၂၀၂၅ ၊ စက်တင်ဘာ ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပြည်ထောင် စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်မှု၊ ဂျပန်နိုင်ငံ ဆာဆာကာဝါ ငြိမ်းချမ်းရေးဖောင်ဒေးရှင်း၏ ပံ့ပိုးကူညီမှုတို့ဖြင့် နိုင်ငံ့ဝန်ထမ်းများ အရည်အသွေးတိုးတက် မြင့်မားရေးအလုပ် ရုံဆွေးနွေးပွဲ ၂၀၁၁ (Workshop on Capacity Enhanc-ement of Myanmar Civil Service - 2011) ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် နေပြည်တော်၌ ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲသို့ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယနိုင်ငံတို့မှ ကျွမ်းကျင်သူပညာရှင်များ တက်ရောက်ခဲ့ပြီး အာရှဒေသ၏ စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာတို့ကို ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ပြည်ထောင် စုဝန်ကြီးဌာနအသီးသီးမှ အရာထမ်းဦးရေ ၉၀ တို့ကလည်း တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် ပါဝင်ဆွေးနွေးခဲ့သော အရာထမ်းဦးရေ ၉၀ အနက် စာရေးသူအပါအဝင် ဝန်ကြီးဌာနအသီးသီးမှ အရာထမ်း ၁၅ ဦးကို ရွေးချယ်၍ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး စေလွှတ်ခဲ့ပါသည်။
ထိုစဉ်အခါက ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးစိုးဦး ခေါင်းဆောင်ပြီး ဂျပန်နိုင်ငံ အိုဆာကာ၊ ကျိုတိုနှင့် တိုကျိုမြို့များရှိ အစိုးရအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာများကို လေ့လာခဲ့ကြပါသည်။ ဂျပန်နိုင်ငံ တိုကျိုမြို့၌ “Japanese Organizational Management and Leadership” သင်တန်းပို့ချမှုကိုလည်း တက်ရောက်ခဲ့ကြပြီး မြန်မာကိုယ်စားလှယ်များက အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ အထူး ပြုလေ့လာခဲ့ကြသည့် နေရာများမှာ (၁) Pacific Resource Exchange Center၊ (၂) Matsushita Konosuke Museum၊ (၃) Kyoshin Giken Co.Ltd၊ (၄) Hori Metal Leaf and Powder Co.Ltd၊ (၅) West Nakahama Sewage Treatment Plant တို့ ဖြစ်ပါသည်။ လေ့လာခွင့်ရသည့်အချိန်မှာ အနည်းငယ်သာ ရှိသော်လည်း စံနမူနာယူ ကျင့်သုံးနိုင်မည့် ဂျပန်နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းကောင်းများကို သိရှိခွင့် ရခဲ့ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့သည့် အထက်ဖော်ပြပါ နေရာများအနက်မှ စိတ်ဝင်စားဖွယ်ရာ စက်ရုံတစ်ခုကို တွေ့ရှိခဲ့ရပါသည်။ ထိုစက်ရုံမှာ စွန့်ပစ်မိလ္လာ အညစ်အကြေးများမှ သယံဇာတ အရင်းအမြစ်အဖြစ်သို့ ပြုပြင်ပြောင်းလဲ ထုတ်လုပ်ပေးသည့် 'အနောက်နာကာဟာမာ မိလ္လာအညစ်အ ကြေး သန့်စင်စက်ရုံ (West Nakahama Sewage Treatment Plant)' ဖြစ်ပါသည်။
