ခေါင်းဆောင်ကောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု မဝေးတော့သည့် နိုင်ငံ့အနာဂတ်

၂၀၂၅ ၊ အောက်တိုဘာ ၄

"ခင်ဗျားရဲ့ လုပ်ဆောင်ချက်တွေက တခြားသူတွေကို မျှော်လင့်ချက်ပိုပြီး ထားလာအောင်၊ ပိုပြီး လေ့လာသင်ယူလာအောင်၊ ပိုပြီး အလုပ်လုပ်လာအောင်၊ ပိုပြီးဖြစ်လာအောင် လှုံ့ဆော်ပေးနိုင်ရင် ခင်ဗျားဟာ ခေါင်းဆောင်တစ်ယောက်ပဲ"
    အထက်ပါ စကားကိုပြောကြားခဲ့သူမှာ အမေရိကန်၏ ဆဋ္ဌမမြောက်သမ္မတ ဂျွန်ကွင်စီအဒမ်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေရန် အရေးအကြီးဆုံးနှင့် တာဝန်အရှိဆုံးသူမှာ နိုင်ငံ့ခေါင်းဆောင်ပင် ဖြစ်သည်။ နိုင်ငံ၏ ရှေ့ရေးကို မျှော်တွေးဆောင်ရွက်မှု၊ နိုင်ငံသူနိုင်ငံသားတို့၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်အလေးဂရုပြု ဆောင်ရွက်နိုင်ခြင်းတို့က ခေါင်းဆောင်ကောင်းတစ်ဦး၏ လက္ခဏာရပ်များပင် ဖြစ်သည်။ ခေါင်းဆောင်သူတစ်ဦး၏ အဆင်းထက် အရည်အချင်းက ပိုမိုအရေးပါလှသည်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု များပြားခြင်းနှင့်လည်း ခေါင်းဆောင် ကောင်းတစ်ယောက် မဖြစ်နိုင်သည်ကိုလည်း ပြည်သူများသတိပြုရန် လိုအပ်သည်။ နိုင်ငံ့ခေါင်း ဆောင် တစ်ဦးသည် လူထုထောက်ခံမှုဖြင့် သာယာနေပြီး တိုင်းပြည်အရေးကို ထိထိရောက်ရောက် မစွမ်းဆောင်နိုင်ပါကလည်း နိုင်ငံတော်အတွက် စိုးစဉ်းမျှ အကျိုးရှိမည် မဟုတ်ပေ။
    မိမိပါတီ၊ မိမိအဖွဲ့အစည်း အကျိုးကိုသာကြည့်ပြီး ကျောသားရင်သားခွဲ အုပ်ချုပ်မှုဆောင်ရွက်ခြင်းကလည်း ခေါင်းဆောင်တစ်ဦး၌ မရှိသင့်သော အတ္တများပင် ဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင်တစ်ဦးသည် မိမိ၏ ပုဂ္ဂိုလ်ရေးကျော်ကြားမှုနောက်ကို လိုက်၍  တိုင်းပြည်နှင့် လူမျိုးအကျိုးကို ရှေးရှုဆောင်ရွက်ခြင်း မရှိပါကလည်း ခေါင်းဆောင်ကောင်းဟု မခေါ်ဆိုထိုက်ပေ။
    မြန်မာနိုင်ငံ၏ ခေါင်းဆောင်မှုသမိုင်းများသည် ခေတ်ကာလအားလျော်စွာ အဆင့်ဆင့်လက်ကမ်း သယ်ဆောင်လာခဲ့သည်။ ပဒေသရာဇ်ခေတ်များကလည်း ခေါင်းဆောင်ပေါင်းများစွာက မြန်မာနိုင်ငံထူ ထောင်ရေးကို ကြိုးပမ်းခဲ့ခြင်းများရှိခဲ့သလို ခေါင်းဆောင်မှု ညံ့ဖျင်းခဲ့မှုကြောင် ထီးကျိုးစည်ပေါက် ထီးနန်း ပျောက်ခဲ့ရသည့် သမိုင်းမှတ်တမ်းများလည်း ရှိခဲ့ကြသည်။ တိုင်းတစ်ပါး၏ လက်အောက်ခံအဖြစ် နှစ်ပေါင်းရာချီ နေထိုင် ခဲ့ရပြီး လွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုဖြင့် ရယူနိုင်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း တိုင်းပြည်သည် ခွဲခြားအုပ်ချုပ်ခံရမှုများကြောင့် လက်နက်ကိုင် သောင်းကျန်းမှုများဖြင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် ကံအားလျော်စွာ တိုင်းပြည်ပြိုကွဲမှု ဘေးအန္တရာယ် အကြိမ်ကြိမ်ကို မြန်မာ့တပ်မတော်မှ ထိန်းသိမ်းနိုင်ခဲ့ပြီး လိုအပ်ချက်အရ တပ်မတော်၏ ခေါင်းဆောင်မှု အောက်တွင် တိုင်းပြည်က ရပ်တည်ခဲ့ရသည်။ ယင်းနောက် ခေတ်ပြောင်းစနစ်ပြောင်းအရ နိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတော်ဖြစ်စေရန် တာဝန်ယူခဲ့ကြသော တပ်မ တော်အကြီးအကဲများက လိုအပ်သော ဖွဲ့စည်းပုံနှင့် အခြေခံအဆောက်အအုံများကို အချိန်ယူတည်ဆောက်ခဲ့ရပြီး ၂၀၁၀ ပြည့်နှစ်မှစ၍ ဒီမိုကရေစီ ခရီးလမ်းကို စတင်လျှောက်လှမ်းစေခဲ့သည်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ခေါင်းဆောင်မှုဖြင့် ဒီမိုကရေစီပထမအစိုးရ သက်တမ်းကို ဖြတ်ကျော်ပြီး ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲရလဒ်အရ အရပ်သားအစိုးရထံ တိုင်းပြည်တာဝန်ကို ပခုံးပြောင်းတာဝန် ပေးအပ်ခဲ့သည်။
    နာမည်ကျော်ကြားမှုဖြင့် အရပ်သားအစိုးရ ဖြစ်လာသော အချိန်တွင် တိုင်းပြည်၏ ခေါင်းဆောင်မှုက လျော့ရိလျော့ရဲ ဖြစ်လာခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။ တိုင်းပြည်၏ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သော သမ္မတသည် အာဏာရပါတီ ခေါင်းဆောင်၏ နောက်လိုက်သဖွယ်သာ ရှိခဲ့သည်။ ခေါင်း ဆောင်မှုကို လက်ဝါးကြီးအုပ် ရယူထားသဖြင့် ရုပ်သေးသမ္မတများ အဖြစ်သာရှိခဲ့ပြီး ဒီမိုကရေစီ၏ အရသာက ပေါ့ပျက်ပျက် ဖြစ်ခဲ့ရသည်။ ပါတီခေါင်းဆောင်အလိုကျ လူထုထောက်ခံမှုများ စုဝေးပြုလုပ်ခြင်း၊ လွှတ်တော်တွင် အင်အားအသာရမှုကို အသုံးချ၍ ဒီမိုကရေစီ အနိုင်ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယခင်အစိုးရတည် ဆောက်ခဲ့သော ပြည်တွင်းငြိမ်းချမ်း ရေးကလည်း ရှုပ်ထွေးသော ဝေါဟာရ အသုံးအနှုန်းများဖြင့် မကျေမလည် ဖြစ်ခဲ့ကြသည်။ ထို့အပြင် နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင်လည်း ပုဂ္ဂိုလ်ရေးကျော်ကြားမှုကိုသာ အလေးထားခဲ့ပြီး သွား ရောက်ရာ နိုင်ငံများတွင်လည်း ၎င်းတို့ထောက်ခံသူများ၏ ကြိုဆိုထောက် ခံမှုများ၊ လက်ခုပ်သံများအပေါ် သာယာခဲ့ပြီး တိုင်းပြည်အတွက် ထိရောက်သော ဆောင်ရွက်ချက်များ မရှိသလောက်နည်း ပါးခဲ့ကြသည်။ ပွင့်လင်းစွာဝေဖန်ရလျှင် နိုင်ငံတကာ ဆက်ဆံရေးထက် ၎င်းတို့ကို လိုလားသော အနောက်နိုင်ငံကြီးများ၏ လွှမ်းမိုးထောက်ခံမှုကို အသားပေးခဲ့ကြသည်။ ထို့ကြောင့် မတို့ထိသင့်သော နိုင်ငံတကာအမှု အခင်းများကို ပုဂ္ဂိုလ်ရေးယုံကြည်မှုလွန်ကဲကာ ထိတွေ့ခဲ့ပြီး ကိုယ်ပိုင်ပုံရိပ်ကို ထူထောင်ခဲ့သည်။ လူထုထောက်ခံမှုကိုသာ အသားပေးခဲ့ပြီး တိုင်းပြည်တာဝန်များ ပျက်ကွက်ခဲ့သည်ဟု တိတိပပ မှတ်ချက်ပေးလိုသည်။
    ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းတို့ အာဏာတည်မြဲရေး ဆက်လက်ကြိုးပမ်းရာတွင် ဒီမိုကရေစီ ပုံရိပ်ဆိုးဖြစ်သော မဲမသမာမှုကို ကျူးလွန်ခဲ့သည်။ ယင်းဖြစ်ရပ်ကို အချိန်မီပြုပြင်ရန်  ပြိုင်ဘက်နိုင်ငံရေး ပါတီများ၏ ဖိအားပေးမှုကြောင့် တပ်မတော်က အကြိမ်ပေါင်းများစွာ သတင်းစာရှင်းလင်းပွဲများ ပြုလုပ် သတိပေးခဲ့ခြင်း၊ တပ်မတော် ကိုယ်တိုင်က မဲစာရင်းများကို ပြန်လည်စိစစ်ရာတွင် မဲသမာမှုပြုလုပ်ထား ကြောင်း ခိုင်မာသည့်အထောက် အထားများ တွေ့ရှိခဲ့ရသဖြင့် အစိုးရကို ပြန်လည်စိစစ်ပေးပါရန်နှင့် တတိယအကြိမ် လွှတ်တော်ခေါ်ယူမှုပြုလုပ်ခြင်းကို ဆိုင်းငံ့ပေးထားရန် တောင်းဆိုခဲ့သည်။ သို့သော် ပါတီခေါင်းဆောင်၏ သဘောထားများကို မလွန်ဆန်နိုင်သော နိုင်ငံခေါင်းဆောင်မှုက နောက်ဆုံးအချိန်ထိ လူထု ထောက်ခံမှုဟူသော လက်တွေ့မပါသော အရပ်စကားများဖြင့်သာ တင်းခံခဲ့ကြသည်။ ထို့ကြောင့် ဒီမိုကရေစီ သည် ရုပ်ပျက်ဆင်းပျက်ဖြင့် အဆုံးသတ်ခဲ့ရပြီး ရွေးကောက်ပွဲ မဲမသမာမှုများက သမိုင်းမှတ် တမ်းတင်ခဲ့ရသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့်အတိုင်း တိုင်းပြည်တာဝန်ကို ရယူခဲ့ကြသည်။ထိုသို့ နိုင်ငံရေး မကျေလည်မှုများကို ဒီမိုကရေစီကို အလေးထားပါသည်ဟု ဆိုသည့် ပါတီဝင်များနှင့် ထောက်ခံသူများက အကြမ်းဖက်နည်းလမ်းကို ရွေးချယ်ကာ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်ခဲ့ကြသည်။ ပြည်ပနိုင်ငံများသို့ တိမ်းရှောင်ကာ အကြမ်းဖက်ခေါင်း ဆောင်အဖွဲ့များဖွဲ့စည်းကာ လူငယ်အချို့ကို ၎င်းတို့ လက်အောက်ခံအဖြစ် စည်းရုံးသိမ်းသွင်းကာ အကြမ်းဖက်အဖွဲ့များအဖြစ် အသွင်ပြောင်းခဲ့ကြသည်။
    ဒီမိုကရေစီအရေး အကြောင်းပြအကြမ်းဖက်မှုများ၊ မတည်မငြိမ် အခြေအနေကို အခွင့်ကောင်းယူရာ  နယ်မြေချဲ့ထွင်ရေးစစ်ပွဲများ ဖန်တီးခဲ့ကြသည့် လက်နက်ကိုင်အဖွဲ့များက တောကြောင် လက်ခမောင်းခတ်မှုများ၊ နိုင်ငံကြီးအချို့က ဖိအားများကို တိုင်းပြည်တာဝန်ယူခဲ့သည့် အစိုးရက ရင်ဆိုင်ခဲ့ရသည်။ တစ်ဖက်တွင်လည်း ဒီမိုကရေစီအမည်းစက်စွန်းထင်းမှုကို ချေဖျက်ရန်အတွက် တရားမျှတ၍ သိက္ခာရှိသော ရွေးကောက်ပွဲကို ကျင်းပရန် တာဝန်တစ်ရပ်ကိုလည်း ထမ်းဆောင်နေရသည်။
    ဤနေရာတွင် နိုင်ငံခေါင်းဆောင်မှု အခန်းကဏ္ဍက အရေးပါလှသော အခြေအနေဖြစ်သည်။ တိုင်းပြည်၏ အကျပ်အတည်းကို ဖြေရှင်းရာ၌ ပြည်တွင်းရေးတစ်ခုတည်းသာမက နိုင်ငံတကာဆက်ဆံရေး ကလည်း အရေးပါ အရာရောက်လှသည်။ ပြည်တွင်းလူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် မိမိထက် စီးပွားရေးအရ၊ ဓနအင်အားအရ သာလွန်သော နိုင်ငံကြီးများ၏ အကူအညီကို ပါးနပ်စွာရယူရန် လိုအပ် သည်။ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ အရောင်အသွေးမပါသော ကူညီထောက်ခံမှုများက နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွင် အရေးပါလှသည်။ ၂၀၂၀ ရွေးကောက်ပွဲအလွန် နှစ်အပိုင်းအခြားတို့တွင် မြန်မာနိုင်ငံအနေနှင့် မိတ်ဆွေစစ်နှင့် မိတ်ဆွေအယောင်ဆောင်ဆက်ဆံသည့် နိုင်ငံ တကာ ဆက်ဆံရေးတို့ကို သင်ခန်းစာရခဲ့သည်။ အစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို လက်ခံကာ အစိုးရ၏ တရားဝင်မှုကို လျစ်လျူရှုကာ ပြည်တွင်းရေးကို စွက်ဖက်လိုသော နိုင်ငံအချို့၏ သဘောထားကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ သို့သော် တစ်ဖက်တွင်လည်း အစိုးရ၏ ဆောင်ရွက်ချက်များကို အားပေး ထောက်ခံသည့် အင်အားကြီး နိုင်ငံများနှင့်လည်း တရားဝင်မှုအရ ဆက်ဆံရေးကောင်းများ တည်ဆောက် ထားကာ အကူအညီများ ရယူနိုင်ခဲ့ခြင်းကလည်း လက်ရှိ ခေါင်းဆောင်၏ခေါင်းဆောင်မှုကောင်းကို ပြသနေခြင်း ဖြစ်သည်။
    နိုင်ငံတော်တာဝန်ယူစဉ်က ကတိကဝတ်အတိုင်း တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် ကျင်းပရန်အတွက် နိုင်ငံတကာ၏ အားပေးထောက်ခံမှုများကို ရယူထားသလို ရွေးကောက်ပွဲအလွန် နိုင်ငံနှင့် ပြည်သူတို့၏ဘ၀ တိုးတက်မြင့်မားလာရေးအတွက် ကြိုတင်စီမံမှုများကို ဆောင်ရွက်နေမှုကလည်း ပေါ် လွင်ထင်ရှားလာသည်။ အောင်မြင်သော နိုင်ငံတကာခရီးစဉ်များနှင့်အတူ ခေါင်းဆောင်မှုကို ပြသထား သည်။ ထင်ရှားအောင်မြင်သော နိုင်ငံတကာခရီးစဉ်တစ်ခုအဖြစ် ၂၀၂၅ ခုနှစ် သြဂုတ်လကုန်ပိုင်းက နိုင်ငံ တော်အကြီးအကဲ၏ တရုတ်နိုင်ငံခရီးစဉ်ကလည်း ပါဝင်ခဲ့သည်။ ထိုခရီးစဉ်၏ အနှစ်ချုပ်အရ မြန်မာနိုင်ငံအတွက် အကျိုးအမြတ်များမှာ  နိုင်ငံရေးအရ အသိအမှတ်ပြုမှု၊ နိုင်ငံတကာရေးအရ အသိအမှတ်ပြုမှု၊ မြန်မာနိုင်ငံတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို တရုတ်နိုင်ငံနှင့် အိမ်နီးချင်းအင် အားကြီး အိန္ဒိယအပါအဝင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးကို တရုတ်နိုင်ငံအနေနှင့် ဆက်လက်ကူညီသွား မည်ဟူသော အာမခံချက်နှင့် မြန်မာနိုင်ငံ၏ လိုအပ်သည့် ဖွံ့ဖြိုးတိုးတက်ရေးများကို ဆက်လက်ပြီး ရပ်တည်သွားမည်ဟူသော ကတိကဝတ်များကို ရရှိခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံစီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အပြန်အလှန် စာချုပ်များကိုလည်း ချုပ်ဆိုနိုင်ခဲ့သော နိုင်ငံတ ကာမျက်နှာစာတွင် အောင်မြင်သော ခရီးစဉ် ဖြစ်ခဲ့သည်။
    နောက်ထပ် အောင်မြင်သော ခရီးစဉ်အဖြစ် ယခုရက်ပိုင်းက သွားရောက်ခဲ့သည့် ရုရှားနိုင်ငံခရီးစဉ် ဖြစ်ပြီး မိမိနိုင်ငံထက် အင်အားအဆပေါင်းများစွာကြီးမားသော နိုင်ငံ့ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် ခရီးစဉ်ပင် ဖြစ်သည်။ မိမိတို့နိုင်ငံကို အခမ်းအနားများဖြင့် လှိုက်လှဲစွာ ကြိုဆိုသည့်မြင်ကွင်းများက နိုင်ငံတကာအလည်တွင် ဂုဏ်ယူဝင့်ကြွားနိုင်သော မြင်ကွင်းများ ဖြစ်သည်။ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ်တွင် နှစ်နိုင်ငံခေါင်းဆောင် နှစ်ဦးတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ ံ. H.E. Vladimir Vladimirovich Putin က မိမိတို့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း ၇၀ ကျော်ရှိပြီဖြစ်ပြီး အဆွေတော် ရုရှားနိုင်ငံသို့ ရောက်ရှိခဲ့ချိန်များတွင် နှစ်နိုင်ငံအကြား သဘောတူညီချက်များစွာကိုလည်း ရေးထိုးနိုင်ခဲ့ပြီးဖြစ် ကြောင်း၊ ထိုကဲ့သို့ နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား ရရှိထားသည့် သဘောတူညီချက် များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး အသေးစိတ် ဆွေးနွေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
    နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌကလည်း မြန်မာ-ရုရှားနှစ်နိုင်ငံ သံတမန် ဆက်ဆံရေးသည် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား စစ်ဘက်သံတမန်ဆက်ဆံရေးသည်လည်း ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အတူတကွ လက်တွဲဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတိုင်းသည် ၎င်းတို့၏ အချုပ်အ ခြာအာဏာနှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားအပေါ် လုံခြုံရေး အရ ထိပါးလာခဲ့ပါက ကာကွယ်ပိုင်ခွင့်ရှိသည်ကို မိမိအနေဖြင့် လက်ခံထားပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန်အတွက် ရုရှားနိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်ချက်များကိုလည်း မိမိအနေဖြင့် ကြိုဆိုပါ ကြောင်း၊ မကြာမီ ကာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုကျင်းပသွား မည်ဖြစ်ပြီး ကျင်းပပြီးစီးပါက ဒီမိုကရေစီစံ နှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်သွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပချိန်တွင် နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကိုလည်း ဖိတ်ခေါ်သွား မည်ဖြစ်ကြောင်း၊ အနာဂတ်ကာလများတွင်လည်း မိမိတို့နှစ်နိုင်ငံနှင့် ပြည်သူများ၏ ဘုံအကျိုးစီး ပွားများအတွက် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။
    ရုရှားနိုင်ငံခရီးစဉ်အတွင်း နိုင်ငံ့ခေါင်းဆောင်၏ ကြိုးပမ်းမှုများအနက် ထူးခြားမှုတစ်ခုမှာ မြန်မာ နိုင်ငံတွင် အငယ်စား နျူကလီးယားလျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက်နိုင်ရေးအတွက် နှစ်နိုင်ငံ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အကြီးအ ကဲကလည်း ၎င်းင်း၏ ရည်မှန်းချက်ကို "ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum)တွင် "နျူကလီးယားစွမ်း အင်ဟာ ကာဗွန်ထုတ် လွှတ်မှုနည်းပါးသည့် Green Energy တစ်ခုလည်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်မှ တည်ငြိမ်သော လျှပ်စစ်ဓာတ်အားကို ထုတ်ယူပြီး နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း။ မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်စွမ်းအား လိုအပ်ချက် မြင့်မားလျက်ရှိပြီး အသေးစားစက်မှုလုပ်ငန်းများနှင့် ကျေးလက်နေပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ဖြည့်တင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် နျူကလီးယား နည်းပညာနှင့် ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် စက်မှုကဏ္ဍများတွင် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။ ထိုအချက်က မြန်မာနိုင်ငံ၏ နာတာရှည်လျှပ် စစ်စွမ်းအား လိုအပ်ချက်ကို များစွာအထောက်အကူပြု ကုစားနိုင်မည့် အနာဂတ်ကို နိုင်ငံ့ခေါင်းဆောင်၏ မျှော်မှန်းဆောင် ရွက်ချက်တစ်ခုပင် ဖြစ်သည်။
    နိုင်ငံတော် ယာယီသမ္မတသည် ရုရှားခရီးစဉ်နှင့်အတူ ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတ  H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ အလုပ်သဘောခရီး သွားရောက်ခဲ့ပြီး ကာဇက်စတန်သမ္မတ နိုင်ငံသမ္မတနန်းတော်၌ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး တွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် ကာဇက်စတန် သမ္မတနိုင်ငံ သမ္မတက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့ဝင်များအား ကာဇက်စတန်နိုင်ငံမှ လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုပါကြောင်း၊ အဆွေတော်သည် ကာဇက်စတန်နိုင်ငံသို့ ပထမဦးဆုံးလာရောက်သည့် မြန်မာနိုင်ငံမှခေါင်းဆောင် တစ်ဦးလည်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံသမိုင်း ကြောင်းဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် ပထဝီဝင်အနေအထားအရ အချက်အချာကျသည့် နေရာတွင် တည်ရှိနေသည်ကို လေ့လာသိရှိရပါကြောင်း၊ မြန်မာနိုင်ငံနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားရန် မိမိတို့အနေဖြင့် အသင့်ရှိပါကြောင်းပြော ဆိုခဲ့သည်။
    တွေ့ဆုံမှုတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌကလည်း မိမိအနေဖြင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန်၊ အမြင် ချင်းဖလှယ်နိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်ပြီး ပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်တွန်းအား တစ်ခုဖြစ်စေလိမ့်မည်ဟု ယုံကြည်မိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ပထဝီအနေ အထားအရ အလှမ်းဝေးကွာ သော်လည်း ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍပေါင်းစုံတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင် ရွက်သွားလိုကြောင်းဖြင့် ပြောကြားခဲ့သည်။
    အထက်ပါ ခရီးစဉ်များအတွင်း နိုင်ငံ့ခေါင်းဆောင်များ အချင်းချင်း ပြောဆိုရာတွင် မြန်မာနိုင်ငံအပေါ် အလေးဂရုပြု ဆက်ဆံခြင်းများ၊ နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် ကူညီပေးနိုင်မှုများကိုသာ အဓိကထား ပြောဆိုခဲ့ကြသည်။ နိုင်ငံ့ခေါင်းဆောင်ကလည်း နိုင်ငံတကာ ဆက်ဆံရေးကောင်းများ ထူထောင်နိုင်မှုအပြင် နိုင်ငံ့အနာဂတ် လိုအပ်ချက်များကို မျှော်တွေးလုပ်ဆောင် ခဲ့သည်ကို ထင်ထင်ရှားရှား မြင်တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ့ခေါင်းဆောင်၏ အောင်မြင်သော နိုင်ငံတကာခရီးစဉ်များ မှတစ်ဆင့် နိုင်ငံစီးပွားရေးအတွက် မျှော်လင့်ချက်များ၊ နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် မျှော်လင့်ချက်များ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အရင်းအမြစ်များ ရရှိရေးအတွက် ခိုင်မာသော လက်တွေ့ ဆောင်ရွက်ချက်များက ရောင်နီသန်းလာခဲ့ပြီ ဖြစ်သည်။ ထိုနိုင်ငံတကာအသိအမှတ်ပြု ရွေးကောက်ပွဲမှတစ်ဆင့် သိက္ခာ ရှိသော အစိုးရတစ်ရပ်ပေါ်ထွန်းလာပြီး ရရှိထားသော အခွင့်အရေးများကို အမိအရ အသုံးချနိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် မဝေးတော့သည့် အနာဂတ်တွင် ရောက်ရှိလာ တော့မည်ဟု ယုံကြည်မိပါသည်။ (ထူးမြတ်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 13

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53664

© 2022 - 2025 News. All Rights Reserved.