နေပြည်တော်၊ ဇူလိုင် ၁၇
မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ကြိုးပမ်းလျက်ရှိပြီး မကွေးတိုင်းဒေသကြီးအတွင်း ဧက ၂၀၀၀၀ တိုးချဲ့စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ပြောသည်။
"ကော်ဖီတန်ဖိုး ကွင်းဆက်တစ်ခုလုံး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ရာမှာ ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်စေရေးအတွက် ရည်ရွယ်ထားတဲ့ ပြည်ထောင်စုချုပ် ဧက သုံးသိန်း စိုက်ပျိုးရေး ၂၀၂၃-၂၄ ခုနှစ်မှ ၂၀၂၇-၂၈ ခုနှစ်အထိ ငါးနှစ်တာကာလ သတ်မှတ်ထားရာမှာ မကွေး တိုင်းဒေသကြီးက ဇုန်ငါးမှာပါဝင်ပြီး ငါးနှစ်တာကာလအတွင်း တစ်နှစ်ကို ဧက ၄၀၀၀ နဲ့ စုစုပေါင်း ဧက ၂၀၀၀၀ တိုးချဲ့ စိုက်ပျိုးသွားရမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း ကော်ဖီသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းတိုးတက် ရရှိစေရေးတို့အတွက် ကော်ဖီမျိုးစေ့နှင့် ကော်ဖီပျိုးပင် ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၁၂ ရက်က တိုင်းဒေ သကြီးစိုက်ပျိုးရေးနှင့် ဦးစီးဌာန၌ ကျင်းပရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထည့် သွင်း ပြောကြားခြင်းဖြစ်သည်။
ယခုအခါ မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေးနှင့်ကော်ဖီ အဓိက တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်လာ စေရေးတို့အတွက် မြန်မာတစ်နိုင်ငံလုံး ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရေး တို့အတွက် အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်တွင်းကော်ဖီစိုက်ပျိုးရာတွင် နှစ်စဉ်ကော်ဖီ တန်ချိန် ၉၀၀၀ ကျော်ထွက်ရှိပြီး ကော်ဖီ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ ခန့် ဈေးရရှိကြောင်း၊ ကော်ဖီကုန် ကြမ်း ပြည်ပနိုင်ငံပေါင်း ၁၆ နိုင်ငံသို့ တင်ပို့လျက်ရှိရာ ကော်ဖီတစ်ကီလိုလျှင် ၂၀၂၂ ခု နှစ်က ၄ ဒသမ ၅ ဒေါ်လာပေါက်ဈေးရှိပြီး ၂၀၂၃ခုနှစ်က တစ်ကီလိုလျှင် ၄ ဒသမ ၉၅ ဒေါ်လာပေါက်ဈေးရှိကြောင်း သိရသည်။
ကော်ဖီကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်းသိ ရသည်။
ကိုဗစ် (၁၉) ကပ်ရောဂါကြောင့် လွန်ခဲ့သော ၂၀၂၁ ခုနှစ်က ပြည်ပနိုင်ငံများသို့ မြန်မာ့ကော်ဖီ တင်ပို့မှုနှုန်း ကျဆင်းခဲ့သော်လည်း ၂၀၂၂ ခုနှစ်မှ စတင်ကာ တန်ချိန် ၅၀၀၀ ခန့် ပုံမှန်အခြေအနေသို့ ပြန် လည် တင်ပို့နိုင်နေပြီဖြစ်ကြောင်း သိရသည်။