အာဆီယံဗဟိုပြုမှု ကျရှုံးခြင်း၊ KK Park ကျားဖျန့်တရားခံ KNU ပြည်တွင်း စည်းလုံးညီညွတ်မှုအားနဲ့ ကျော်ဖြတ်ရမယ့် မြန်မာ့နိုင်ငံရေး

၂၀၂၅ ၊ အောက်တိုဘာ ၃၁

    အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံမှာ အောက်တိုဘာ ၂၆ ရက်ကစပြီး ကျင်းပခဲ့တဲ့ (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကို အရင်က မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် အိမ်နီးနားချင်း အင်အားကြီးဖြစ်တဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံက ကမ္ဘာ့ခေါင်းဆောင်တွေ မတက်တော့ဘူးဆိုတဲ့ သတင်းနဲ့တင် ဒီပွဲရဲ့အရှိန်က တန်းတစ်ခုက ပြုတ်ကျသွားခဲ့တယ်လို့ ယူဆမိလိုက်တယ်။ ပိုဆိုးတာက (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံလို့ ဆိုပေမယ့် တက်ရောက်လာကြသူတွေ ကိုယ်တိုင်သက်ဆိုင်ရာနိုင်ငံတွေရဲ့ အကျိုးစီးပွား အာဂျင်တာတွေကို ကိုင်ပြီးလာကြလေတော့ အာဆီယံရဲ့ လက်သုံးမူဝါဒဖြစ်တဲ့ 'အာဆီယံဗဟိုပြု'ဆိုတဲ့စကားလုံးအစား 'ထရမ့်ဗဟိုပြု'ဆိုတဲ့ အစည်း အဝေးများလားဆိုတဲ့ ဝေဖန်မှုတွေလည်း ညံခဲ့တယ်။ 
    အင်ဒို-ပစိဖိတ်ဒေသ လွှမ်းမိုးထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး နဂိုကတည်းက အားပြိုင်နေခဲ့ကြတဲ့ တရုတ်-အမေရိကန်အရေးမှာ အာဆီယံနိုင်ငံတွေအနေနဲ့ ဘယ်လောက်ပဲ 'အာဆီယံ ဗဟိုပြု'ဆိုတဲ့မူတွေ ကိုင်စွဲထားပါစေ အခွန်တိုးမြှင့်ကောက်ခံမှုနဲ့ ချည်နှောင် ထားတဲ့ ထရမ့်ရဲ့ စီးပွားရေးကွန်ရက်မှာ အကုန်အလဲလဲ အပြိုပြို ဖြစ်ခဲ့ရတာတော့ ငြင်းနိုင်မယ်မထင်ဘူး။ အမေ ရိကန်သမ္မတ ထရမ့်ဘက်ကကြည့်ရင် အာဆီယံဒေသက ထူးထူးခြားခြား မက်လုံးမရှိပေမယ့်လည်း တရုတ်ထိန်း ချုပ်ရေး (China Containment Policy)  မူဝါဒအရဆိုရင်တော့ ဒီဒေသတွေရဲ့ နိုင်ငံခြားရေး ပေါ်လစီတွေကို ကိုင်လှုပ်ကြည့်ဖို့လိုတာ အမှန်ပဲလို့ တွက်လို့ရတယ်။ ဒါ့ကြောင့် တရုတ်နိုင်ငံ အဓိကထားကိုင်တွယ်နေတဲ့ မဲခေါင်-လန်ချန်းဒေသရဲ့ အဓိက နိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားကြားကို ထရမ့်အနေနဲ့ အချိန်ကိုက် ဝင်လာတယ်လို့ပဲ သုံးသပ်ရ လိမ့်မယ်ပေါ့။ 
    ကမ္ဘာကျော်တဲ့ ပဋိပက္ခစစ်ပွဲ ရှစ်ခုထဲက ပူပူနွေးနွေး အပစ်အခတ်ရပ်ထားတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားအရေးမှာလည်း ထရမ့်အနေနဲ့ နာမည်ကောင်းဝင် ယူနိုင်ခဲ့တာက ကုန်သွယ်ရေး တိုးမြင့်မှုရဲ့ အကျိုးသက်ရောက်မှုကို  ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေကြတဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အစိုးရမူဝါဒနဲ့ တိုက်ရိုက် ချိတ်ဆက်နေ ခဲ့တယ်လို့လည်း ပြောလို့ရတယ်။ ဒါ့ကြောင့်လည်း ထရမ့်ဝင်လာတဲ့ ဒီငြိမ်းချမ်းရေးပဋိပက္ခ ဖြေရှင်းရေးကို သက်ဆိုင်ရာ နှစ်နိုင်ငံလုံးက လိုလိုလားလား လက်သင့်ခံခဲ့တာလို့လည်း သုံးသပ်နိုင်တယ်။ တစ်ဖက်ကကြည့်ရင်လည်း အာဆီယံရဲ့ ထိပ် သီးညီလာခံမှာ ထိုင်း-ကမ္ဘောဒီးယားတို့ရဲ့ အပစ်အခတ်ရပ်စဲ ရေးသဘောတူညီမှုစာချုပ်ကို အသိသက်သေအဖြစ်နဲ့ နာမည်ဝင်ယူခွင့် ရမှာဖြစ်သလို ဒီညီလာခံကိုလာ ရင်း တရုတ်နဲ့ ကုန်သွယ်ရေးသဘော တူညီချက်အပေးအယူလုပ်နိုင်ဖို့ ရည်ရွယ်ခဲ့တာလည်း ရှိခဲ့တယ်။ ပိုပြီး သိသာလွန်းတာက အာဆီယံထိပ်သီးညီလာခံမှာ ထရမ့်နဲ့တွေ့ဆုံပြီး ကုန်သွယ်ရေးအကောက် ခွန်လျှော့ချပေးဖို့ ဆွေးနွေးဖို့ ရည်ရွယ်ထားတဲ့ ဘရာဇီလ်းသမ္မတ Lula အနေနဲ့ UN က တကယ်အလုပ် လုပ်တဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး'ဆိုပြီး ကြေညာချက်ထုတ်သွားတဲ့ မှတ်ချက်ပေးမှုတွေက လည်း 'ပူးပေါင်းပါဝင်မှုနဲ့ စဉ်ဆက်မပြတ်ရှိမှု'ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပနေတဲ့ အာဆီယံရဲ့ Agenda နဲ့ ဖြောင့် ဖြောင့်ကြီး ဆန့်ကျင်နေတာမျိုး ဖြစ်နေခဲ့တာပါ။ 
    အာဆီယံမျှော်မှန်းချက် မဟာဗျူဟာ ၂၀၄၅ က အမေရိကန်နဲ့ တရုတ်အားပြိုင်မှုအပေါ်မျှခြေ ထိန်းကစားဖို့ ရည်ရွယ်တယ်ဆိုပေမယ့် တစ်နိုင်ငံချင်းစီရဲ့ အကျိုးစီးပွားနဲ့ ယှဉ်လာတဲ့အခါမှာ စုစည်းမှု မရှိဘူးဆို တာကိုတော့ ရှင်းရှင်းလင်းလင်း မြင်တွေ့ခွင့် ရလိုက်တယ်။ အထူးသဖြင့် (၄၇)ကြိမ်မြောက် ထိပ်သီးညီလာခံကနေ အမေရိကန်အနေနဲ့ တရုတ်နဲ့နီးစပ်တဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Mekong-Lancang Cooperation) တွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ကို ကုန်သွယ်ရေးနဲ့ မြေရှားသတ္တု သဘောတူညီချက် လက်မှတ်တွေကို ရေးထိုးသွားခဲ့တာ ကြည့်ရင် အာဆီယံဒေသ တွင်းနိုင်ငံတွေကြားထဲ ထရမ့်ပစ်သွင်းခဲ့တဲ့ ဗုံးက ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိနိုင်မလဲ ဆိုတာ မြင်ယောင်ကြည့်လို့ ရနိုင်မယ်ထင်ပါတယ်။
