ခရစ်ယာန်သာသနာပြုမှတ်တမ်းထဲက 'ဝ' သမိုင်းဟောင်း ခေါင်းဖြတ်ဓလေ့

၂၀၂၄ ဇန်နဝါရီ ၁၄

    ၂၀၂၃ ဒီဇင်ဘာလထဲမှာ 'ဝ' ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP)ရဲ့ (၃၅)နှစ်မြောက် အခမ်းအနား ကျင်းပသွားတယ်လို့ သိရပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျလှတဲ့ ဘဝကနေ ဒီအခြေ အနေအထိ တိုးတက်လာတာ အံ့မခန်းပါပဲ။ ၁၉၈၉ မှာ ဗကပကို ပုန်ကန်ခွဲထွက်ပြီး 'ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီဆိုတာ ပေါ်ပေါက်လာတယ်။ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုရခဲ့ပြီး အထူးဒေသ(၂)အဖြစ် သတ်မှတ်ကာ နိုင်ငံတော်က 'ဝ'ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အများကြီး ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ငြိမ်းချမ်းရေးရယူခြင်း (၁၀)နှစ်ပြည့်အခမ်းအနား ကို ပန်ဆန်းမှာ ကြီးကျယ်စွာ ကျင်းပခဲ့ကြတယ်။ ဒီအကြောင်းတွေကို ၂၀၁၅ မတ်လထုတ် ဆရာပန်းတနော် ခင်မောင်မြင့်ရဲ့ 'လှပအေးချမ်း 'ဝ'တောင်တန်းမှာ ခုနစ်နှစ်ကြာ' စာအုပ်မှာ ဖတ်ခဲ့ရတယ်။ ဆရာပန်းတနော် ခင်မောင်မြင့်ဟာ 'ဝ'ဒေသမှာ ဗျူဟာမှူးတာဝန်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ 'ဝ'ဒေသ ငြိမ်းချမ်းရေး အခမ်းအနားသို့ တက်ရောက်လာတဲ့ ဗျူဟာမှူးကို 'ဝ'တပ်ဖွဲ့မှ ဆက်ဆံရေး အရာရှိ ဦးအိုက်ကပ်(မြန်မာအမည် ဦးပန်းမြင့်)က အထူးဂရုစိုက် ဧည့်ခံကြိုဆိုခဲ့ပါတယ်။
    ဗျူဟာမှူးက 'ဝ'ဒေသအကြောင်း ပြည့်ပြည့်စုံစုံ သိချင်တယ်လို့ ပြောလိုက်တော့ ...'ဗျူဟာမှူးရယ် ...ကျွန်တော်တို့ 'ဝ'ဒေသရဲ့ သမိုင်းကြောင်းဟာ ဘာမှ စာတစ်စောင်ပေတစ်ဖွဲ့ ပြုစုထားတာ မရှိပါဘူး။ 'ဝ'ဒေသယဉ်ကျေးမှု၊ ဘာသာစကားတွေလည်း စနစ်တကျ စာပေအဖြစ် ပြုစုထားတာ မရှိပါဘူး။ ရှေးလူကြီး တွေပြောတဲ့ စကားတွေ၊ စာတွေရှိပါတယ်။ ဘာမှ မှတ်တမ်းတင်ထားတာ မရှိပါဘူး။ ယခုကြည့်လေ ...ကျွန်တော်တို့ 'ဝ'ဒေသတစ်ခုလုံး တရုတ်စာ၊ တရုတ်စကားနဲ့ ပြောနေ၊ ရေးနေကြရတာ ကျွန်တော်တို့ တိုင်းရင်းသား ဘာသာစကား မပပျောက်အောင် အတော်ကြိုးစားရပါ တယ်"လို့ ဦးအိုက်ကပ်က ပြန်ရှင်းပြပါတယ်။ (စာ-၁၃)
    'ဝ'ဒေသ သမိုင်းအကြောင်းကို သုတေသနပြု နေတဲ့သူရော မရှိဘူးလား ကိုပန်းမြင့်ရဲ့။ ခင်ဗျားတို့ 'ဝ'ဒေသလူကြီးတွေ အကြံဉာဏ်တွေပေးပြီး စာတစ်စောင်၊ ကျမ်းတစ်ခုလောက် ပြုစုစေချင်တယ်ဗျာ"လို့ ပြောတော့ ... "ဒီကိစ္စကို ကျွန်တော်တို့ 'ဝ'ခေါင်းဆောင်တွေက အလေးထားပြီး မြန်မာစာ၊ တရုတ်စာ၊ အင်္ဂလိပ်စာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ကြီးကို တာဝန်ပေးထားတယ်။ သူကတော့ ယခုအထိ ပြုစုနေတုန်းပဲ။ သူက ဗကပခေတ်မှာ ဗဟို တပ်မဆေးမှူး၊ ရန်ကုန်သား၊ လမ်းမတော်ဒေသဇာတိ ဆရာဝန် ဒေါက်တာရေချမ်းတဲ့ ဗျူဟာမှူးရဲ့ ..."
