၂၀၂၃ ဒီဇင်ဘာ ၂၁
ကယ်တင်ရှင်ကြီး
ကလေးငယ်များကြည့်သည့် ဇာတ်လမ်းထဲက အပိုင်းအစတစ်ခုကို လှမ်းကြည့်မိရင်း မြန်မာနိုင်ငံ၏လက်ရှိအခြေအနေနှင့် တူညီသည်ဟု ခံစားမိသည်။ ဇာတ်လမ်းအမည် အစအဆုံးလည်း သေချာမကြည့်ဖြစ်သောကြောင့် အတိအကျမသိသော်လည်း ထိုဇာတ်လမ်းလေးကို ခေါင်းစဉ်ပေးသူက ]ကယ်တင်ရှင်ကြီး}ဟူ၏။ ထိုခေါင်းစဉ်ကို စိတ်ဝင်စားသောကြောင့် ကလေးများကြည့်နေသည့် Movie ကို လှမ်း၍ရှုမျှော် ငေးမိခြင်း ဖြစ်သည်။ ထိုဇာတ်လမ်းကြည့်မိသည့်အထဲက အကျဉ်းကို ပြောရလျှင် ကုန်ကားတစ်စီးပေါ်က ဆော်လမွန်ငါး တစ်ကောင်သည် ပေတစ်ရာလမ်းမပေါ် ပြုတ်ကျကျန်ခဲ့သည်။ ငါးတစ်ကောင် ပေတစ်ရာလမ်းမပေါ် ပြုတ်ကျခြင်းသည် အသက်ရှင်ရန် အခွင့်အလမ်း အလွန်းနည်းသွားပြီ မဟုတ်လော။ ထိုငါးက ချက်ချင်းမသေသေးဘဲ ပေတစ်ရာ လမ်းမပေါ်တွင် ဖျပ်ဖျပ်လူးဖြစ်နေ၏။
ထိုသို့ ဖျပ်ဖျပ်လူးဖြစ်နေချိန်တွင် သေမင်း၏ အထိမ်းအမှတ်အဖြစ် သေမင်းတမန်ခေါ်အရိုးခေါင်း ဓားချွန်ကောက်ကြီးနှင့် ထွက်လာပြီး ငါးကိုသူ၏ ဓားကောက်နှင့် ထိုးခုတ်ရန် ချိန်ရွယ်လိုက်သည်။ ထိုအရာကို ဝက်ဝံလေးက မကြည့်ရှုရက်နိုင်ကာ သေမင်း၏ဓားကောက်ကို လက်နှင့်လှမ်းတားကာ ငါးလေးကို ကယ်တင်လိုက်လေသည်။ ဇာတ်လမ်းက ထိုအချိန်မှစသည်ဟု ဆိုနိုင်ပါသည်။ ငါးကလေးကို မသတ်ပေမယ့် ငါးက လေး ရှင်သန်ရန် လုပ်ဆောင်ရမည့် အချက်များရှိနေ၏။ သို့သော်လည်း ထိုဝက်ဝံနှင့် သေမင်းတမန်တို့တွင် ငါးကလေး၏ အသက်ရှင်နေထိုင်ခြင်း၏ ဘဝဖြတ်သန်းပုံအကြောင်း ကောင်းကောင်းမသိကြ။ ဖျပ်ဖျပ်လူးနေသည့် ငါးကလေးကို မည်သို့မွေးမြူရမည်ဟု ကြံဆောင်ကြရာ ထိုလမ်းမကြီး၏ အနီးတွင်ရှိသည့် ဘေလ်ဘုတ်တွင် ငါးကလေးကို အစာကျွေးရသည့်အကြောင်း သူတို့တွေ့ရှိကြလေသည်။ ထို့ကြောင့် ငါးလေးကို အစာကျွေးကြလေသည်။ ငါးသည် ရေတွင်မနေရဘဲ ကုန်းပေါ်တွင်ဖြစ်သောကြောင့် သူတို့ကျွေးသည့်အစာကို မစားနိုင် မူလအတိုင်းပင် ဖျပ်ဖျပ်လူး နေရှာ၏။ ထိုဘေလ်ဘုတ်ကို ထပ်မံကြည့်ရှုရာ ငါးလေးသည် ရေကြိုက်တတ်မှန်းသိသွားကြ၏။ ကိုယ့်စိတ်အထင်ပေါ့။ ငါးကလေးကို ရေထဲထည့် မွေးကြမည် မှတ်လေသည်။ ဇာတ်လမ်းက ထိုသို့မဟုတ်။ ရေခွက်ကလေးထဲ ရေထည့်ကာ ငါးလေးကိုရေတိုက်လေသည်။ ဝက်ဝံနှင့် သေမင်းတမန်တို့သည် ငါးကလေးကို အစာကျွေးသည်၊ ရေတိုက်သည်၊ ကြည်နူးစရာမြင်ကွင်းပေါ့။ သို့သော်လည်း ရေတွင်နေသည့်ငါးသည် ရေတွင်မနေရဘဲ ဖျပ်ဖျပ်လူးသာနေလေသည်။ ဒီပုံစံအတိုင်းဆိုလျှင် ငါးလေးအသက်ရှင်ရန်ခက်မည်ကို မြင်တွေ့ရသောကြောင့် ငါးကလေးကိုပွေ့ယူကာ ဆရာဝန်ထံသွား၍ ပြကြလေတော့သည်။ ဆရာဝန်ကတော့ ငါးကလေး၏ အခြေအနေကိုသိမည်ဟု ယုံကြည်မိပြန်သည်။ သို့သော် ဆရာဝန်က ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေသော ငါးကလေးကို တွေ့အပြီး EGC စက်နှင့် ငါးလေး၏ ရင်ဘတ်ကိုဖိကပ်ကာ အသက်ကယ်လေသည်။ ဆရာဝန်ကယ်မှ နိဂုံးချုပ်ပြီဟုဆိုရမလား ငါးကလေးသည် မီးခိုးတလူလူထွက်ကာ လစ်သွားလေတော့သည်။ ထိုအချိန်ရောက်မှ သေမင်းတမန်၊ ဝက်ဝံပေါက်လေးနှင့် ဆရာဝန်တို့သည် ငါးကလေးကို ပန်းကန်ထဲထည့်ကာ ပွဲတော်တည်ကြလေတော့သည်။
မောင်တို့ PDF များလုပ်ပုံကိုင်ပုံနှင့် ဘာများထူးသလဲဟု အတွေးပေါ်မိရင်းက ထိုအကြောင်းအရာကို ပြောပြလိုရင်း ဖြစ်ပါသည်။ အမည်နာမကလေးက လှရဲ့ မဟုတ်လား။ ပြည်သူ့ကာကွယ်ရေးတပ်တဲ့။ အဟုတ်မှတ်သည့်သူများလည်း များရဲ့မဟုတ်လား။ ပြီးတော့ ပြည်သူ့ကာကွယ်ရေးဆိုကာ ဆရာ၊ ဆရာမမှစပြီး ရဟန်းသံဃာများထိ သတ်ဖြတ်ကြသည် မဟုတ်လား။ ထိုကဲ့သို့ သတ်ဖြတ်ကြောင်းကို မြန်မာသာမက ကမ္ဘာကပါ သိ၏။ ကုလသမဂ္ဂလည်းသိသည်။ အမေရိကန်လည်း သိသည်။ ပြည်သူကို ကာကွယ်မည်ဟုဆိုကာ ပြည်သူ့ထံပဲ ဓားပြတိုက်၊ ဆက်ကြေးကောက်၊ လူသတ်ကာပြသည့် သူကို ပွဲတော်သဖွယ် တည်ခင်းစားသောက်ကြသည် မဟုတ်လားဟု ထိုဇာတ်လမ်းတိုလေးကို ခဏတာကြည့် မိရင်း ပေါ်မိသည့်အတွေးလေးကို ပြန်လည်မျှဝေရခြင်း ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
ရှိခိုးလိုက်၊ ကိုင်ပေါက်လိုက်
ဒီရက်ပိုင်း သူငယ်ချင်းဖြစ်သူက ဖုန်းဆက်၏။သူ၏ မီနီမားကတ်ဈေးဆိုင်လေးနှင့်ပတ်သက်၍ အခက်အခဲများအကြောင်း ဖြစ်လေသည်။ သူ၏ဈေးဆိုင်လေးသည် ဝန်ထမ်း ၁၀ ယောက်ခန့်ဖြင့် လည်ပတ်နေခြင်းဖြစ်၍ အရောင်းအဝယ်ကောင်းသည့်အထဲတွင်ပါသည်ဟု ပြောနိုင်ပါသည်။ အရောင်းအဝယ်ကောင်းခြင်းသည် မင်္ဂလာတစ်ပါးမဟုတ်လား။ သို့သော် ဒီခေတ်၊ ဒီအခြေအနေမျိုးတွင် အရောင်းအဝယ်ကောင်းခြင်းသည် အန္တရာယ်ကို ဖိတ်ခေါ်ခြင်းနှင့်တူ၏ဟု သူငယ်ချင်းက ရင်ဖွင့်လေသည်။ ဘယ်လိုများဖြစ်ရသလဲဟု သူငယ်ချင်းကို မေးမြန်းကြည့်ရာ မောင်တို့ PDF များက အလှူခံကြခြင်း ဖြစ်လေသည်။ အလှူခံတာများကွာ ထည့်ချင်ထည့်၊ မထည့်ချင်မထည့်နှင့်ဟု စောဒကတက်ရာ 'မင်းကောင်များက အမည်ကသာအလှူခံတာ မထည့်ရင်ကျည်ဆန် လက်ဆောင် ပေးတတ်သည်'ဟု ဆိုလေသည်။
သူငယ်ချင်းဖြစ်သူ ပြောသည့်အတိုင်း ပြန်ဖောက်သည်ချရလျှင် သူတို့ဆိုင်က ဝန်ထမ်းအပါအဝင် သူငယ်ချင်းဖြစ်သူတို့၏ သွားတတ်လာတတ်သည့် နေရာများကိုပါ အတိအကျပြောထားပြီး ငွေမထည့်လျှင်ဆိုင်၏ လုံခြုံရေးနှင့် အသက်များကို အာမမခံဟု ဖုန်းမက်ဆေ့ချ်ဖြင့် စာပို့ထားသည်ဟု ဆိုလေသည်။ ထို့ကြောင့် သူငယ်ချင်းကို မင်းဘဝကလည်းဆိုးလိုက်တာ ဟု ပြောရာ သူငယ်ချင်းက ငါ့ထက်ဆိုးတဲ့သူရှိသေးတယ်ဟဟု ဆိုလေသည်။ သူငယ်ချင်းဖြစ်သူထက် အဖြစ်ဆိုးသူက Liquor ဆိုင် ဖွင့်ထားလေသည်။ ထို Liquor ဆိုင်လေးသည် နှစ်ကြိမ်တိတိ PDF မောင်တို့၏ ဓားပြတိုက်ခြင်းကို ခံခဲ့ရလေသည်ဟု ဆိုလေသည်။ အမေလေးကရိုက်ပါများတော့ သိုင်းတတ်ဆိုသည့် စကားအတိုင်း ထို Liquor ဆိုင်ပိုင်ရှင်က PDF များဓားပြတိုက်လျှင် အဆင်သင့် ငွေပေးနိုင်အောင် အပိုငွေဆောင်ထားရသည်ဟု ဆိုလေသည်။ ထိုသို့ငွေအပို မဆောင်လျှင်လည်း PDF များက လူသတ်၊ ပြန်ပေးဆွဲလုပ်ခြင်းကြောင့် စကားနည်းရန်စဲအနေဖြင့် ငွေအပိုဆောင်ထားရလေသည်ဟု ဆိုလေသည်။ ဆိုရှယ်မီဒီယာများတွင် PDF များက ပြည်သူကို ကာကွယ်ရန် အလှူငွေထည့်ဝင်ကြရန် သနားစဖွယ် တောင်းခံကြသော်လည်း မြေပြင်တွင် ငွေမပေးသူများကို ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း ကိုယ်တွေ့ကြုံသူများက ရင်ဖွင့်ကြခြင်းဖြစ်လေသည်။ ဆိုရှယ်မီဒီယာတွင်မတော့ ရှိခိုးမတတ်တောင်းပန်ပြောနေသော်လည်း မြေပြင်တွင် ကိုင်ပေါက်နေကြောင်း 'ရှိခိုးလိုက်၊ ကိုင်ပေါက်လိုက်'လုပ်နေကြသည်ဟု သူငယ်ချင်း ဖြစ်သူက မှတ်ချက်ပြုလေသည်။
ကလေးများကို အသုံးမချကြပါနှင့်
တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့်ပတ်သက်လျှင် ကိုယ်နှင့်အလှမ်းဝေးသွားပြီ ဖြစ်သောကြောင့် သတိမထားမိသည်မှာ ကြာပြီဟုဆိုနိုင်ပါသည်။ တည်ဆဲ အစိုးရက ဒီဇင်ဘာ ၁၅ ရက်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် အချိန်စာရင်းများကို ထုတ်ပြန်သည်ကို တွေ့လိုက်မိသည်။ အမှတ်တမဲ့ကြည့်ရင်းက ထူးခြားချက်တစ်ခုကို တွေ့လိုက်ရလေသည်။ ၂၀၂၄ မတ် ၁၁ ရက်မှာ မြန်မာစာ စတင်ဖြေဆိုရမည်ဖြစ်ပြီး ကျောင်း သားအများစုသင်ယူသည့် ဘာသာတွဲများကို နားရက်မရှိ ဆက်တိုက်ဖြေဆိုရမည်ကို တွေ့ရလေသည်။ ကျောင်းသားအများစု သင်ယူကြသည့် ဘာသာတွဲများမှာ ဇီဝဗေဒနှင့် ဘောဂဗေဒဖြစ်သည်။ ယခင်က မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒဘာသာများဖြေကြားပြီးလျှင် သမိုင်းဘာသာရပ် ဖြေဆိုကြရသဖြင့် ရူပဗေဒသမားနှင့် ဘောဂဗေဒ သို့မဟုတ် ဇီဝဗေဒဘာသာရပ်သမားများသည် နားရက်ရသဖြင့် စာကြည့်ချိန်ပိုရလေသည်။ ယခု လာမည့်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အချိန်ဇယားတွင် မည်သည့်ဘာသာမျှနားချိန်မရှိ ဆက်တိုက်ဖြေဆို ရမည်ကို သတိထားမိ၏။ ထိုအကြောင်းအရာကို ပြောလိုရင်းမဟုတ်ဘဲ ယခုမှ ကြားသိရသည့် သတင်းအကြောင်းအရာကို ဖောက်သည်ချလိုပါသည်။ လက်ရှိ အစိုးရက မတ်လတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် အချိန်စာရင်းကို ဒီဇင်ဘာ ၁၅ ရက်က ထုတ်ပြန် ကြေညာလိုက်သည်ကို အားလုံးအသိဖြစ်သည်။ ထိုသို့ ကြေညာခြင်းကို အားကျမခံ NUG ကလည်း လက်ရှိ အွန်လိုင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ဖြေဆိုခိုင်းနေလေတော့သည်။ ဒီဇင်ဘာ ၁၇ ရက် တနင်္ဂနွေနေ့ မှစ၍ NUG မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ဖြေဆိုကြသည်ဟု ရွာတွင်ရှိသည့် ဆွေမျိုးတော်စပ်သူတစ်ဦးက လှမ်း၍ပြောလေသည်။
ပြောသည့် အကြောင်းအရာကလည်း သူ၏သမီးက ထိုစာမေးပွဲကို ဝင်ရောက် ဖြေဆိုနေခြင်းဖြစ်ရာ စိုးရိမ်ပူပန်မှုဖြင့် ကျွန်တော့်ထံဖုန်းဆက်ပြောခြင်းဖြစ်သည်။ "ငါ့လည်းမပြောဘူး သူ့ဟာသူ စာမေးပွဲဖြေနေတာတဲ့၊ ဘာစာမေးပွဲလဲလို့ မေးတော့မှ NUG ကလုပ်တဲ့ စာမေးပွဲလို့ ပြောတာ၊ သူအဲဒီလိုပြောမှ ငါ့မှာဗိုက်နာတာလိုလို၊ ခါးကိုက်တာလိုလို၊ သွေးတိုးတာလိုလိုတွေဖြစ်လို့ ဘယ်လိုလုပ်ရပါမလဲ" ဟု အကြံဉာဏ်ပါ တောင်းလေသည်။
ထို့ကြောင့် စာမေးပွဲဖြေနေသူနှင့်အတူ ဆက်၍မေးမြန်းဖြစ်ရာမှ ဇာတ်လမ်းအစုံကို သိလိုက်ရလေသည်။ ဇာတ်လမ်းက သူ၏ ဆရာ၊ ဆရာမများက NUG က ပြုလုပ်သည့် စာမေးပွဲဝင်ဖြေရန် တိုက်တွန်းသဖြင့် မသိနားမလည်သည့် ထိုကလေးငယ်က ဝင်ရောက်ဖြေဆိုခြင်းဖြစ်သည်ဟု ဆိုလေသည်။ အွန်လိုင်း ကဖြေဆိုရခြင်းဖြစ်ပြီး စာမေးပွဲပြီးပါက Certificate ရမည်ဆိုသဖြင့် စာမေးပွဲအောင်အောင်၊ မအောင်အောင် ဝင်ရောက် ဖြေဆိုခြင်းဖြစ်သည်ဟု ဆိုလေသည်။ ထို Certificate က ဘာများလုပ်၍ ရနိုင်မည်နည်းဟုမေးရာ မိမိနေအိမ်တွင် အသာနေရင်းထိုင်ရင်းရသည့် Certificate ကို ယူချင်သောကြောင့်ဟု ဆိုလေသည်။ ကျွန်တော်က တစ်ခုသာ ပြောလိုက်ပါသည်။ "အဲဒီ Certificate ကြီးနဲ့မှ အဖမ်းခံနေရလိမ့်မယ်"ဟူ၍ဖြစ်လေသည်။ ထိုအကြောင်းအရာကို အနှစ်ချုပ်လျှင် ဆရာ၊ ဆရာမဆို သူများက ကလေးသူငယ်များကို နိုင်ငံရေးအတွက် အသုံးချသည်ဟု မြင်မိပါသည်။ NUG သည်လည်း သူတို့စာမေးပွဲကို ကျောင်းသားပေါင်း မည်မျှဖြေဆိုကြောင်း ကြွားချင်လေသည်။ ကြားထဲက ကလေးသူ ငယ်များသည်သာ အသုံးချခံဖြစ်ရကြောင်း သူတို့မစဉ်းစားဘဲ သူတို့အင်အား ရှိကြောင်း ပြလို၍ဖြစ်သည်ဟု မြင်မိပါသည်။ မည်သူကိုမဆို နိုင်ငံရေးအလို့ငှာ ကလေး သူငယ်များကို အသုံးမချကြပါနှင့်ဟုသာ တောင်းဆိုပါရ စေခင်ဗျာ။
တောင်းပန်စာ
NUG ဆရာမတစ်ယောက်က ဆိုရှယ်မီဒီယာတွင် တောင်းပန်စာတစ်ခု ရေးထားလေသည်။ သူရေးထားသည်က အမိအဖနှစ်ဦးနှင့် မိသားစုအတွက် တာဝန်မကျေသေးခြင်းကို ခွင့်လွှတ်ပေးပါဟု ရေးသားထားလေသည်။ ကျွန်တော်လည်း သူ၏တောင်းပန်စာအောက်တွင် စာတစ်ကြောင်းတော့ရေး ပေးလိုက်ပါသည်။ "ကိုယ့်အိမ်နှင့် ကိုယ့်မိသားစုအတွက်ပင် တာဝန်မကျေသည့် သူက နိုင်ငံတော်ကြီးကို ကောင်းအောင်လုပ်ဦးမလား"ဟု မှတ်ချက်ပြုလိုက်မိသည်။ အခြေခံကျသည့်အချက် များကိုပင် လူအချို့က မသိရှိကြတော့သည်ကို ဝမ်းနည်းမိ၏။ ငယ်ငယ်က ကျွန်တော်တို့ကျောင်းတွင် ရွတ်ဆိုရ သည့်စာရှိသည် မဟုတ်လား။ မိမိကိုယ်ကိုယ်ကောင်း အောင်ကြိုးစားမည်။ မိမိအတန်းကို ကောင်း အောင် ကြိုးစားမည်။ မိမိကျောင်းကိုကောင်းအောင် ကြိုးစားမည်။ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်။ ထိုရွတ်ဆိုရမည့်စာတွင် တိုင်းပြည်ကောင်းအောင်ကြိုး စားမည်ဆိုသည့် စာသားသည်နောက်ဆုံးဖြစ်ပြီး မိမိကိုယ်ကိုယ် ကောင်းအောင်ကြိုးစားရမည်က ဦးစားပေး မဟုတ်လား။ မိမိကိုယ်တိုင် ကောင်းအောင်မကြိုးစားဘဲ တိုင်းပြည်ကောင်းအောင် ကြိုးစားမည်ဟုဆိုသောသူများကို တွေ့ရသောအခါ သူများကိုလက်ညှိုးထိုးခြင်းမှ ရှောင်ကြဉ်ရမည်ဆိုသည့် အသိ ရမိပါသည်ဟု ဆိုချင်ပါသည်။
ရွှေထီး
( TREND News ဂျာနယ်အတွဲ(၂)၊ အမှတ်(၄၈)တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )