နိုင်ငံသားတို့၏ လုံ့လဝီရိယ

၂၀၂၅ ၊ အောက်တိုဘာ ၄
    နိုင်ငံတစ်နိုင်ငံ၏ ချမ်းသာခြင်း၊ ကြီးပွားခြင်း၊ တိုးတက်ခြင်း၊ ကျော်စောခြင်းများသည် ယင်းနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူ၊ နိုင်ငံသားများ၏ အသိအလိမ္မာ၊ ဉာဏ်၊ ပညာ၊ ဝီရိယ၊ ဇွဲ၊ သတ္တိတို့ နှင့် ယှဉ်သည့် ကြိုးစားအားထုတ်မှုများပေါ်တွင်သာ တည်လေသည်။  ဤသို့သော ကြိုးစားအားထုတ်မှုများကြောင့်သာလျှင် နိုင်ငံ၏ ချမ်းသာကြီးပွား တိုးတက်ကျော်စောခြင်းများ ဖြစ်လာနိုင်ပါသည်။ အခြားမည်သည့် အကြောင်းကြောင့်မှ ဖြစ်မလာနိုင်ပေ။
    လူတို့၏ သမိုင်းကြောင်းအရ လူသည် နှစ်ပေါင်းငါးသောင်းကျော် မုဆိုးဘဝဖြင့် အသက်မွေးခဲ့ကြရသည်။ သားစိမ်း ငါးစိမ်း စားခဲ့သည့်ဘဝမှ ယနေ့ နည်းပညာခေတ်အထိ ပြောင်းလဲခဲ့သည့် လူ့သမိုင်း အဆက်ဆက်ကို လေ့လာလျှင် လူတို့၏ ကာယ၊ ဉာဏ လုပ်အားများကြောင့်သာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ခဲ့ကြောင်း သိနိုင်ပါသည်။ အကယ်၍ ကမ္ဘာဦး လူသားများကသာ ကျောက်တုံးနှစ်ခုကို ပွတ်တိုက် ခြင်းဖြင့် မီးရနိုင် သည်ဟူသော ယုံကြည်ချက်ဖြင့် အပင်ပန်းခံ၍ ပွတ်တိုက်ခြင်း အလုပ်ကို မပြုလုပ်ခဲ့လျှင် လူတို့သည် ယနေ့တိုင် သားစိမ်းစားနေရဦးမည် ဖြစ်သည်။ ထို့အတူ မြေကြီးကို ကြိုးစား၍ တူးဖော်သည့် အလုပ်မလုပ်ခဲ့လျှင် မြေကြီးအတွင်းမှ ရေရရှိနိုင်သည်ဟူသောအသိကို ယနေ့တိုင် သိကြဦးမည် မဟုတ်ပေ။ 
    ကမ္ဘာ့သမိုင်းကို ကြည့်မည်ဆိုလျှင် ကမ္ဘာ့ထိပ်တန်းကျသော ပုဂ္ဂိုလ်ကြီးများသည် လည်းကောင်း၊ လူသားတို့၏ အကျိုးကို ရှေးရှုခဲ့သည့် သိပ္ပံ ပညာရှင် ကြီးများသည်လည်းကောင်း မိမိတို့၏ အလုပ်ကို မြတ်မြတ်နိုးနိုး ကြိုးစားလုပ်ကိုင်ခဲ့ကြ၍ ၎င်းတို့၏ အလုပ်မှ အမြတ်အစွန်းနှင့် ဘဝ၏ အောင်မြင်မှုများကို ရရှိခဲ့ကြ ခြင်းဖြစ်သည်။ 
    သောမတ်စ်အက်ဒီဆင် (၁၈၄၇-၁၉၃၁)သည် တပည့်ပေါင်း ၅၀ ခန့်နှင့် သတ္တုအမျိုးမျိုးကို လက်တွေ့စမ်းသပ်မှုပေါင်း ၁၆၀၀ ကျော် ပြုလုပ်ပြီးမှ ယနေ့ မီးသီးများတွင် အသုံးပြုသော မီးစာနန်း ကြိုးကိုရခဲ့သည်။ စိုင်ရပ်စ်ဟောမက်ကောမစ် (၁၈၀၉-၁၈၈၄)သည် အခက်အခဲပေါင်းများစွာကို ကျော် လွှားပြီး လယ်ရိတ်သိမ်းစက်၊ လယ်ထွန်စက်များကို တီထွင်နိုင်ခဲ့သည်။ အင်ဒရူးကာနေဂျီ(၁၈၃၅-၁၉၁၉)သည် သံမဏိစက်ရုံကြီးများကို လည်းကောင်း၊ ဟင်နရီဖို့ဒ် (၁၈၆၃-၁၉၄၇)သည် မော်တော်ကားများကိုလည်းကောင်း၊ အော်ဗီနှင့်ဝီလ်ဘာညီနောင်တို့သည် လေယာဉ်ပျံ၏ ပမာဏကိုလည်းကောင်း အသီးသီး ကြိုးစားပျိုးထောင်ခဲ့ကြသည်။ ယနေ့လူသားတို့ နေ့စဉ်စားသောက်သုံးစွဲ လုပ်ကိုင်နေသည့် အရာဝတ္ထုတိုင်းသည် လူတို့၏ကြိုးစားအားထုတ်မှုအပင်မှ ရရှိထားသည့် အသီးအပွင့်များသာလျှင် ဖြစ်သည်။ မကျန်းမာ၍ သုံးစွဲရသည့် ဆေးဝါးကိရိယာများ သည်လည်း ထိုအပင်မှ အကိုင်းအခက်များသာ ဖြစ်သည်။ 