အနောက် နာကာဟာမာ မိလ္လာအညစ်အကြေးသန့်စင်စက်ရုံသည် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် တည်ရှိပါသည်။ အိုဆာကာမြို့သည် စတုရန်းကီလို မီတာ ၂၂၂ ဒသမ ၄၇ ကျယ်ဝန်း၍ လူဦးရေ ၂ ဒသမ ၈ သန်းကျော် နေထိုင်လျက်ရှိပါသည်။ အိုဆာကာမြို့ တွင် နေထိုင်သူများ နေ့စဉ်စွန့်ပစ်လိုက်သည့် မိလ္လာအညစ်အကြေးများကို မြေအောက်ပိုက်လိုင်းများမှတစ်ဆင့် တွန်းပို့စက်များ အသုံးပြုကာ မိလ္လာအညစ် အကြေး သန့်စင်စက်ရုံသို့ ရောက်ရှိစေပါသည်။ အိုဆာကာမြို့တွင် မိလ္လာအညစ်အကြေး တွန်းပို့စက် စုစုပေါင်း ၅၇လုံး နှင့် သန့်စင်စက်ရုံပေါင်း ၁၂ ရုံ ရှိပါသည်။ တွန်းပို့စက်များသို့ ရောက်ရှိလာသည့် မိလ္လာအညစ်အကြေးများကို သတ်မှတ်ထားသော မိလ္လာအညစ်အကြေး သန့်စင်စက်ရုံ ၁၂ ရုံသို့ အသီးသီး ခွဲေ၀ ပို့လွှတ်ပေးပါသည်။ မိမိတို့လေ့လာရေးအဖွဲ့ ရောက်ရှိခဲ့သည့် အနောက် နာကာဟာမာ မိလ္လာအညစ်အကြေး သန့်စင်စက်ရုံသည် ၁၉၆၃ ခုနှစ် သြဂုတ်လမှ စတင် လည်ပတ်ခဲ့ပြီး အိုဆာကာမြို့ လူဦး ရေ ၂၅၂၅၀၀ မှ နေ့စဉ် စွန့်ပစ်လိုက်သည့် မိလ္လာအညစ် အကြေးများကို သန့်စင်၍ ပြန်လည်အ သုံးပြုနိုင်သော သယံဇာတအဖြစ် ပြုပြင်ပြောင်းလဲ ထုတ်လုပ်ပေးလျက် ရှိပါသည်။
ရှေးဦးစွာ စက်ရုံသို့ ရောက်ရှိလာသည့် မိလ္လာအညစ်အကြေးများကို အနည်ထိုင်သောကန် (Sedimentation tank) တွင် အနည်ထိုင်စေပြီး အရည်နှင့်အနှစ် ခွဲခြားလိုက်ပါသည်။ အနည်ထိုင်သော ကန်အ ပေါ်ပိုင်းရှိ အရည်များကို စက်များ အသုံးပြုပြီး အဆင့်ဆင့်သန့်စင် ရပါသည်။ ထိုသန့်စင်ပြီး အရည်များကို သတ်မှတ်ထား သော မြစ်များဆီသို့ တူးမြောင်းများမှတစ်ဆင့် ပို့လွှတ်လိုက်ပါသည်။
အနည်ထိုင်ကန် အောက်ပိုင်း၌ ကျန်ရှိခဲ့သည့် အနှစ်များကို အအေးခံပြီး ကျုံ့ခဲစေသော ကန် (Condensation Tank) သို့ပို့၍ ကျုံ့ခဲစေပါသည်။ ထို့နောက် ဗဟိုခွာအရှိန်သုံး ရေဓာတ်ကုန်ခန်းစေသောစက် (Centrifugal Dehydration Machine) သို့ ပို့လွှတ်ကာ ရေဓာတ်များကို ကုန်ခန်းစေရန် ပြုလုပ်ရပါသည်။ ရေဓာတ်ကုန်ခန်းသွားသော ထိုအနှစ်ခဲများကိုလည်း အပိုင်းနှစ်ပိုင်းခွဲ၍ အသုံးပြုကြပါသည်။
ပထမပိုင်းမှာ ရေဓာတ်ကုန်ခန်းနေသော အနှစ်ခဲများကို ဇီဝဓာတ်ငွေ့အဖြစ် ပြုပြင်ထုတ်လုပ်ပြီး လျှပ်စစ်စွမ်းအင်အဖြစ် ဖြန့်ဖြူးပေးခြင်း ဖြစ်သည်။ အနောက်နာကာဟာမာစက်ရုံမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများအနက် ၁ ရာခိုင်နှုန်းကိုသာ စက်ရုံအတွက် အသုံးပြု၍ ကျန်ရှိသော လျှပ်စစ်ဓာတ် အားများကို စက်ရုံအနီးရှိ လူနေအိမ် ၁၄၀၀၀ ခန့်ကို နေ့စဉ် ဖြန့်ဖြူးပေးလျက်ရှိပါသည်။
ဒုတိယပိုင်းအနေနှင့် အနှစ်အခဲများကို ပိုက်လိုင်းများဖြင့် ဘိလပ်မြေပြုလုပ်သည့် စက်ရုံ (Maishima Sludge Center)သို့ ပို့ပေးရပါသည်။ ထိုစက်ရုံတွင် ရောက်ရှိလာသော အနှစ်အခဲများကို ကုန်ကြမ်းအဖြစ် အသုံးပြုပြီး ဆောက်လုပ်ရေးလုပ်ငန်းများတွင် အရေးပါသော ဘိလပ်မြေအဖြစ် ပြန်လည် ထုတ်လုပ်ပေးပါသည်။ အလားတူ အိုဆာကာမြို့တွင် ကျန်ရှိသော မိလ္လာအညစ်အကြေး သန့်စင်စက်ရုံ ၁၁ ရုံတို့သည် လည်း အနောက်နာကာဟာမာ စက်ရုံကဲ့သို့ပင် နေ့စဉ်လည်ပတ် လျက်ရှိပါသည်။ ထိုစက်ရုံများသည် ရောက်ရှိလာသော မိလ’ာအညစ်အကြေးများမှ သန့်ရှင်းသော ရေသယံဇာတ၊ လျှပ်စစ်စွမ်းအားနှင့် ဆောက်လုပ်ရေးလုပ်ငန်း သုံးဘိလပ်မြေတို့ကို မိမိတို့နယ်မြေအလိုက် ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိ ကြောင်း တွေ့ရှိရပါသည်။
စင်စစ်အားဖြင့် ဂျပန်နိုင်ငံသည် သဘာ၀သယံဇာတအရင်းအမြစ်များ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံမဟုတ်ပါ။ သို့ရာတွင် ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် စွန့်ပစ်မိလ္လာ အညစ်အကြေးများမှ လူသားတို့ကို အကျိုးပြုနိုင်မည့် သယံဇာတအရင်းအမြစ်များအဖြစ် ပြုလုပ်နိုင်သည့် နည်းပညာများ ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။ ထို့ပြင် ဂျပန်လူမျိုးများသည် မိမိနိုင်ငံနှင့် လူမျိုးအပေါ် ချစ်မြတ်နိုးကြပြီး စည်းလုံးညီညွတ်မှုလည်း ရှိကြပါသည်။ ဂျပန်နိုင်ငံရှိ အဖွဲ့အစည်းများကို ဖွဲ့စည်းကြရာတွင် ဒေသဆိုင်ရာအစိုးရအဖွဲ့၊ ပြည်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်လေ့ ရှိကြပါသည်။
အထက်ပါ မိလ္လာအညစ်အကြေး စက်ရုံများကိုလည်း အိုဆာကာမြို့ ဒေသဆိုင်ရာ အစိုးရအဖွဲ့၊ ပြည်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်သော Osaka city Water and Environment Solution Association (OWESA) အဖွဲ့မှ ကြီးကြပ်စီမံဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ OWESA အဖွဲ့၏ အဓိကလုပ်ငန်းမှာ ရေနှင့်သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်ရန် ဖြစ်သည်။ OWESA အဖွဲ့မှ မိတ်ဖက်နိုင်ငံများနှင့် နည်းပညာများ ဖလှယ်ခြင်း၊ သင်တန်းများ ပေးခြင်းတို့ကိုလည်း ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြရင်း ဂျပန်နိုင်ငံ လေ့လာရေးခရီးစဉ်မှ အတွေ့အကြုံအချို့ကို ဝေမျှလိုက် ပါသည်။ (ခင်ဉာဏ)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )