းရင်းသားတွေ ပါဝင်စေချင်တာပါ။ နိုင်ငံရေးပါတီလည်း ထူထောင်ကြပါ။ ထူထောင်ကြစေချင်တယ်ဆို တာက နိုင်ငံရေးဘောင်ကျယ်ဖို့အတွက်ပါ။ စစ်ဘောင်ကျဉ်းပြီး နိုင်ငံရေးဘောင်ကို ကျယ်မှလည်း ကောင်းမှာပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က အခုလို ပစ်ခတ်တိုက် ခိုက်နေမယ့်အစား နိုင်ငံရေးဘောင်ထဲကိုဝင်၊ နိုင်ငံရေးပါတီမှတ်ပုံတင်ပြီးတော့ ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ်နဲ့ ပြန်ပြီးတော့ အသွင်ဆောင်လာမယ်ဆိုရင် တိုင်းပြည်‌အတွက် ပိုကောင်းလာမှာလို့ သုံးသပ်ချင်ပါတယ်။ ပစ်ခတ်တိုက်ခိုက်နေကြတယ်ဆိုတာက ကောင်းတာတစ်ခုမှ မရှိဘူး၊ အားလုံး ဒုက္ခရောက်ကြရတာပါ။ တိုက်ပွဲဖြစ်နေတဲ့ ဒေသခံတွေလည်း ဒုက္ခရောက်တယ်။ တစ်တိုင်းပြည်လုံး ဒုက္ခရောက်တယ်။ တိုက်ပွဲတွေဖြစ်တယ် မကောင်းဘူးဆိုတော့ နိုင်ငံရေးဘောင်ကျယ်ပြန့်လာစေဖို့ တွေ့ဆုံဆွေးနွေးရေးအတွက် ညှိနှိုင်းရမယ်၊ စိတ်ရှည်ရမယ်၊ ပျော့ပျောင်းရမယ် ဒီလို ဖြစ်စေချင်တာ။ ပစ်ခတ်တိုက်ခိုက်နေသမျှ ကာလပတ်လုံးကတော့ ဒုက္ခ‌ပေါင်း သောင်းခြောက်ထောင် အကုန်လာမှာ။ ကျန်းမာရေးကလည်း ချို့တဲ့မှု ရှိလာမယ်၊ ဆေးဝါးပြတ် တောက်မှုတွေလည်း ဖြစ်လာမယ်။ ကျွန်တော်တို့နိုင်ငံက အားလုံးထုတ်လုပ်နိုင်တဲ့ အနေအထား မဟုတ်သေးဘူး။ ဆေးဝါးဆိုရင်လည်း တခြားနိုင်ငံတွေကနေ မှီခိုပြီး သုံးနေရတာ။ ဆေးရုံသုံးပစ္စည်း တွေကအစ နိုင်ငံခြားက မှာယူသုံးစွဲနေရတာ။ အဲဒီလို နိုင်ငံတစ်ခုက တိုက်ပွဲတွေဖြစ်နေရင်၊ တခြားနိုင်ငံက လိုအပ်တဲ့ ဆေးပစ္စည်းတွေ မတင်သွင်းနိုင်ဘူးဆိုရင် ကျွန်တော်တို့ပြည်သူတွေပဲ အသက်ဆုံးရှုံးရမှာ။ နောက်ဆုံးတော့ တိုက်ပွဲတွေဆိုတာက အနိဋ္ဌာရုံတွေ လာမှာပါပဲ။ ဘယ်သူအောင် အောင်၊ ဘယ်သူ နိုင်နိုင်ရှုံးရှုံး တိုက်ပွဲဆိုတာကတော့ အနိဋ္ဌာရုံတွေ ရှိလာမှာပါ။ ဒါကြောင့်မို့လို့ စစ်ဘောင်ကို ကျဉ်းပြီးတော့ နိုင်ငံရေးဘောင် ကျယ်ပြန့်သည်ထက် ကျယ်ပြန့်စေဖို့ တွေ့ဆုံ ညှိနှိုင်းတာတွေ လုပ်စေချင်ပါတယ်။ ၂၀၂၅ မှာ ဒီမိုကရေစီလမ်းကြောင်းနဲ့ သွားမယ်ဆိုရင် စစ်ဘောင်ကို လျှော့ရမယ်၊ စစ်ဘောင်ကို ချဲ့မယ်ဆိုရင် ဒီမိုကရေစီလမ်းကြောင်းက ပျက်ပြယ်မှာ ဖြစ်တယ်လို့ ဒီလိုပဲ သုံးသပ်မိပါတယ်။ တိုက်နေမှတော့  ဒီမို ကရေစီလည်း ဘယ်လိုမှ မရနိုင်သလို ဖက်ဒရယ်ဆိုတာလည်း ဝေးနေဦးမှာပါ။ ဒီမိုကရေစီ ရွေးကောက်ပွဲဖြစ်မှသာ ပြည်သူကလည်း အသဲကြားက မဲတစ်ပြားနဲ့ အစိုးရတစ်ရပ်ကို ရွေးချယ်လို့ရတယ်။ အဲဒီ ဒီမိုကရေစီလမ်း ကြောင်းမှာလည်း အာဏာအရှိဆုံးက ပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒီအစိုးရကို မကြိုက်ဘူးဆိုရင် သေနတ်နဲ့ မဖြေရှင်းနဲ့၊ မဲတစ်ပြားနဲ့ပဲ ဖြေရှင်းလို့ရတယ်။ ဟိုလူ တက်စေဆိုရင်လည်း မဲတစ်ပြားနဲ့ တက်စေပေါ့၊ ဒါပါပဲ။ ရွေးကောက်ပွဲနဲ့ မဲတစ်ပြားရဲ့ လုပ်ပိုင်ခွင့်ကို ပြည်သူတွေကို ပေးလိုက်ရင် တိုင်းပြည်ကြီး ငြိမ်းချမ်းသွားမှာပါ။ ပြည်သူလူထုကလည်း တိုင်းပြည်ကို ကောင်းအောင် ဆောင်ရွက်ပေးမှ ပုဂ္ဂိုလ်တွေကို မဲတစ်ပြားနဲ့ ရွေးချယ်ပေးသွား ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်  အဖြစ်စေချင် ဆုံးကတော့ စစ်ဘောင်ကို ကျဉ်းပြီးတော့ ဆွေး‌နွေးညှိ နှိုင်းတဲ့နည်းနဲ့ နိုင်ငံရေးဘောင်ကို ကျယ်စေချင်ပါတယ်။

TREND    ။    ။ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ စားပွဲဝိုင်းယဉ်ကျေးမှုက ၂၀၂၅ မှာ ပေါ်လာနိုင်မလား၊ ဘယ်လိုသုံးသပ်ချင်လဲ။
UYNW    ။    ။
ဆွေး‌နွေးပွဲဆိုတာက အရသဘောနဲ့ မဆွေး‌နွေးသင့်ဘူး။ ငါဘာပေးနိုင်လဲ၊ မင်းဘာပေးနိုင်မလဲအပေါ် ဆွေးနွေးရင် အမြန်ဆုံးအောင်မြင်မယ်။ ငါ ဘာလိုချင်တယ်၊ သူဘာလိုချင်တယ် ဆွေးနွေးရင် မအောင်မြင်ဘူး။ တစ်ဖက်နဲ့တစ်ဖက် အဆင်မပြေနိုင်ဘူး။ တိုင်းပြည်အတွက် ငါဘယ်လို ပေးဆပ်နိုင်တယ်၊ တိုင်းပြည်အတွက် ငါတို့ဘက်ကလည်း ဘာပေးချင်တယ်၊ တိုင်းပြည်အတွက်  ဟိုဘက်ကလည်း ဘာပေးဆပ်မယ်။ အဲဒီလို ပေးဆပ်နိုင်တဲ့ဟာနဲ့ လာမယ်ဆိုရင် စားပွဲဝိုင်းပေါ် မြန်မြန်ရောက်တယ်။ အဲဒါဆိုရင် မြန်မြန်ငြိမ်းချမ်းတယ်။ ငါ ဘာရချင်တယ်ဆိုတဲ့ဟာကြီးနဲ့ အခြေခံပြီး ဆွေး‌နွေးနေသမျှ ကာလပတ်လုံး တစ်သက်လုံးရမှာ မဟုတ်ဘူးလို့ မြင်တယ်။ ငါရချင်တာပဲ ဆွေးနွေးလို့မရဘူး။ ငါ ဘာပေးမလဲဆိုတာ ဆွေးနွေးမှ အဆင်ပြေမှာပါ။ ဒါက ဆွေးနွေးပွဲရဲ့ သဘာပေါ့။ နှစ်ဖက်လုံးက ငါတို့တိုင်းပြည်အတွက်  ဘယ်လိုပေးဆပ်ရမလဲဆိုတာကို တိုင်းပြည်ကို ဦးတည်ထားပြီးတော့ လုပ်မယ်ဆိုရင်တော့ စားပွဲဝိုင်းပေါ် ရောက်လာကြလိမ့်မယ်လို့ မြင်တယ်။ အခုဖြစ်နေတာက ၂၀၀၈ ဖွဲ့စည်းပုံကို မကြိုက်ဘူး၊ မကျေနပ်ဘူး ပြောနေကြတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ချင်တယ်တို့၊ ဘာဖြစ်တယ်တို့ ပြောနေကြတာ။ ဒါကလည်း အခုမှ မဟုတ်ပါဘူး။ ပြောနေတာကြာပါပြီ။ ဟိုအရင့် အရင်ကတည်းက အော်ဟစ်နေကြတာပေါ့။ ပြင်မယ်ဆိုရင် လွှတ်တော်မှာပဲ ပြင်လို့ရတယ်။ အဲဒီတုန်းကလည်း ပြင်ဖို့ လုပ်ခဲ့ကြတာပဲ။ အခု လက်ရှိအစိုးရကလည်း ပြင်ပါမယ်လို့ ပြောထားပါတယ်။ ဆိုတော့ ကျွန်တော်တို့က ဒါကို ဘယ်လိုပြင်ရမယ်ဆိုတာ ညှိနှိုင်းကြ ရမယ်။

၂၀၀၈ ဖွဲ့စည်းပုံထဲကနေပြီးဝော့ာ ပြင်ချင်တဲ့ အချက်တွေကို ရွေးချယ်ကြမယ်။ ရွေးချယ်ပြီး တစ်ဖက်နဲ့ တစ်ဖက်ညှိနှိုင်းလိုက်ရင် ပိုပြီးမြန်မယ်။ ပြောရရင် အပြင်မှာရှိတဲ့ နိုင်ငံရေးသမားတွေရော၊ ပြည်သူတွေရော၊ EAO တွေရောက ၂၀၀၈ ဖွဲ့စည်းပုံကို မကြိုက်ဘူး၊ မကြိုက်ဘူး ဒါကိုပဲ အခြေခံပြီး ပြောနေကြတယ်။ ကဲအခု ဒီဘက်က ပြင်မယ်လို့ ပြောလာပြီ၊ တစ်ဖက်ကလည်း ၂၀၀၈ ဖွဲ့ စည်းပုံကို ဒီလိုပြင်ချင်တယ်ဆိုတာမျိုး မဆွေးနွေးသင့် ဘူးလား၊ ဒီလို နိုင်ငံရေးလမ်းကြောင်း ပေါ်ကနေ တွေ့ဆုံညှိနှိုင်းတာမျိုးတွေ မလုပ်သင့်ဘူးလား။ အဲဒီလို တွေ့ဆုံဆွေး‌နွေးလိုက်ရင် စားပွဲဝိုင်းပေါ် ရောက်ပြီလို့ပဲ မြင်ပါတယ်။

TREND    ။    ။ NSPNC နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံပြီးတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးနေကြတာ တွေရှိပါတယ်။ ဒီလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အခြေအနေဘယ်လိုရှိလဲ၊ ပြောလို့ရသ‌လောက် ပြောပြပေးပါဦး။
UYNW    ။    ။
ကျွန်တော်တို့က ဒီမိုကရေစီနဲ့ ဖက်ဒရယ်လို့ ပြောနေပေမယ့် အခုက ဒီမိုကရေစီလမ်း ကြောင်းပေါ်ကို မရောက်သေးဘူး။ မရောက်သေးဘူးဆိုတာက ဥပမာဗျာ ရွေးကောက်ပွဲ ဖြစ်ရင်တော့ ဒီမိုကရေစီဖြစ်ပြီပေါ့။ အဲဒီရွေးကောက်ပွဲဆိုတာကလည်း ပြည်သူတွေက လွတ်လပ်စွာ မဲပေးခွင့် ရှိရမယ်။ မဲပေးတဲ့အခါလည်း အရောင်ဆိုးခြင်း မရှိရဘူး။ အရောင်ဆိုးတဲ့ ရွေးကောက်ပွဲတစ်ခုသည် အဲဒါက ဒီမိုကရေစီကို ဗိုင်းရပ်စ်ကိုက်တာပဲ။ ပြည်သူ‌တွေက ဘယ်သူမှ ချုပ်ချယ်မှု မရှိဘဲ လွတ်လွတ်လပ်လပ်နဲ့ မဲပေးရွေးချယ်နိုင်တဲ့ အခွင့်အရေးတွေ ရရှိသင့်တယ်။ ပြီးတော့ ပြည်သူတွေကလည်းပဲ တိုင်းပြည်အကျိုးအတွက် အမြင်ကြီးကြီး ရွေးကောက်ပွဲမှာ မဲပေးကြမှလည်း ဒီမိုကရေစီလမ်းကြောင်း ပိုအားကောင်းစေမှာ ဖြစ်ပါတယ်။ ပြည်သူ‌တွေက မင်းဘယ်သူ့မဲထည့်လဲ၊ ငါဘယ်သူ့ မဲထည့်မယ်ဆိုတဲ့ ပုံစံမျိုးဆိုရင် ဒါက ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရောက်မှာ မဟုတ်သေးဘူးလို့ မြင်တယ်။ မဲတစ်ပြားရဲ့ တန်ဖိုးနဲ့ ဘယ်သူ့ကို မဲထည့်ရင်တော့ ဘာဖြစ်နိုင်တယ်၊ ဘယ်သူ့ကို မဲထည့်ရင်တော့ ဘာတွေကောင်းလာနိုင်တယ်ဆိုတဲ့ သုံးသပ်နိုင်တဲ့ အားလည်း လိုမယ်လို့ မြင်တယ်။ အဲဒီလို အခြေအနေရောက်မှသာ ဒီမိုကရေစီဆိုတာကြီးကိုရမှာ။ ဖက်ဒရယ်ဆိုတာကလည်း ပြောရရင်တော့ Decentralized ပေါ့၊ ဗဟိုချုပ်ကိုင်မှု လျှော့ရမယ်ပေါ့။ ကျွန်တော်တို့ တိုင်း‌ဒေသကြီးနဲ့ ပြည်နယ်တွေမှာက တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတာ။ သူ့ဒေသကို သူ့လုပ်ပိုင်ခွင့်ပေးတာကို တောင်းတဲ့ဖက်ဒရယ်မျိုးပဲ၊ ခွဲမထွက်ရ၊ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်း အောင်မြင်တိုးတက်ဖွံ့ဖြိုးအောင် ကိုယ်လုပ်ရမယ်ဆိုတဲ့ဟာ တစ်ခုပဲရှိပါသေးတယ်၊ အဲဒီလိုမျိုး ဖက်ဒရယ်မျိုးပဲ ဖြစ်ပါသေးတယ်။ ပြီးဝောာ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောရရင် ဟိုးတုန်းက ပြင်ခဲ့ကြတာပဲ၊ ဘာမှမရခဲ့ဘူး။ လွှတ်တော်ထဲမှာ ပြင်လို့ ဥပ‌ဒေကြီးတစ်ခု ပြောင်းလဲတယ်ဆိုတာက ထင်ထင်ရှားရှား ပြပါဆိုရင်တောင် ပြည်သူ့အတွက် ပြောင်းလဲခဲ့တဲ့ ဥပဒေက အရင်က လွှတ်တော်သက်တမ်း ငါးနှစ်၊ ငါးနှစ် နှစ်ဆက် ၁၀ နှစ်မှာ ၁၀ နှစ် ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားခဲ့တယ်။ ဒါပေမဲ့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ဖို့ဆိုတဲ့ ကိစ္စက မတွေ့ရသလောက်ဘဲ။ ပြင်ခဲ့တဲ့ ဟာတွေကလည်း ကျွန်တော် သိရသလောက် ပြည်သူအတွက် အကျိုးပြုမှာတွေ မတွေ့ဖူးခဲ့ဘူး။ ဒါပေမဲ့ အခု NSPNC နဲ့ သွားနေတဲ့အချိန်မှာ ပြည်သူအတွက် အကျိုးရှိမယ့် ဖွဲ့စည်းပုံဖြစ်အောင် ပြင်ဖို့ဆွေးနွေးနေတာ၊ လိုက်ပြင်နေတာတွေကို တွေ့နေရပါတယ်။ အဲဒီ အခြေအနေကတော့ တပ်မတော်ဘက်က ပျော့ပျောင်းလာတယ်။ တပ်မတော်ဘက်က ပြင်ချင်လာတယ်ဆိုတဲ့ အရိပ်အယောင်တွေ မြင်တွေ့ရတော့ ဝမ်းသာမိပါတယ်။ ဒီလို ဒီမိုကရေစီနဲ့ ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ချင်တဲ့ စိတ်ဆန္ဒကို ပြလာကတည်းကကို ကျွန်တော်တို့က ဝမ်းသာပါတယ် ကြိုဆိုပါတယ်။

TREND    ။    ။ လက်နက်ကိုင်ပဋိပက္ခတွေချုပ် ငြိမ်းရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့နဲ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းတွေနဲ့ဖြေရှင်းဖို့ ဖိတ်ခေါ်ထားပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့က မျက်ကွယ်ပြုနေကြောင်း နှစ်(၅၀)ပြည့် ရွှေရတု အာခါအမျိုးသားနေ့ကိုပေးပို့တဲ့ နစကဥက္ကဋ္ဌရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ ဒီအပေါ် မှတ်ချက်ပြုပေးပါဦး။
UYNW    ။    ။
နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းတွေနဲ့ဖြေရှင်းတာကို မျက်ကွယ် ပြုနေမယ်ဆိုရင်တော့ စစ်ဘောင်ကျယ်လာမှာပဲ။ စစ်ဘောင်ကျယ်လာရင်တော့ ဒုက္ခရောက်ရမှာက ပြည်သူတွေပါ။ ဘယ်ဘက်ကပဲ တိုက်တိုက်၊ ဘယ်ဘက်ကပဲ နိုင်နိုင်၊ ဘယ်သူပဲရှုံးရှုံး နောက်ဆုံးတော့ တိုက်ပွဲတွေဆိုတာ အနိဋ္ဌာရုံတွေပဲ ရှိလာမှာပါ။ အောင်လည်း အနိဋ္ဌာရုံတွေနဲ့ ရင်ဆိုင်ရမယ်၊ ရှုံးလည်း အနိဋ္ဌာရုံတွေနဲ့ ရင်ဆိုင်ရမယ်။ ရလဒ်ကတော့ ဒါပဲဖြစ်လာမှာ။ ပြည်သူတွေကလည်း အခု ပြေးလွှားနေရတယ်၊ အဲဒီလို ပြေးရမယ်လို့ ဘဝမှာ မခန့်မှန်းထားဘူး၊ ဒီလို မခန့်မှန်းထားတာတွေ ထဖြစ်တာပေါ့။ ဘယ်သူမှ မခန့်မှန်းထားဘူးဗျ၊ ကိုယ့်ဒေသမှာကိုပဲ အိမ်တွေဆောက်မယ်၊ လုပ်ကိုင်စားသောက်ကြမယ်၊ စီးပွားရှာနေကြတဲ့ အချိန်မှာ ဒီနိုင်ငံရေး ဂယက်ကြီးက ရိုက်ခတ်လာတဲ့အခါ ပထမဆုံး စခံရတာက အိုးပျက်အိမ်ပျက်နဲ့ ပြည်သူတွေ ပြေးနေရတယ်။ ဒါက အင်မတန် ဝမ်းနည်းဖို့ ကောင်းတယ်။ တချို့ဆိုရင် ကျန်းမာရေးချို့တဲ့ပြီးတော့ သေသွားတဲ့ သူတောင်ရှိတယ်။ နောက်ဆုံး ဘယ်သူတွေ အသေများ လည်း တွက်ကြည့်ရင် နှစ်ဖက်က ထိခိုက်သေကျေကြ တယ်ဆိုတာထက် ပြည်သူသေတာ ပိုများနေတယ်လို့ သုံးသပ်လို့ရတယ်။ ပြည်သူတွေ ဒုက္ခရောက်တာ ပိုများနေတယ်လို့ သုံးသပ်လို့ရတယ်။ ဒါကြောင့်မို့လို့ စစ်ဘောင်ကို မကျယ်စေချင်ဘူး။ စစ်ဘောင်ကျယ်နေသမျှ ကာလပတ်လုံး ကတော့ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး။ ပိုပြီးတော့ တိုက်လာကြမှာ။ အခု အစိုးရက ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်နေတယ်။ ဒါပေမဲ့ တိုက်ပွဲ‌တွေက ပြင်းထန်နေတယ်။ ရခိုင်မှာ တိုက်ပွဲ‌တွေ ပြင်းထန်နေတယ်။ နောက်ဆုံး ရခိုင်ပြည်သူတွေပဲ နာတယ်။ တိုက်တာကတော့ ငါနိုင်နေပြီ ဆိုပြီး အနိုင်တစ်လုံးပဲ ပြောတာ။ ငါ ဘယ်မြို့ကို သိမ်းနိုင်ပြီဆိုပြီး ပြောနေကြတာ။ ဒါပေမဲ့ အနောက်ကို ပြန်ကြည့်လိုက်ပါ အများဆုံး ဒုက္ခ ရောက်‌နေကြတာက ရခိုင်လူမျိုးတွေ ဖြစ်နေတယ်။ ရခိုင်ပြည်သူတွေက ရခိုင်ကနေ အများကြီး ထွက်ပြေး‌နေကြရတယ်။ ဘာကြောင့် ထွက်ပြေးတာလဲ။ ပြေးတာက ဒီအနိဋ္ဌာရုံတွေကို မမြင်ချင်လို့၊ မလိုလားလို့ ပြေးကြတာ။ တိုက်ပွဲတွေ တိုက်နေကြတဲ့သူကလည်း ဒီလို တိုက်ပေမယ့်လည်း ငါ့နောက်က ငါ့ပြည်သူတွေ၊ ငါ့လူမျိုးတွေ ခံနေရပါလား ဆိုတာကိုတော့ တစ်ချက် ခေါင်းထဲထည့် စဉ်းစားဖို့လိုတယ်။ နိုင်နေပြီ၊ နိုင်နေပြီ အော်နေဖို့ မလိုဘူး၊ နိုင်နေတာက ဘာကိုနိုင်တာလဲ။ အခု ကြည့်လိုက်ဗျာ၊ ကျောက်မဲ၊ လားရှိုးနိုင်ပြီလို့ ပြောတယ်ဗျာ။ ဥပမာဗျာ MNDAA နဲ့ TNLA တို့ ထိန်းချုပ်ထားတယ်ဆိုတဲ့ မြို့တွေ အဲဒီမြို့တွေမှာ စည်ကားနေပြီလား၊ တိုးတက်နေပြီလား၊ ၁၀၂၇ ကနေ အခုအချိန်အထိ ကြည့်လေ၊ ဘာမှမဖြစ်ဘူး၊ မြို့ပျက်ကြီးတွေချည်းဖြစ်လို့။ လူမနေ သူမနေနဲ့ မြို့ကလူတွေ ထွက်ပြေးဖို့ချည်း စဉ်းစားနေကြရတယ်။ ဒါသည် ဘယ်သူခံရလဲ၊ ပြည်သူပဲခံရတာ။ ဒါကြောင့်မို့လို့ နိုင်တယ်ဆိုတဲ့ဟာကို မကိုင်ထားနဲ့၊ စစ်ဘောင်ကိုမချဲ့နဲ့၊ ပြည်သူ့မျက်နှာကို ပြန်ကြည့်ပါလို့ ပြောချင်ပါတယ်။ အဲဒီလို ပြည်သူ့မျက်နှာကို ပြန်ကြည့်ပြီး သူတို့သွားရမယ့် ဒီမိုကရေစီလမ်း ကြောင်းပေါ်ကို အရောက်သွားဖို့ကလည်း အရေးကြီးပါတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းကြဖို့လည်း အရေးကြီးတယ်လို့ မှတ်ချက်ပြုချင်ပါတယ်။

TREND    ။    ။ ၂၀၂၄ ခုနှစ်ရဲ့  နိုင်ငံရေးအခင်း အကျင်း ဖြစ်စဉ်တွေအပေါ်  ဘယ်လို မှတ်ချက်ပြုချင်လဲ။
UYNW    ။    ။
ကျွန်တော့် အသက် (၅၀)ကျော်ပါပြီ။ ဒီ ၂၀၂၄ ကတော့ ကျွန်တော်တို့ဘဝနဲ့ ပတ်သက်ရင်တော့ လောကမှာ အဆိုးဆုံးအချိန်လို့ သတ်မှတ်ရမှာပါ။ ဘာလို့လဲဆိုတော့ ၂၀၂၄ စလာကတည်းက တဖြည်းဖြည်း ပစ်ခတ်တိုက်ခိုက်နေကြတာတွေက တစ်နေ့မှလည်း နားချမ်းသာရတဲ့ နေ့လို့ မရှိဘူးဗျာ။ ကိုယ့်မြန်မာပြည်အကြောင်းကို ပြန်စဉ်းစားလိုက်ရင် ဘယ်နားမှာ တိုက်ပွဲဖြစ်နေတယ်၊ လူတွေ ဘယ်လောက်သေကြတယ်ဆိုတဲ့ ဒါတွေပဲ ကြားနေရတာဗျ။ ဒါပေမဲ့ ဒီအခြေအနေမှာ အစိုးရ၊ တပ်မတော်ဘက် လာပါလာပါဆိုပြီး တွေ့ဆုံ‌ဆွေးကြဖို့နဲ့ အကြမ်းဖက်တာတွေ မလုပ်ဖို့နဲ့ ငြိမ်းချမ်းရေး ဖိတ်‌ခေါ်ကမ်းလှမ်းသံတွေ ကြားရတော့ စိတ်ချမ်းသာမိပါတယ်။ ဒါပေမဲ့ တစ်ဖက်တည်းကနေ ခေါ်နေလို့လည်း မရဘူးလေ။ နှစ်ဖက်လုံး တိုင်းပြည်အကျိုးအတွက်ဆိုတာကို ဦးတည်ပြီးတော့ ငါဘယ်လို တိုင်းပြည်အတွက် ပြန်ပေးဆပ်နိုင်မလဲဆိုတာကို အလုပ်လုပ်ရင် ဖြစ်နိုင်ပါတယ်။ Give နဲ့လာရင် ရတယ်ဗျ။ Take မလုပ်ပါနဲ့။ အဲဒါဆိုရင် အောင်မြင်မှာပါ။ ငါတို့ တိုင်းပြည်အတွက် ငါတို့ပြည်သူ‌တွေအတွက်ဆိုပြီး ဦးထိပ်ထားမယ်ဆိုရင် ပိုအဆင်ပြေသွားမှာပါ။ ချုံ့ပြောရရင် ၂၀၂၄ ဟာ မြင်မြင်သမျှ ကာလပတ်လုံးမှာ ကျွန်တော့်ဘဝမှာ အဆိုးဆုံးနှစ်လို့ပဲ သတ်မှတ်ရမှာပါ။ တိုက်ပွဲတွေကလည်း အပြင်းထန်ဆုံး ဖြစ်ခဲ့တယ်။ အခုအချိန်အထိကို ပြင်းထန်နေတုန်းပဲ။ တိုင်းပြည်အတွက်လည်း အဆိုးဆုံးနှစ် လို့ ပြောရမှာဖြစ်သလို ကျွန်တော့်ဘဝနဲ့ ယှဉ်ရင်လည်း ဒီလိုမျိုးအခြေအနေ ကြုံတွေ့ကြားသိနေရတာကလည်း အဆိုးဆုံးနှစ် ဖြစ်နေတယ်။ ဟိုးတုန်းက တိုက်ပွဲဖြစ်တယ်။ တောထဲမှာ တိုက်ပွဲဖြစ်ကြတာ။ ကျွန်တော်သိရသလောက်က တောထဲမှာ တိုက်ပွဲဖြစ်ကြတာ။ လွတ်ရာကျွတ်ရာမှာ တိုက်ပွဲဖြစ်ခဲ့ကြတာ။ အခုဟာက မြို့ထဲမှာတောင် တိုက်ပွဲဖြစ်တာ။ ဆိုတော့ ပြေးကြရတာပေါ့။ နိုင်ငံတော်အစိုးရက လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့  နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့၊ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းတွေနဲ့ ဖြေရှင်းကြဖို့ ဖိတ်ခေါ်ထားတာပဲ၊ ဘာလို့ မျက်ကွယ်ပြုနေကြလဲ။ ပြီးတော့ တွေ့ဆုံဆွေး‌နွေးမယ်ဆိုတဲ့ အခါမှာလည်း ငါ့နိုင်ငံအတွက် ဆွေးနွေးမယ်ဆိုရင်တော့ ဖြစ်လာမယ်၊ ငါ့စီးပွားရေးအတွက် ဆွေးနွေးမယ်ဆိုရင်တော့ ဖြစ်လာမှာ မဟုတ်ဘူး။ ငါ့လူမျိုးအတွက်ဆိုရင်လည်း မဖြစ်သေးဘူး။ ငါ့နိုင်ငံအတွက် ဆွေးနွေးမယ်ဆိုမှ ဖြစ်မှာပါ။ အခုဟာက ငါ့လူမျိုးအတွက်ပဲ ဖြစ်နေတယ်။ အဲဒီလိုဆွေးနွေးမှုမျိုးကတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ တိုက်နေကြတာ။ ရခိုင်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ရခိုင်လူမျိုးတွေအတွက် တိုက်နေတယ်လို့ ပြောတယ်။ အခု ရခိုင်အကုန်လုံး စုတ်ပြတ်သတ်နေပြီ၊ ကဲ ဘယ်သူ့မှာ တာဝန်ရှိလဲ၊ ရခိုင် ပြည်သူတွေ ပြေး‌နေရပြီ။ ဒါကို ကျွန်တော်ပြောချင်တာ။ ဒါကြောင့် ဒီလိုတိုက်နေမယ့်အစား နိုင်ငံရေးပြဿနာကို နိုင်ငံနည်းလမ်းနဲ့ ဖြေရှင်းတဲ့ တွေ့ဆုံဆွေး‌နွေးပွဲကို လုပ်မှသာ သူတို့ဒေသ၊ သူတို့လူမျိုးတွေ သက်သာမှာ။ မဟုတ်ရင် သူတို့လူမျိုးပဲ ပြန်နာမှာ။ အခုဆိုရင် တိုက်ပွဲတွေက မန္တလေးဆိုရင်လည်း မန္တလေးပတ်ဝန်းကျင်က ဒေသတွေမှာ ဖြစ်နေတာပဲ။ စစ်ကိုင်း၊ မုံရွာဘက်မှာလည်း ဖြစ်နေတာပဲ။ ဟိုတုန်းက တိုက်ပွဲတွေနဲ့ အခု တိုက်ပွဲတွေက မတူတော့ဘူးဗျ။ အခုက မြို့တွေမှာ ဖြစ်တဲ့ တိုက်ပွဲ‌ဆိုတော့ အကုန်ပြေးရတာ။ ဒါဟာ တွေ့ဆုံဆွေး‌နွေးရေး လမ်းကြောင်းကို သူတို့က မျက်ကွယ် ပြုနေတာ၊ မျက်ကွယ်ပြုပြီး ဆက်တိုက်လို့ ဖြစ်နေတာ။ အမှန်တကယ်ဆိုရင် ငါ့ပြည်သူတွေ နာနေပြီဆိုတာ သိတယ်ဆိုရင် ညှိနှိုင်းလိုက်ရင် လွယ်လွယ်လေးပဲ။ ငါ့ အတွက် မစဉ်းစားဘဲနဲ့ ငါ့ပြည်သူ၊ ငါ့နိုင်ငံ၊ ငါ့လူမျိုး အတွက် စဉ်းစားပါ။ အခုက ငါ့လူမျိုးအတွက်ဆိုပြီး လူမျိုးရေးကို ဗန်းပြပြီး တိုက်နေလို့ အခုလို ဖြစ်နေတာ။ ငါ့နိုင်ငံအတွက် မဟုတ်လို့ ဒါ ပြည်ထောင်စုပါ။ ရခိုင် လည်းပိုင်တာပဲ၊ ရှမ်းလည်းပိုင်တာပဲ၊ မွန်လည်းပိုင်တာပဲ၊ ဗမာလည်း ပိုင်တယ်၊ ကချင်လည်း ပိုင်တယ်၊ အားလုံးပိုင် တယ်ဆိုရင် အားလုံး စိတ်‌မွေးပြီးတော့ စဉ်းစားသုံးသပ် မှရမှာ။ ရခိုင်ပြည် နယ်လို့သာပြောတာ ရခိုင်မှာ ဗမာလည်းရှိတာပဲ။ ရန်ကုန်မှာ ရခိုင်ရှိသလို တိုင်းရင်းသား တွေအားလုံး က တစ်နိုင်ငံလုံးမှာ စုပေါင်း နေထိုင်နေတာပါ။ ဒါကိုမှ ငါ့လူမျိုးဆိုတာကြီးကို ကိုင်တိုက်နေရင် အလကားပဲ။ ငါ့ရခိုင်ပြည်နယ်လို့သာ ပြောတာဗျာ။ ရခိုင်လူမျိုးတွေက ရခိုင်မှာနဲ့ ရန်ကုန်မှာဆိုရင် ဘယ် မှာ ပိုများမယ်ထင်လဲ။ ရန်ကုန်မှာတောင် ရခိုင်လူမျိုး‌တွေ ပိုများမယ် ထင်တယ်။ အဲဒါကို သူက ငါ့ရခိုင် ငါ့ရခိုင်ဆိုပြီး ဆွဲကိုင်နေတာ။ ငါ့ရဲ့ ကိုးကန့်ဒေသဆိုပြီး တိုက်နေတယ်၊ ကိုးကန့်တွေ ရန်ကုန်မှာ အများကြီးပဲ၊ မန္တလေးမှာ အများကြီးပဲ။ ပလောင်တွေလည်း မန္တလေးမှာ အများကြီး၊ ရန်ကုန်မှာလည်း အများကြီးပဲ။ အဲဒါကို သူတို့က ငါ့ဒေသ၊ ငါ့လူမျိုးဆိုပြီး စွဲကိုင်နေကြတာ၊ သူတို့ လူမျိုးတွေလည်း ဒီမှာအများကြီး နေကြတာပဲ၊ အဲဒီ လူမျိုးတွေအတွက်လည်း ပြန်ကြည့်ဦးလို့ပဲ မှတ်ချက်ပြုချင်ပါတယ်။

TREND    ။    ။ နိုင်ငံရေးပါတီတာဝန်ရှိသူတစ်ဦးအနေနဲ့ ၂၀၂၅ ခုနှစ်ထဲမှာ ဘယ်လိုနိုင်ငံရေး အပြောင်းအလဲပုံစံမျိုး မြင်တွေ့ချင်လဲ၊ ဖြည့်စွက်ပြောပေးပါဦး။
UYNW     ။    ။
ကျွန်တော်ဖြစ်စေချင်တာကတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်ရောက်စေချင်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်ရောက်မှသာ တိုက်ပွဲတွေက ရပ်တန့်သွားမယ်။ တိုက်ပွဲတွေက ရပ်တန့်ဖို့၊ ငြိမ်းချမ်းဖို့အတွက်လည်း အဲဒီမှာ ရှိတဲ့လူတွေအားလုံးက လွှတ်တော်ကြီးမှာ လာပြီးတော့ လွတ်လွတ်လပ်လပ်နဲ့ လွတ်လပ်စွာ တောင်းဆိုရင်၊ ဝိုင်းဝန်းဆွေး‌နွေးရင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဖြစ်စေချင်တာကတော့ ဒီမိုကရေစီလမ်းကြောင်းကိုသွားရင် တစ်နိုင်ငံလုံးရဲ့ ဦးနှောက်က လွှတ်တော်ပါ။ အဲဒီလွှတ်တော်ကြီးကို တိုင်းရင်းသားတွေ အားလုံးပါစေချင်တဲ့ လွှတ်တော်ကြီး ဖြစ်စေချင်ပါတယ်။ အဲဒါက ၂၀၂၅ မှာ ကျွန်တော် အဖြစ်စေချင်ဆုံးအရာပါ။ တိုင်းရင်းသားတွေ အားလုံးပါတဲ့ လွှတ်တော်ကြီးနော်။ အခုလို အရေးအခင်းတွေ မဖြစ်စေဖို့ အဲဒီလွှတ်တော်ကြီးမှာ ဆွေး‌နွေးဆုံးဖြတ်လိုက်ရင် ငြိမ်းငြိမ်းချမ်းချမ်းလေး သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ 

TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅၀ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )        

Total Views ~ 446

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43061

© 2022 - 2025 News. All Rights Reserved.