    လူတိုင်းသည် အစားဆင်းရဲခြင်း၊ အဝတ်ဆင်းရဲခြင်း၊ အနေဆင်းရဲခြင်း အစရှိသည့် လူမှုဒုက္ခ အပေါင်းကို မတွေ့ကြုံလို၊ ရင်မဆိုင်လိုကြပေ။ ယင်းဒုက္ခများနှင့် ကင်းဝေးစေရန် ဆုတောင်းနေရုံမျှနှင့်မပြီး ယင်းဒုက္ခများနှင့် ကင်းဝေးရာ ကင်းဝေးကြောင်းကို လက်တွေ့အားထုတ်မှ အလို ပြည့်မည် ဖြစ်သည်။ 
    ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းမြွက်ကြားခဲ့ သည့်အတိုင်း မိမိတို့သည် ပြဲအောင် အလုပ်လုပ်မှ၊ ကျုံးလုပ်နိုင်မှ၊ ကုန်းလုပ်နိုင်မှ တန်ကာကျမည်ဖြစ်သည်။ မီးတောင်တစ်ခု ပေါက်ကွဲခြင်းသည် မိနစ်ပိုင်းမျှသာ ဖြစ်သော်လည်း ထိုမီးတောင်ပေါက်ကွဲရန် ဖွဲ့စည်းအားယူလှုပ်ရှားမှုမှာ နှစ်ပေါင်းများစွာ ကြာမြင့်သည်။ ထိုနည်းတူ ကမ္ဘာပေါ်တွင် ထွန်းတောက်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန် ထိုနိုင်ငံသားတို့က နှစ်ပေါင်းများစွာ အားယူဖွဲ့စည်း လှုပ်ရှားကြရမည်သာဖြစ်သည်။
    နိုင်ငံအတွက် လိုအပ်သော နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ရန်မှာ မိမိအလုပ်ကို တန်ဖိုး ထား၍ တာဝန်ကျေပွန်စွာ ထမ်းဆောင်ရန် လိုအပ်ပါသည်။ မိမိအလုပ်ကို ချစ်မြတ်နိုးပါသည်ဟု ပါးစပ်ကတဖွဖွ ပြောပြီး လက်တွေ့တွင် ရေသာခို အချောင်လိုက် နေသူများကိုလည်း အထူးသတိပြုရန် လိုအပ်ပါသည်။ ထိုလူမျိုးသည် ကိုယ့်တပ်ကိုယ် ပြန်တိုက်သူ၊ ကိုယ့်ကြက်ကိုယ် ရိုက်သတ်သူနှင့်တူသည်။ ပါးစပ်ကသာ ပြောပြီး လက်တွေ့အလုပ် မလုပ်သူသည် မိမိအလုပ်ကို အပေါ်ယံအယောင်ဆောင် ချစ်မြတ်နိုးသူသာ ဖြစ်သည်။ မိမိ၏ အလုပ်အပေါ် ချစ်မြတ်နိုးစိတ် သည် မိမိ၏အတွင်းစိတ်သို့ ရောက်ရှိပြီး အစိုင်အခဲဖြစ်နေမှ သာလျှင် မိမိရောက်လိုသော အခြေအနေ၊ လုပ်လိုသော လုပ်ငန်းများအတွက် အစဉ်သတိရှိပြီး အချိန်တိုင်း တက်ကြွနေမည်ဖြစ်သည်။ ယင်းသို့ ထာဝစဉ်တက်ကြွနေသော စိတ်သည်သာလျှင် မိမိအကောင်အထည် ဖော်လိုသော လုပ်ငန်း၊ ရောက်လိုသော ရည်မှန်းချက်ပန်းတိုင်သို့ ရောက်နိုင်လိမ့်မည် ဖြစ်သည်။    