    ဗျူဟာမှူး အတော်စိတ်ဝင်စားသွားတယ်။ အဲဒီ ဒေါက်တာရေချမ်းနဲ့ တွေ့ချင်ပါတယ်ပေါ့။ တစ်ရက် မှာတော့ ပန်ဆန်းနဲ့ မိုင် ၂၀ လောက်ဝေးတဲ့ 'နမ်းခမ်းဝိုး'ဆိုတဲ့ မြို့ကလေးကို 'ဝ'ဆက်ဆံရေးအရာရှိက လိုက် ပို့ပါတယ်။ ဒေါက်တာရေချမ်းဟာ 'ဝ'တိုင်းရင်းသူနဲ့ အိမ် ထောင်ကျတယ်။ ဗကပပြိုကွဲသွားတော့ သူများတွေလို ရန်ကုန်မပြန်တော့ဘဲ ဒီမှာပဲ အခြေချ နေထိုင်လျက်ရှိ တယ်။ ဒေါက်တာရေချမ်းက တောခိုလာခဲ့တာ နှစ်ပေါင်း ၅၀ လောက်ရှိပြီ။ တရုတ်စကားနဲ့ 'ဝ'စကားပဲ ပြောနေရတာ။ ဒီနေ့ ဗျူဟာမှူးနဲ့ ဗမာစကားပြောရတာကိုပဲ ဝမ်းသာလှပါပြီတဲ့။ သူ့ဘ၀ ဇာတ်ကြောင်းနဲ့ ဗကပ ပြို ကွဲသွားပုံတွေ ပြောပြတာလည်း စိတ်ဝင်စားဖွယ်ကောင်း လှပါတယ်။ 'ဝ'သမိုင်းကြောင်းနဲ့ ပတ်သက်လို့ကတော့ ...
    'ဝ'အဖွဲ့က တရားဝင်ခိုင်းတာမဟုတ်ပါဘူး။ ကျုပ်က အားနေရင်း ပြုစုဖို့ စီစဉ်တာပါ။ ဒါပေမဲ့ ဟုတ်လောက်တဲ့ အထောက်အထား ဘာမှမရသေးပါဘူး။ ရွာတွေမှာရှိတဲ့ သက်ကြီးအဘိုးအဘွားတွေဆီက ကြား သလောက်တော့ မှတ်တမ်းတင်ထားတာပဲ ရှိပါသေးတယ်။ တကယ်တော့ 'ဝ'တိုင်းရင်းသားတွေမှာ 'ဝ'စာပေ ယဉ်ကျေးမှုတွေဟာ စာတစ်စောင်ပေတစ်ဖွဲ့မရှိဘူး။ ဟိုဘက် တရုတ်နိုင်ငံမှာတော့ တရုတ်စာနဲ့ ရေးထားတဲ့ ယူနန်ပြည်နယ် မံစီခရိုင်မှာရှိတဲ့ 'ဝ'လူမျိုးတွေနဲ့ သမိုင်းကြောင်းကိုတော့ ဖတ်ဖူးပါတယ်။ ပြည့်ပြည့်စုံစုံတော့ မဟုတ်ပါဘူး။ အခု ကျုပ်တို့ နိုင်ငံမှာရှိတဲ့ 'ဝ'တိုင်းရင်း သားတွေရဲ့ စာပေ၊ ယဉ်ကျေးမှုတွေကို မှတ်တမ်းတင်ထားတဲ့ စာအုပ်စာတမ်းဆိုတာ မရှိပါဘူး။ သက်ကြီး စကားသက်ငယ်ကြားဆိုသလိုပဲ တစ်ဆင့်စကားကြားတာ တွေပဲ ရှိပါတယ်" (စာ-၃၇)
    'ဝ'ခေါင်းဆောင်တွေ ကိုယ်တိုင်ရေရေရာရာ မပြောနိုင်တဲ့ 'ဝ'သမိုင်းကြောင်းဟာ မှုန်ဝါးဝါးရှိနေချိန်မှာ ခရစ်ယာန်သာသနာပြုတစ်ဦးရေးမှတ်ခဲ့တဲ့ 'ဝ'သမိုင်းကြောင်း အပိုင်းအစများကို တွေ့ရှိခဲ့ရပါတယ်။ ခရစ်ယာန်သာသနာပြုတွေဟာ လူသူအရောက်အပေါက် နည်းနဲ့ မြန်မာပြည်အစွန်အဖျား တောင်တန်းဒေသများဆီ စွန့်စွန့်စားစား သွားလာသာသနာပြုရင်း ကြုံတွေ့ သမျှ မှတ်တမ်းရေးခဲ့လေ့ရှိတာလည်း အတုယူစရာ ကောင်းလှပါတယ်။ အင်္ဂလိပ်တွေ မြန်မာပြည်ကို သိမ်း ပိုက်ပြီးချိန်မှာပဲ အမေရိကန်သာသနာပြုတွေ ထပ်ကြပ်မကွာ အရိပ်ပမာ လိုက်ပါလာခဲ့ပါတယ်။ နယ်ချဲ့အင်္ဂလိပ်တွေဟာ တောင်တန်းဒေသနေ တိုင်းရင်းသားများနဲ့ မြေ ပြန့်ဒေသနေ မြန်မာအများစုတို့ကို အုပ်ချုပ်ရေးအရ သွေးခွဲခဲ့ရုံမက ဘာသာရေးအရလည်း စနစ်တကျ သွေးခွဲခဲ့တာ တွေ့ရပါတယ်။
    ၁၈၉၂ ခုနှစ်ကတည်းက အမေရိကန်သာသနာပြု ဝီလျံမားကပ်စ်တို့ ဇနီးမောင်နှံ ရှမ်းပြည်နယ် ကျိုင်းတုံဒေသကို ရောက်လာပါတယ်။ အဲဒီတုန်းက နေရာတိုင်းမှာ ဓားပြတွေ သောင်းကျန်းနေပါတယ်။ သာသနာပြုလုပ်ငန်းကို ဒေသခံတွေ အပြင်းအထန် ဆန့်ကျင်တာနဲ့ ကြုံခဲ့ရပုံတွေ မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ နောက်ပိုင်းမှာ ဗြိတိသျှ အစိုးရက 'အာဏာစက်'နဲ့ ကူညီခဲ့လို့သာ သူတို့ရှေ့ဆက်ပြီး သာသနာပြုနိုင်ခဲ့တာပါ။ မားကပ်စ်ဟာ အတူလာသူ ဇနီး ကွယ်လွန်သွားတော့ နောက်မိန်းမထပ်ယူပြီး ကျိုင်းတုံမှာ သားကြီး ဟာရိုးမေဆန်ရန်းကို မွေးပါတယ်။ ဒုတိယသားငယ် ဗင်းဆင့် ကို ၁၉၀၃ မှာ မွေးဖွားပြီး သူတို့နှစ်ယောက်ကို အမေရိကန်ကိုပို့ပြီး ပညာသင်စေခဲ့တယ်။ သူတို့အရွယ်ရောက် လာတော့ မြန်မာပြည် ကျိုင်းတုံသို့ ပြန်လာပြီး အဖေရဲ့ လက်ငုတ်ခရစ်ယာန်သာသနာပြုအလုပ်တွေ ဆက်လုပ်သွားကြတယ်။ လားဟူတွေကို ခရစ်ယာန်ဘာ သာထဲ အများဆုံး သွတ်သွင်းနိုင်ခဲ့ကြတယ်။ အဲဒီနောက် 'ဝ' ဒေသတွေကို ဆက်လက် ခရီးနှင် သာသနာပြုရာက 'ဟာ ရိုးမေဆန်ရန်း Harold Mason Young' ဟာ 'Burma Headhunters' ဆိုတဲ့ မှတ်တမ်း ကိုရေးခဲ့တယ်။ ဒီမှတ်တမ်းကို သူ့ရဲ့မြေမလေး Debbie Young Chase က တည်းဖြတ်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ဒီမှတ်တမ်းစာအုပ်ကို ဆရာနိုင်ဦးက 'ဗမာပြည်ခေါင်းဖြတ်မုဆိုး' အမည်နဲ့ ဘာသာပြန်ပြီး ၂၀၁၇၊ စက်တင်ဘာလက ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
    ဗမာပြည်ခေါင်းဖြတ်မုဆိုးဆိုတာ 'ဝ'လူမျိုး တွေကို ရည်ညွှန်းတာပါ။ 'ဝ'လူမျိုးတွေထဲက 'ခေါင်းဖြတ် မုဆိုးတွေဟာ အင်မတန်ကြမ်းကြုတ်ရက်စက်ပြီး ထူးခြားတဲ့ ယဉ်ကျေးမှုရှိတာကြောင့် သူတို့ကို ခေါင်းဖြတ်အရိုင်း အစိုင်းတွေအဖြစ် တရုတ်တွေက ရည်ညွှန်းလေ့ရှိပါတယ်။ ရှမ်းလူမျိုးတွေကလည်း အလားတူ အသိအမှတ် ပြုခဲ့ပါတယ်။' (စာ-၅)
    ဟာရိုးမေးဆန်ရန်းဟာ မနုဿဗေဒပညာရှင် တစ်ယောက်ပမာ ပါးစပ်ရာဇဝင်ကအစ စေ့စေ့စပ်စပ် လေ့လာမှတ်တမ်းတင်ခဲ့တာ တွေ့ရပါတယ်။ 'ဝ'လူမျိုးတွေရဲ့ မူလဇာစ်မြစ်နဲ့ပတ်သက်ပြီး အမှတ်အသားတွေကတော့ တော်တော်ပဲ ဒဏ္ဍာရီဆန်ပါတယ်တဲ့။ 'ရှမ်း ပြည်နယ် ကျိုင်းတုံမှတ်တမ်းအရ 'ဝ'မျိုးနွယ်တွေဟာ ဘူးစေ့တွေက ပေါက်ဖွားဆင်းသက်ခဲ့တယ် ဆိုပါတယ်။ အခြားပါးစပ်ရာဇဝင်တစ်ခုကလည်း ရှေးဟောင်း 'ဝ'လူ မျိုးတွေဟာ 'နောင်ကီယို' ရေအိုင်ကြီးထဲက ဖားလောင်း တွေကတစ်ဆင့် ဆင်းသက်လာကြောင်း၊ အဲဒီ ရေအိုင် ကြီးဟာ ယခု တရုတ်ပြည်ထဲက 'မုန်းခ' အနောက်မြောက် ဘက်မှာရှိပြီး 'ရှင်မင်ရှန်း'လို့ လူသိများကြောင်း ပြောစမှတ်ရှိပါတယ်။'
    'ဒဏ္ဍာရီအဆိုအရ ဖားလောင်းတွေက ဖားဖြစ်လာပြီးနောက် ကြောက်မက်ဖွယ်ရာ ဘီလူးကြီး နှစ်ကောင်အဖြစ် ပြောင်းလဲသွားပါတယ်။ 'ရာတွန်'လို့ ခေါ် တဲ့တစ်ကောင်က အထီးဖြစ်ပြီး နောက်တစ်ကောင်က ဘီလူးမ 'ရာတိုင်း' ဖြစ်လာပါတယ်။ သူတို့ နှစ်ယောက် ဂူတစ်လုံးထဲမှာနေပြီး အမဲလိုက်စားကြပါတယ်။ တစ်နေ့ အမဲလိုက်ရာက လူသားတစ်ယောက် ရလာပြီး အဲဒီလူကို စားပစ်လိုက်ကြပါတယ်။ လူသားဦးခေါင်းကိုတော့ မစားဘဲ သေသေချာချာ သိမ်းထားပါတယ်။ 'မကြာခင်မှာပဲ ဘီလူးမ ကိုယ်ဝန်ရှိလာပြီး လူသားတစ်ယောက် မွေးဖွားလာပါတယ်။ အဲဒီလို လူသားတစ်ယောက်ပြီးတစ်ယောက် မွေးဖွားလာရာက သား ၁၀ ယောက်၊ သမီး ၁၀ ယောက် ရလာပါတယ်။ အဲဒီလို သားသမီးတွေ ပွားစည်းခဲ့တာ လူ့ဦးခေါင်းခွံ အစွမ်းကြောင့်လို့ ယုံကြည်ခဲ့ကြပြီး ဦးခေါင်းတွေကို ဝါးလုံးထိပ်မှာစွပ် ကိုးကွယ်လာခဲ့ကြပါတယ်'(စာ-၆)

    'ဝ'တွေဟာ ချိုင့်ဝှမ်းဒေသနဲ့ ရှမ်းဒေသအချို့မှာ ပထမဆုံး အခြေချနေထိုင်သူတွေဖြစ်ကြောင်း ကျိုင်း တုံမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ကျိုင်းတုံမြို့ကို 'ဝ'လူမျိုးတွေ တည်ထောင်ခဲ့ကြောင်း မှတ်တမ်းတွေအရ သိရပေမယ့် ဘယ်အချိန်ထိနေခဲ့ကြောင်းကိုတော့ ဖော်ပြမထားပါဘူး။ ၁၂၈၁ ခုနှစ်မှာ ထိုင်းနိုင်ငံမြောက်ပိုင်း နမ်ပွန်ပြည်နယ်၊ ဟိရိပွန်ချိုင်း မွန်ခမာနိုင်ငံတော်ကို ရှမ်းအကြီးအကဲ 'မန်ဂရိန်း' အောင်နိုင်ခဲ့ပြီးနောက်ပိုင်းမှာ ကျိုင်းတုံမြို့ကို သိမ်းယူခဲ့တယ် ဆိုပါတယ်။ 'ဝ'တွေ မြို့ကို စွန့်ခွာလာပြီး တတိယမြောက်နေ့မှာ နမ့်လွယ်မြစ် ကမ်းပေါ်က မုံးခကို ရောက်ပါတယ်။ အဲဒီအရပ်မှာ လူပြန်စုပြီး မြို့ငယ်လေးတစ်မြို့တည်ဖို့ ပြင်ဆင်ပါတယ်။ နောက်ကလိုက်လာတဲ့ ရန်သူကို ခုခံပေမယ့် ဒုတိယ အကြိမ် စစ်ရှုံးပြီး တောင်တန်းတွေပေါ် တက်ပြေးလာရာက ယနေ့အခြေချနေထိုင်ရာ 'ဝ'ဒေသကို ရောက်လာ ခဲ့ပါတယ်' (စာ-၁၀)
    ကျိုင်းတုံနယ်မှာ ကျန်ခဲ့တဲ့ 'ဝ'အုပ်စုကတော့ ရှမ်းစော်ဘွားရဲ့ သစ္စာခံတွေဖြစ်လာခဲ့ပါတယ်။ ရန်သူ တွေ လိုက်မလာနိုင်တဲ့ ဝေးလံသီခေါင်တဲ့ တောင်တန်း ကြီးတွေ ပေါ်ရောက်လာတဲ့ 'ဝ'တွေဟာ ရွာငယ်လေး တွေတည်ပြီး ဖြန့်ကြက်နေထိုင်ခဲ့ကြပါတယ်။ အုပ်စုလေး တွေခွဲပြီး နေခဲ့ကြရာ ကာလကြာတော့ တစ်အုပ်စုနှင့် တစ်အုပ်စုကြား ဘာသာစကားနဲ့ ယဉ်ကျေးမှုပါ ကွဲပြားလာတယ်လို့ ဆိုပါတယ်။ 'ဝ'တွေဟာ ကမ္ဘာလောကနဲ့ အဆက်ပြတ်ပြီး နှစ်ပေါင်းများစွာ အထီးကျန်ခဲ့ရာက အရိုင်းဘဝကို နောက်ပြန်ဆုတ်သွားတယ်လို့ ဟာရိုးမေ ဆန်ရန်းက ရေးသားခဲ့ပါတယ်။
    'ဝ'အရိုင်းဒေသမှာ ရွာတွေကို သစ်လုံးတိုင် ကြီးတွေနဲ့ တံတိုင်းခတ်ကာရံထားပါတယ်။ ရန်သူရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့ သစ်ချွန်ဝါးချွန်တွေလည်း အပြည့်စိုက်ထားပါတယ်။ 'ဝ'အရိုင်းရွာပြင်က နတ်စင်တွေရှိရာ သစ်တောအုပ်တွေဟာ ထူးခြားပေမယ့် ထိတ်လန့်ချောက်ချားစရာပါ။ သစ်ပင်ခြေရင်းမှာ လူဦး ခေါင်းခွံထည့်ဖို့ တိုင်လုံးတွေ စိုက်ထူထားပါတယ်။ အရှည်ငါးပေခန့်ရှိ တိုင်လုံးထိပ်မှာ လူကြီးဦးခေါင်းခွံတစ်ခု  ကောင်းကောင်းဆံ့နိုင်အောင် ကလိုင်ပေါက်ထွင်းပြီး ဦးခေါင်းတွေထည့်ထားပါတယ်။ တိုင်ထိပ်မှာ အမိုးအဖြစ် ကျောက်ပြားကြီးတစ်ချပ်တင်ထားပြီး တိုင်တွေကိုတန်းစီ စိုက်ထားပါတယ်။ မိုးဒဏ်ပေးဒဏ်ကြောင့် ဦးခေါင်းတိုင်တွေ တော်တော်များများ ပျက်စီးသွားသလို အချို့တိုင် တွေဟာ နှစ်ပေါင်းငါးဆယ်ကြာသည့်တိုင် အကောင်း ပကတိရှိနေပါသေးတယ်။ မုံးဆမ်းဒေသမှာ ဦးခေါင်း တိုင် ၁၄၈ တိုင် ပကတိအတိုင်းရှိနေပြီး ၇၆ တိုင်မှာ လူ ဦးခေါင်းခွံတွေ ရှိနေပါသေးတယ်။ ဦးခေါင်းခွံက သွား တွေဟာ ဖြူဖွေးနေတဲ့ သွားတွေရှိသလို ကွမ်းချိုးတွေနဲ့ မည်းညစ်နေတဲ့ သွားတွေလည်း ရှိပါတယ်။ သွားဖြူဖြူနဲ့ ဦးခေါင်းခွံတွေဟာ တရုတ်တွေဖြစ်ဖို့ များပါတယ်' (စာ-၂၅)
    'အချို့ရွာတွေမှာ လူဦးခေါင်းခွံအစား ကျား၊ ကျားသစ်၊ ဝက်ဝံ ဦးခေါင်းတိုင်တွေနဲ့ တိုင်ထူထားပါတယ်။ ခရင်းခွတိုင်ပေါ်မှာ တိရစ္ဆာန်ဦးခေါင်းတွေ ချိတ်ထားတာပါ။ ရှေးကျတဲ့နေရာတွေရဲ့ ခရင်းခွတိုင်မှာ ကျွဲခေါင်းတွေ စွပ်ထားပါတယ်။ ယဇ်ပူဇော်ရာမှာ သတ်ခဲ့တဲ့ ကျွဲအရေအတွက်ကို မှတ်တမ်းတင်တဲ့ အဓိပ္ပာယ်ပါ။ ယဇ်ပူဇော်တဲ့ ကျွဲချိုရှည်လေလေ နတ်တွေက ပိုပြီး ကြည့်ရှုစောင်မတယ်လို့ ယုံကြည်ကြပါတယ်' (စာ-၂၅)
    'ခေါင်းဖြတ်ခြင်း မူလအစနဲ့ ပတ်သက်ပြီး 'ဝ' ဒေသနေရာအတော်များများမှာ ပြောနေကြတဲ့ စကားလုံးတွေ ရှိပါတယ်။ အများစု လက်ခံထားတဲ့ ဒဏ္ဍာရီ တစ်ခုက ဒီလိုဆိုပါတယ်။ တစ်ခါက 'ဝ'တစ်ယောက်ဟာ တရုတ်ရွာသွားပြီး မျိုးစပါးဝယ်တယ်။ 'ဝ'ဒေသ သယံ ဇာတကြွယ်ဝမှုကို မနာလို ဖြစ်နေတဲ့ တရုတ်က 'ဝ'ပျက် စီးရာပျက်စီးကြောင်း အကြံနဲ့ မျိုးစပါးတွေကို ပြုတ်ပြီးမှ ရောင်းလိုက်ပါတယ်။ စပါးစေ့တွေ အပင်မပေါက်တာ ကြောင့် 'ဝ'အမျိုးသားဟာ ကွင်းပိုင်နတ်ကို မေးတော့ ဒါဟာ တရုတ်လက်ချက်ဖြစ်ကြောင်း စပါးတွေ အပင်ပေါက်ပြီး အောင်အောင်မြင်မြင် ဖြစ်ချင်ရင် တရုတ်တွေ ကိုသတ်၊ သူတို့ ခေါင်းနဲ့ ယစ်ပူဇော်မှသာဖြစ်နိုင်ကြောင်း ကွင်းပိုင်နတ်က ညွှန်ကြားလိုက်ပါတယ်' (စာ-၂၇)
    ကွင်းပိုင်နတ်ပြောတဲ့အတိုင်း လုပ်တဲ့အခါ စပါးအထွက်တိုး အထူးအောင်မြင်လို့ အဲဒီအချိန်ကစပြီး 'ခေါင်းဖြတ်ဓလေ့' ထွန်းကားလာတာလို့ ဆိုပါတယ်။ ဒါပေမဲ့ တရုတ်ဦးခေါင်းကို အမြဲမရနိုင်တဲ့အခါ 'ဝ'မျိုးနွယ် အချင်းချင်းသတ်ပြီး ခေါင်းဖြတ်တာတွေ လုပ်လာကြတယ် ဆိုပါတယ်။
    'စပါးမစိုက်မီ မတ်လနဲ့ မေလတွေမှာ ခေါင်းဖြတ်တတ်ကြပါတယ်။ တောနက်ကြီးတွေထဲ ဖြတ်ပြီး တစ်ရွာနဲ့တစ်ရွာ ကူးလူးဆက်ဆံရတာကြောင့် ခေါင်းဖြတ် 'ဝ'တွေ အလွယ်တကူ ချုံခိုတိုက်ခိုက်နိုင်ပါတယ်။ အုပ်စုနဲ့ တိုက်ခိုက်ပြီး ခေါင်းဖြတ်ကြရာမှာ ယေဘုယျ အားဖြင့် အဖွဲ့တစ်ဖွဲ့မှာ လူလေးရာနီးပါး ပါဝင်ပါတယ်။ အားလုံး ဓားရှည်တွေကိုင်ဆောင်ထားပြီး နတ်ဆရာတစ် ယောက်က ဦးဆောင်ပါတယ်။ ကွင်းပိုင်နတ်ကို ပင့်ဖိတ် ပြီးတော့လည်း သူတို့ကို ကူညီဖို့ ဆုတောင်းရပါတယ်။
    'ဝ'အကြီးအကဲတွေကို ဆက်ကြေးပေးထား သူကို မသတ်ရပါဘူး။ ဆက်ကြေးက ငါးနှစ်တစ်ကြိမ် ကျွဲတစ်ကောင်၊ ၁၀ နှစ်တစ်ကြိမ် မြင်းပုတစ်ကောင်တို့ ဖြစ်ပါတယ်။ ဆက်ကြေးပေးမထားဘူးဆိုရင်တော့ 'ဝ'အချင်းချင်းလည်း သတ်ပါတယ်။ သတ်ကွင်းထဲရောက် လာသူကို သစ်ပင်ချုံနွယ်တွေနောက်မှာ ပုန်းခိုနေတဲ့ ခေါင်းဖြတ်မုဆိုးတွေက ကြောက်မက်ဖွယ် အော်ဟစ်ပြီး ခေါင်းဖြတ်လိုက်ကြတာပါ။
    'တစ်ခါတရံမှာ ခေါင်းပြတ်ကျသွားပြီးသည့် တိုင် ခန္ဓာကိုယ်ကြီးက ဆက်လျှောက်တာမျိုးတွေ ကြုံနိုင်ပါတယ်။ အဲဒီလိုအဖြစ်မျိုးကို မင်္ဂလာမရှိတဲ့ အတိတ် နိမိတ်အဖြစ် 'ဝ'တွေက အနက်ကောက်တတ်ပါတယ်။ ခေါင်းဖြတ်ပြီးကာမှ မျက်နှာမှာ ကျောက်ပေါက်မာရှိနေရင် အဲဒီခေါင်းကို ထားပစ်ခဲ့တာပါ။ အဲဒီလို မျက်နှာမှာ ကျောက်ပေါက်မာတွေရှိတဲ့ခေါင်းကို နတ်မကြိုက်ဘူးလို့ အယူရှိပါတယ်။ ခေါင်းဖြတ်ပွဲကြီး ပြီးဆုံးသွားချိန်မှာ အဖွဲ့ဝင်အချို့ကို ရွာပြန်လွှတ်ပြီး သူတို့လုပ်ငန်းကြီး အောင်မြင်စွာ ပြီးဆုံးသွားကြောင်း၊ ကိုယ်ထိလက်ရောက် ခေါင်းဖြတ်နိုင်သူကို ရွာလူကြီးတွေထံ သတင်းပို့ရပါ တယ်။ ခေါင်းတွေကို အနက်ရောင်အိတ်တွေထဲ ဂရုတ စိုက်ထည့်ပြီး နတ်ဆရာဆီ ယူသွားရပါတယ်' (စာ-၃၀)
    သူတို့ဟာ ရွာကို ချက်ချင်းပြန်ခွင့်မရသေးပါဘူး။ ချုံပုတ်တွေထဲ ပြန်ဝင်ပြီး အိပ်ငိုက်နေကြပါတယ်။ မှောင်ရီပျိုးချိန်မှာ နတ်ဆရာက ဂါထာလိုလို၊ သံချပ်လိုလို အသံတွေ ရွတ်ဆိုပါတယ်။ သူတို့ လိုက်ဆိုကြပါတယ်။ အသံတွေက ကြက်သီးမွေးညင်းထစရာပါ။ အမဲလိုက် ခွေးအုပ်တွေ သားကောင်တစ်ကောင်နောက် လိုက်နေတဲ့ အသံနဲ့တူပါတယ်။ ဒီလို အတိုင်အဖောက်ရွတ်နေ ကြရင်း မှောင်ကြီးမည်းမည်း ညည့်နက်လာချိန်မှာ ရွာ ရှိရာဘက်ကို တန်းစီပြီး ပြန်လာကြပါတယ်။'
    'လူတန်းရှည်ကြီးကို နတ်ဆရာက ရှေ့ဆုံးကဦးဆောင်ပြီး ဂါထာကို ဆက်ရွတ်သွားပါတယ်။ ညအမှောင်ကြီးထဲမှာ အဲဒီလို သွေးလန့်စရာ အသံတွေ အုတ်အုတ်သဲသဲ ကြားနေရပြီဆိုရင် တစ်ယောက်ယောက် အသတ်ခံလိုက်ရပြီဆိုတာ ဘေးပတ်ဝန်းကျင်ရွာတွေ သဘောပေါက်ကြပါတယ်။ အမှောင်ထုထဲမှာ မကောင်း ဆိုးဝါးတွေ ထကြွသောင်းကျန်းနေပြီလို့ သိနေကြပါတယ်။ ရွာထဲက ကျွဲ၊ နွားတွေကို ဝင်ဆွဲဖို့ ကျားသစ်တွေ ဟာ မိုးတစ်စက်စက် ကျနေတဲ့ ညအမှောင်ကို အကာအကွယ်ယူတတ်ကြသလို 'ဝ'ခေါင်းဖြတ်တွေဟာလည်း မျက်နှာရှေ့မှာ ကိုယ့်လက်ကို မမြင်နိုင်လောက်အောင် မှောင်မည်းနေတဲ့ညတွေမှာ ခေါင်းဖြတ်လေ့ရှိတယ်လို့ ဆိုပါတယ်။'
    'ခေါင်းဖြတ်အဖွဲ့ လက်ထဲမှာ ခေါင်းတွေရပြီဆိုတာနဲ့ လက်ရောက်ခေါင်းဖြတ်သူနဲ့ အနီးစပ်ဆုံးတော်စပ်သူ အမျိုးသမီးတစ်ယောက်ယောက်ကို စကားအမှာ ပါးဖို့ 'ဝ'အမျိုးသားနှစ်ယောက်ကို နတ်ဆရာက ရွာပြန်လွှတ်လိုက်ပါတယ်။ အမျိုးသမီးတွေ အလုပ်က ခေါင်းဖြတ်ပြန်လာတဲ့ 'ဝ'အမျိုးသားအဖွဲ့ကို အခမ်းအနားနဲ့ ကြိုနိုင်ဖို့ပါ။ မိန်းမတွေဟာ သူတို့ကိုယ်ကို ရှေ့နောက် ယိမ်းထိုးရင်း သူတို့လင်တွေ၊ သားတွေအတွက် အင်မတန် ကြေကွဲဝမ်းနည်းချင်ယောင်ဆောင်ရင်း ဆီးကြိုကြပါတယ်။ ဦးခေါင်းတွေယူပြီး ရွာလယ်ရောက်တဲ့အခါ မိန်းမတွေက ဦးခေါင်းပြတ်ကြီးတွေရဲ့ ပါးစပ်ပေါက်ထဲ ကြက်ဥတစ်လုံး ထိုးထည့်ပြီး မျက်လုံးတွေကို အပ်နဲ့ ပေါက်ပါတယ်။ နင်တို့တွေ မျက်စိကန်းနေလို့ ခေါင်း ဖြတ်သမားတွေကို မမြင်ဘူးဆိုတဲ့ အဓိပ္ပာယ်ကို အခမ်းအနားနဲ့ ကျင်းပကြတာပါ' (စာ-၃၁)

    အဲဒီအချိန်မှာ 'ဝ'အမျိုးသားတွေက ဝါးတွေ သွားခုတ်ပြီး ပလိုင်းရက်ပါတယ်။ ဝါးဆစ်ပိတ်တွေကို ဖောက်လိုက်တဲ့အခါ ဝါးလုံးတွေဟာ ပိုက်လုံးသဖွယ်ဖြစ် သွားပါတယ်။ ပလိုင်းထဲမှာ ခေါင်းပြတ်တွေကို ထည့် လိုက်တဲ့အခါ အရိအရွဲနဲ့ သွေးပုပ်တွေ ဝါးလုံးခေါင်းက တစ်ဆင့် ဆင်းလာပါတယ်။ ဝါးလုံးအခြေမှာ မျိုးစပါး ထည့်ထားတဲ့ တောင်းတစ်လုံးခံထားပါတယ်။ ဦးခေါင်း ပြတ်က ထွက်လာတဲ့ သွေးပုပ်တွေ၊ အရိအရွဲ သားနံရည်တွေဟာ ဝါးလုံးခေါင်းတစ်လျှောက်ဆင်းလာပြီး မျိုးစပါးတောင်းထဲ ကျပါတယ်။ အဲဒီအတိုင်း ရက်အနည်း ငယ်ထားပြီးနောက် သွေးပုပ်နဲ့ အရိအရွဲတွေ နစ်နေတဲ့ မျိုးစပါးတွေကို တစ်အိမ်ထောင်ကို နည်းနည်းစီမျှဝေပါတယ်။ ရလာတဲ့ မျိုးစပါးဝေစုနည်းနည်းကို အခြားမျိုး စပါးတွေနဲ့ရောသမပြီး ပျိုးကြဲ၊ စပါးစိုက် အလုပ်တွေ ဆက်လုပ်ပါတယ်။ မျိုးစပါးကို အဲဒီလို ခေါင်းပြတ်သွေးတွေနဲ့ စီရင်လိုက်တဲ့အခါ ပယောဂအန္တရာယ်တွေ ကင်းရှင်းပြီး စပါးအထွက်ကောင်းတယ်လို့ 'ဝ'ခေါင်းပြတ်တွေ ယုံကြည်ပါတယ်။
    'ခြောက်လကုန်ချိန်မှာတော့ ဝါးတိုင်တွေထိပ်က ဦးခေါင်းတွေဟာ ဖြူဖွေးနေတဲ့ အရိုးခေါင်းတွေအဖြစ် ပြောင်းလဲသွားပါပြီ။ အရိုးအရေအသားတွေကို နကျယ် အုပ်၊ ပတူအုပ်တွေ စားပစ်လိုက်ကြသလို မိုးဒဏ်လေဒဏ်ကြောင့်လည်း ဦးခေါင်းတွေ ဖွေးဖွေးဖြူသွားစေပါ တယ်။ ရွာလယ်မှာ ထူထားတဲ့ လူ့ဦးခေါင်းခွံတွေကို ရွာပြင်နတ်ကွန်းသို့ ပြောင်းရွှေ့ရတဲ့ အလုပ်ဟာ ခေါင်းဖြတ် 'ဝ'တွေအတွက် တစ်နှစ်တာမှာ အရေးအကြီးဆုံး ဘာ သာရေး အခမ်းအနားတစ်ခုပါ' (စာ-၃၃)
    မိန်းမတွေက ထင်းခွေပြီး နတ်ကွန်းရှေ့မှာ စုပုံထားကြပါတယ်။ ယောက်ျားတွေက ခေါင်းပြတ်တွေထားမယ့် နတ်စင် သို့မဟုတ် တိုင်လုံးတွေရှာဖွေပြီး အသင့်ပြင်ထားကြတယ်။ တိုင်ဟောင်းတွေ မသုံးတာ နတ်တွေမကြည်ဖြူမှာ ကြောက်လို့ပါ။ ဒီအခမ်းအနားမှာ နွားနက်တစ်ကောင်နဲ့ ကျွဲတွေကိုသတ်ပြီး ယစ်ပူဇော်ကြမှာ ဖြစ်ပါတယ်။ ကျွဲတွေကို နတ်ကွန်းတိုင်မှာ ချည်ထားပြီး နွားနက်ကို သတ်ဖို့ နေအိမ်အသီးသီးက ဖခင်တွေ ဓား တဝင့်ဝင့်နဲ့ အသင့်ပြင်ထားကြပါတယ်။ နတ်ဆရာက ဂါထာတွေရွတ်ဆိုပြီး နွားမြီးကို ဖြတ်လိုက်ပါတယ်။ နွား မြီးက ထွက်လာတဲ့ သွေးတွေကို ပါးစပ်နဲ့ စုပ်ယူရင်း နတ်ဆရာက အော်ဟစ်အချက်ပေးလိုက်တာနဲ့ ယောက်ျားတွေက နွားနက်ကို ခုတ်ပိုင်းသတ်ဖြတ်လိုက်ပါတယ်။ နွားနက်သတ်ပြီး အသားလုရာမှာ ဝေစုမရသူဟာ ကွင်းပိုင်နယ်ပိုင်နတ်တွေ စိတ်ကွက်နေတာကြောင့်လို့ ယုံကြည်တာကြောင့် အထူးပူဇော်ဖွယ်တွေနဲ့ နတ်တွေကို ပြန်ချော့ရပါတယ်။
    အဲဒီနောက်အရက်ရှိန်တက်နေတဲ့ ယောက်ျားတွေဟာ လူဦးခေါင်းပြတ်ထည့်ထားတဲ့ ဝါးခြင်းတိုင်တွေကို နတ်ကွန်းဆီ သယ်ဆောင်သွားကြပါတယ်။ နတ်ဆရာရှေ့က တိုင်ပေးတဲ့ ဂါထာကိုရွတ်နေစဉ် ခန္ဓာကိုယ်တွေ လှုပ်ရမ်းနေကြပါတယ်။ နတ်ကွန်းရောက်တာ နဲ့ သစ်လုံးတိုင် ခေါင်းပေါက်တွေထဲ ဦးခေါင်းခွံတစ်ခု ချင်းထည့်ပြီး တိုင်ထိပ်မှာ ကျောက်ပြားတစ်ခုတင်လိုက် ပါတယ်။ အဲဒီနောက် ကျွဲတွေကိုသတ်ပြီး ယစ်ပူဇော် ပွဲဆက်လုပ်ပြန်ပါတယ်။ တိုင်မှာချည်ထားတဲ့ ကျွဲတွေကို နတ်ဆရာက လှည့်ပတ်ခုန်ပေါက်ပြီး နတ်ပူဇော်ပါတယ်။ အဲဒီနောက် နတ်ဆရာဟာ တစ်ချက်ခုန်လိုက်ပြီး ကျွဲ လက်ပြင်ကြားတည့်တည့်ကို လှံရှည်နဲ့ တိုးစိုက်လိုက်ပါ တယ်။ တစ်ချက်တည်းနဲ့ မသေဘဲ ဆန့်ငင်ဆန့်ငင်ဖြစ် နေရင် မကောင်းတဲ့ အတိတ်နိမိတ်လို့ ယူဆပါတယ်။ ကျွဲကြီးလဲကျသွားချိန် မိန်းမတွေ ပြေးဝင်လာပြီး ကျွဲကို ဝိုင်းဖျက်ကြပါတယ်။ ကျွဲခေါင်းကိုတော့ ယောက်ျားတွေ ယူသွားပြီး ဝိုင်းအလယ်မှာ ချထားလိုက်ပါတယ်။ သန်မာတဲ့ ယောက်ျားတစ်ယောက်က အဲဒီ ကျွဲခေါင်းကို ပါးစပ်နဲ့ ကိုက်ချီပြီး ကပါတော့တယ်။ ပေါင်တစ်ရာကျော်လေးတဲ့ ကျွဲခေါင်းကြီးကို ပါးစပ်နဲ့ကိုက်ချီကခုန်နေတာကို ခရစ်ယာန်သာသနာပြုဆရာ အလွန်ပဲ အံ့သြနေပါတယ်။ သူဟာ နတ်ပူးနေသလိုပါပဲတဲ့။ အရက်မူးနေတဲ့ ယောကျ်ားတွေက သီချင်းသံပြိုင် သီဆိုပြီး သြဘာပေးလိုက် ချိန်မှာ ကျွဲခေါင်းအကçက ပိုကြမ်းလာပါတယ်။
    အဲဒီနောက်တော့ စားပွဲသောက်ပွဲကြီး၊ သွေးအလိမ်းလိမ်း ပေလူးနေတဲ့ အသားတုံးတွေ ရေနွေးအိုးကြီးထဲ ပစ်ထည့်၊ မကျက်တကျက် ကျွဲသားရေလုံပြုတ် ဟင်းနဲ့ စားကြသောက်ကြ၊ ဒီလို အရိုင်းဘဝတွေကြား စိတ်ရှည်ရှည် သာသနာပြုခဲ့တဲ့ ခရစ်ယာန်ဆရာတွေဟာ လေးစားအားကျဖွယ်ရာပါပဲ။ ဒီစာအုပ်ကိုရေးတဲ့ 'ဟာ ရိုးမေဆန်ရန်း'ရဲ့ညီ 'ဗင်းဆင့်ရန်း'က 'ဝ'စာပေကို တီထွင်ပေးခဲ့တယ်ဆိုပေမယ့် အသုံးမတွင်ကျယ်ဘူးလို့ ထင်ပါတယ်။ ဒီနေ့ 'ဝ'တွေ အသုံးပြုနေတာ တရုတ်စာဖြစ်နေတယ် မဟုတ်ပါလား။ 'ဝ'လူမျိုးခရစ်ယာန်ဘာသာဝင် အနည်းငယ်သာရှိပြီး 'ဝ'ဒေသမှာ ခရစ်ယာန်ဘာသာ ပျံ့နှံ့ကိုးကွယ်ခြင်းမရှိဘူးလို့ ဗကပလက်ဟောင်းကြီး ဒေါက်တာရေချမ်းက ပြောကြောင်း '၀ တောင်တန်းမှာ ခုနစ်နှစ်ကြာ'စာအုပ်မှာ ဖော်ပြထားပါတယ်။
    သို့သော် သာသနာပြုဖို့ ကြိုးစားရင်း 'ဝ'တိုင်း ရင်းသားတို့ရဲ့ သမိုင်းစဉ်လာ ဓလေ့ထုံးစံတို့ကို မှတ်တမ်း တင်နိုင်ခဲ့တဲ့ ဟာရိုးမေဆန်ရန်းကိုတော့ ကျေးဇူးတင် ထိုက်တယ်လို့ ဆိုပါတယ်။    ။

မြတ်ဘုန်းသစ်
 (TREND News ဂျာနယ်အတွဲ(၂)၊ အမှတ် (၅၁)တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 516

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43101

© 2022 - 2025 News. All Rights Reserved.