    နိုင်ငံတစ်နိုင်ငံ အနှေးနှင့်အမြန် တိုးတက်ရန် သည်လည်းကောင်း၊ ကျဆုံးရန်သည်လည်းကောင်း ထို နိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်များအပေါ်တွင်သာ မူတည်ပါသည်။ သို့ဖြစ်၍ နိုင်ငံသားတိုင်းသည် မိမိတို့ လုပ်နေသမျှသည် မိမိနိုင်ငံ၊ မိမိလူမျိုးအတွက်ဟူ၍ တန်ဖိုးထားကြရန် လိုအပ်လှပါသည်။ မှန်ကန် သောစိတ်၊ တိုးတက်သောအမြင်နှင့် တန်ဖိုးရှိသော ကြိုးစားအားထုတ်မှုများကို အပြည့်အ၀ ဆောင်ရွက် ကြမည်ဆိုပါက တိုးတက်သော နိုင်ငံ၊ တိုးတက်သော လူမျိုးများ ဖြစ်လာမည်မှာ မလွဲမသွေ ဖြစ်ပါသည်။ 
    ဝီရိယဓာတ်ခံဖြင့် လုပ်ဆောင်သမျှ မပြီးစီးဘဲ မရှိနိုင်ကြောင်းကို ဗုဒ္ဓသည် မဟာဇနက္က ဇာတ်တော်၌ 'ဝီရိယဝတော ဘိက္ခေ၀ ကိံနာမ ကမ္မံ နသိဇ္ဈတိ'ဟူ၍ ဟောကြားတော်မူခဲ့သည်။ ဘိက္ခဝေ-ရဟန်းတို့၊ ဝီရိယဝတော 'လုံ့လစွမ်းအင် စိတ်ထက်သန်၍ ဝီရိယဓာတ်ခံ ကောင်းသောသူအား၊ ကိံနာမကမ္မံ - အဘယ် အမှုမျိုး သည် နသိဇ္ဈတိ'အချည်းအနှီး မပြီးမစီးဘဲ နေနိုင်မည် နည်းဟူ၍ ဆိုလိုပါသည်။
    မှားယွင်းသော အယူဝါဒ၊ လွဲမှားသော အတွေးအခေါ်၊ မမှန်ကန်သော ယုံကြည်ချက်တို့သည် လူတို့၏ နှလုံးသားတွင် နာတာရှည်ရောဂါကဲ့သို စွဲကပ်မနေသင့်ပေ။ ဆူး၊ ညှောင့်၊ ခလုတ်တို့ကို နုတ်ပစ်သ ကဲ့သို့ ယင်းရောဂါ အဆွေးများကိုလည်း အမြစ်ပါမကျန်စေရန် ပယ်ဖျောက်စွန့်လွှတ်ရမည်ဖြစ်သည်။ နိုင်ငံသားတိုင်းသည် အမှားဟောင်းများကို တစ်ဖန်ပြန်၍ မမှားသင့်ပေ။ အမှားအသစ်ကိုလည်း မလုပ်မိကြစေရန် အထူးစောင့် ထိန်းနိုင်ပါက မည်သူမျှ မှားကြတော့မည်မဟုတ်ပေ။ လူ့အဖွဲ့အစည်းသည် အမှား နည်းလျှင် တိုးတက်၍ အမှားများလျှင် ပျက်စီးကြသည်သာဖြစ်သည်။ အချည်းနှီးသောကိစ္စ၊ အချည်းနှီးသော အလုပ်တို့၌ မိမိ၏အင်အားနှင့် အချိန်ကို မသုံးသင့်ပေ။ မိမိနိုင်ငံ၊ မိမိလူမျိုးတိုးတက်ကြီး ပွားရေးအတွက်သာ အသုံးပြုအပ်ပါသည်။
    မိုက်သောသူကို လိမ္မာစေရန်အရေးမှာ လိမ္မာပြီးသောသူ၏တာဝန် ဖြစ်သည်။ မယဉ်ကျေးသောသူကို ယဉ်ကျေးစေရန်မှာ ယဉ်ကျေးပြီးသောသူ၏ တာဝန်ဖြစ်သည်။ မျက်စိအမြင် မပွင့်လင်းသေးသော သူ၏ မျက်စိကိုဖွင့်ရန်မှာ မျက်စိအမြင် ပွင့်ပြီးသောသူ၏တာဝန် ဖြစ်သည်။ သို့ဖြစ်၍ ကာယ၊ ဉာဏ၊ ဝီရိယအားတို့၏ အကျိုးရလဒ်ကို သိမြင်ပြီး ကြိုးစားအားထုတ်ခြင်း၏ အနှစ်သာရ အစစ်အမှန်ကို ချစ်မြတ်နိုးကြသူများသည် မသိ၊ မမြင်နားမလည်၊ သဘောမပေါက်ကြသေးသူများအား အသိပညာ ပေးရန်မှာလည်း အထူးလိုအပ်လှသော တာဝန်တစ်ရပ်ပင် ဖြစ်ပါတော့ သည်။   (ခင်ဉာဏ)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53664

© 2022 - 2025 News. All Rights Reserved.