    အာဆီယံ ထိပ်သီးညီလာခံကနေ မြန်မာနဲ့ပတ်သက်တဲ့ အချက် ၂၈ ချက်ပါ ထုတ်ပြန်ချက်ကိုလည်း ကြေညာသွားခဲ့တယ်။ ထုတ်ပြန်ချက်ထဲမှာ ဘုံသဘောတူညီချက် ငါးရပ်နဲ့ပတ်သက်ပြီး အာဆီယံအနေနဲ့ ဆက်လက်ကိုင်စွဲသွားမှာ ဖြစ်တယ်လို့လည်းဆိုထားတယ်။  တကယ်ဆိုရင် ဘုံသဘောတူညီချက် ငါးရပ်ရဲ့အစဟာတပ်မတော်က အာဏာထိန်းပြီး နှစ်လအကြာ ဂျာကာတာမှာလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခေါင်းဆောင်များ အထူးအစည်းအဝေးအပြီးမှာ ဥက္ကဋ္ဌထုတ်ပြန်ချက်အနေနဲ့ ထွက်လာခဲ့တဲ့ Statement တစ်စောင်သာ ဖြစ်ခဲ့တယ်။ ဒီထုတ်ပြန်ချက် ငါးရပ်ထဲက အဓိကအခက်အခဲ ဖြစ်စေ တဲ့အချက်က အပစ် အခတ်ရပ်စဲရေးနဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးက အဓိကအခက်အခဲဖြစ်စေခဲ့ တာ တွေ့ရတယ်။ အပစ်အခတ်ရပ်စဲရေးဆိုတဲ့နေရာမှာ လက်ရှိရှမ်းမြောက်ကျူးကျော်စစ်အရ အကြမ်းဖက် လက်နက်ကိုင် တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေဟာ ၂၀၀၈ ခြေ/ဥပါ ပြဋ္ဌာန်းချက်နယ်မြေတွေကို ကျော်လွန်နေတဲ့ အခင်းအကျင်းဖြစ်နေသလို လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းလက် နက်ကိုင် ပဋိပက္ခတွေမှာလည်း NUG ကိုယ်တိုင် ဖွဲ့စည်းထားတဲ့ PDF လက်နက်ကိုင်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေက ရာနှုန်းပြည့် ပါဝင်ပတ် သက်နေတဲ့ အခြေအနေမှာ အားလုံးပါဝင်ရေးဆိုတဲ့မူနဲ့ ချည်နှောင်ထားတာက အနောက်အာဂျင်တာအတိုင်း ဖိအားသက်သက်ပေးနေတာလို့ပဲ ယူဆရမှာဖြစ်တယ်။ တစ်နည်းအားဖြင့် လူသတ်၊ အကြမ်းဖက်တွေ လုပ်နေတဲ့ အဖွဲ့အစည်းကို နိုင်ငံရေးအရ တရားဝင်မှုရှိအောင် တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးပေးနေတဲ့ လုပ်ရပ်လို့ပဲ ဆိုရမှာဖြစ်တယ်။ တကယ်တော့ အာဆီယံရဲ့လုပ်ရပ်ဟာ အာဆီယံပဋိညာဉ် ကိုချိုးဖောက်ပြီး မြန်မာ့ပြည်တွင်းရေးကိစ္စကို ပြောင်ပြောင်တင်းတင်း ပါဝင်နေတဲ့ လုပ်ရပ်ဖြစ်တယ်ဆို တာ ရှင်းရှင်းလင်းလင်း တွေ့မြင်ရမှာ ဖြစ်တယ်။ 
    အနှစ်ချုပ်ကြည့်ရင်တော့ ရွေးကောက်ပွဲမတိုင်ခင် အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲမျိုး လုပ်ဆောင်ရမယ်ဆိုပြီး လမ်းကြောင်းထားသလို “TROIKA”ဆိုတဲ့ သုံးပွင့်ဆိုင် ဆွေးနွေးမှုစနစ်ကို ဆောင်ရွက်သွားမယ်လို့ ကြေညာတာကိုကြည့်ရင် မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ NUG ပါဝင်တဲ့ ရွေး ကောက်ပွဲတစ်ရပ်ကို ပုံဖော်စေချင်တဲ့ အရေးအသားတွေ ဖြစ်နေတာလည်း မြင်ရတယ်။ အားလုံးကို ခြုံကြည့်လိုက်ရင်တော့ အာဆီယံရဲ့ (၄၇)ကြိမ်မြောက် ထိပ်သီးညီလာခံဟာ အရှေ့တီမောအနေနဲ့ (၁၁) နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာခဲ့တယ်ဆိုတဲ့ အချက်ကလွဲရင် Non-ASEAN ခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုး အတ္တအတွက်လာတဲ့ ထိပ်သီးအစည်းအဝေးတစ်ခုဖြစ်ခဲ့သလို အမေရိကန်ကိုယ်တိုင်ကလည်း ဒေသတွင်း နိုင်ငံတွေအချင်းချင်းကြား ခပ်ပါးပါးလေး သပ်လျှိုသင်းခွဲခဲ့တဲ့ ဒီပလိုမေစီ နည်းလမ်းကို ကျင့်သုံးသွားခဲ့ တယ်လို့ပဲ မြင်မိတယ်။ အာဆီယံထိပ်သီး အစည်းအဝေးကနေ မြန်မာအတွက် အလေးထားရမယ့် အချက်ကတော့ ထိုင်း-အမေရိကန် သဘောတူညီချက်ကနေ လေယာဉ်အစင်း ၈၀ ဝယ်ခွင့်ပေးလိုက်တဲ့ စစ် ရေးဆိုင်ရာကိစ္စပဲ ဖြစ်လာလိမ့်မယ်လို့ ယူဆချင်စရာပါ။ မဲခေါင်-လန်ချန်းထဲက ကမ္ဘောဒီးယားနဲ့ ထိုင်းမှာ Aircraft တွေ ဝယ်ယူခွင့်ပေးပြီး စစ်ရေးချိန်ခွင်လျှာတည်ဆောက်လာတဲ့ အမေရိကန်ရဲ့ခြေလှမ်းက အိမ်နီးချင်း မြန်မာနိုင်ငံအပြင် တရုတ်ကိုပါ တိုက်ရိုက်ထိမှန်စေတဲ့ မြားတစ်စင်း ဖြစ်လာ၊ မလာကိုတော့ သေချာပေါက် စောင့်ကြည့်ဖို့ လိုအပ်လာစေမှာ ဖြစ်ပါတယ်။ 
    အာဆီယံထိပ်သီးညီလာခံနဲ့အပြိုင် မြဝတီမြို့နယ်ထဲက KNU ရဲ့ တရုတ်ကျားဖျန့် အွန်လိုင်း လိမ် လည် ဂိုဏ်းအခြေစိုက်တဲ့ KK Park ကနေ လူပေါင်း ၁၀၄၉ ဦး သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ တက်ခ်ပြည်နယ် မဲဆောက်ခရိုင်ဘက်ကိုပြေးဝင်ကြတဲ့ သတင်းကလည်း စိတ်ဝင်စားမှု မြင့်တက်ခဲ့တာ တွေ့ရတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်မှာ KK Park က ကျားဖျန့်အွန်လိုင်း လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)အနေနဲ့ ပတ်သက်မှု မရှိပါဘူး ဆိုပြီး ငြင်းဆိုခဲ့တာ ကလည်း ယုတ္တိမတန်တာ တွေ့ရတယ်။ KNUရဲ့ ငြင်းဆိုချက်နဲ့ပတ်သက်ပြီး သက်သေပြစရာရှိတာက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်မှာ ဧရာဝတီသတင်းဌာနကနေ ရေးသားခဲ့တဲ့ ' KNU ခေါင်းဆောင် ငါးဦးအား စုံစမ်းစစ်ဆေးမှု အဖြေမထွက်ဘဲကြန့်ကြာနေ'ဆိုတဲ့ ဆောင်းပါးက သက်သေအဖြစ်နဲ့ ရှင်းရှင်း လင်းလင်း ရှိနေခဲ့တာ တွေ့ရမှာ ဖြစ်တယ်။ 
    KK Park စီမံကိန်းလုပ်ငန်းနဲ့ ပတ်သက်ပြီး KNU ရဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်တဲ့ ပဒိုစောရော်ဂျာခင်ကိုယ်တိုင် အသိသက်သေအဖြစ်နဲ့ လက်မှတ်ရေးထိုးခဲ့သူဖြစ်သလို စီမံကိန်းအကောင်အထည် ဖော်ရေးနဲ့ပတ်သက်ပြီးလည်း လက်ရှိ KNU ဥက္ကဋ္ဌ ဖြစ်တဲ့ ပဒိုကွယ်ထူးဝင်း ကိုယ်တိုင် အသိသက်သေအဖြစ်နဲ့ လက်မှတ်ရေးထိုးထားခဲ့တာ ဖြစ်နေပြန်တယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရုတ်ရာဇဝတ်ဂိုဏ်း တွေနဲ့ ဆက်နွှယ်နေတဲ့ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေကို အရေး ယူပေးဖို့၊ KNU ရဲ့ ဗဟိုအလုပ်အမှုဆောင်တစ်ဖွဲ့လုံး နုတ်ထွက်ပေးဖို့အတွက် ကရင်အရပ်ဘက် အဖွဲ့အ စည်း ၆၈ ဖွဲ့က တောင်းဆိုခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးတယ်။ ဒီတောင်းဆိုမှုနဲ့ပတ်သက်ပြီး KNU ဗဟိုရဲ့ အကြောင်းပြန်စာထဲမှာ KNU ရဲ့ကာကွယ်ရေးဝန်ကြီးဟောင်း ပဒိုစောရော်ဂျာခင်၊ တပ်မဟာ(၇)တပ်မ ဟာမှူးစောဖောဒို၊ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီရဲ့သား စောဒို့စိုး၊ တပ်မဟာ (၄) ဘိတ်-ထားဝယ် ခရိုင်အတွင်းရေးမှူး စောတင်စိုးနဲ့ ဗိုလ်မှူးကြီး စောဘ ချောတို့ကို စုံးစမ်းစစ်ဆေးပြီး ပတ်သက်မှုရှိရင် အရေး ယူပါ့မယ်ဆိုပြီး ကြေညာခဲ့တာရှိခဲ့တယ်။ KNU ဗဟိုရဲ့ အကြောင်းပြန်စာကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် KNU ထိပ်ပိုင်းပုဂ္ဂိုလ်တွေရဲ့ ပါဝင်ပတ်သက်မှု တွေ အစောကတည်းက ရှိနေခဲ့သလို စုံစမ်းစစ်ဆေးမှုတွေကိုလည်း ဆက်မလုပ်ခဲ့တာကိုကြည့်ရင် KK Park 
စီမံကိန်းတွေနဲ့ ပတ်သက်မှုမရှိပါဘူးလို့ ငြင်းဆိုလာတဲ့ KNU ရဲ့လုပ်ရပ်ဟာ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးသလိုမျိုး ဖြစ်နေတာ တွေ့နေရတယ်။ 
    ဒီကာလမှ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရွေးကောက်ပွဲ ကော်မရှင်ကနေ PPP ပါတီရဲ့ဥက္ကဋ္ဌအပါအဝင် ကိုယ်စားလှယ်လောင်း ၈၆ ယောက်ကို အရည်အချင်းနဲ့ ကိုက်ညီမှုမရှိလို့ ကိုယ်စားလှယ်လောင်း အဖြစ်ကနေ ပယ်ဖျက်ကြောင်း ကြေညာခဲ့တယ်။ ထုတ်ပြန်ချက်မှာလည်း လွှတ်တော်ကိုယ်စားလှယ် ဥပဒေ သတ်မှတ်ချက် ပုဒ်မ-၈ အပိုဒ်(ဃ) 'နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာ ဝန်များ ကင်းရှင်းသူ'အရ ပယ်ဖျက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့တယ်။ တကယ်တော့ ကိုယ်စားလှယ်လောင်း ပယ်ဖျက်ခံရတဲ့ ၈၆ ယောက်ထဲမှာ ဒေါ်သက်သက်ခိုင်အပြင် တခြားနာမည်ကြီးပါတီတွေရဲ့ ကိုယ်စား လှယ်တွေ လည်း ပါခဲ့တာပါပဲ။ ရှေ့မှာတုန်းက ပါတီဥပဒေသတ် မှတ်ချက်နဲ့ မကိုက်ညီလို့ NDF ပါတီကို ပယ်ဖျက်ခဲ့ချိန် တုန်းကလည်း ဒေါ်စန္ဒာမင်းတို့ပါလို့ ရည်ရွယ်ချက်ရှိရှိ ပယ်ဖျက်ခဲ့တဲ့ ပုံစံမျိုး ဝေဖန်ခဲ့ကြဖူးတယ်။ အမှန်တကယ်က ရွေးကောက် ပွဲကော်မရှင်အနေနဲ့ ထုတ်ပြန်ထားတဲ့ နည်းဥပဒေအတိုင်း ကျောသားရင်သား မခွဲခြားဘဲ လုပ်တယ်လို့ ရှုမြင်ကြရမှာပါ။ ခြွင်းချက်အနေနဲ့ ဒေါ်စန္ဒာမင်းကိုပဲ သီးသန့်လုပ် တာမျိုးဆိုရင်တော့ တစ်မျိုးပေါ့လေ။ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ် ချက်ဆိုတာတွေက လည်း ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာပြီးကတည်းက ရွေးကောက်ပွဲကော်မရှင်ကနေ အဆင့်ဆင့် ထုတ်ပြန်လာတဲ့ စည်းကမ်းချက်တွေပဲ ဖြစ်တာမို့ သတိထားပြီး လုပ်ကိုင်ဆောင်ရွက်ရမှာကတော့ ကာယ ကံရှင်တွေရဲ့ တာဝန်နဲ့ ဝတ္တရားလို့သာ ဆိုရမယ်ထင်ပါတယ်။ 
    ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်းအားဖြင့် ၆၀ ကျော်လောက်သာ လိုတော့သလို ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ပါတီတွေရဲ့ မဲဆွယ် စည်းရုံးရေးတွေကိုလည်း အောက်တိုဘာ ၂၈ ရက်ကတည်းက ခွင့်ပြုခဲ့ပြီးလည်း ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ အာဆီယံရဲ့ ပြဋ္ဌာန်းချက်တွေကို ချိုး ဖောက်ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဘယ်လိုပဲ စွက်ဖက်နေပါစေမကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲဟာ ပါတီပေါင်း ၅၇ ပါတီ၊ ကိုယ်စားလှယ်ပေါင်း ၅၀၀၀ ကျော် အင်အားနဲ့ စစ်မှန်ပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီနိုင်ငံတော် ထူထောင်ဖို့အတွက် အသင့်အနေ အထားမှာလည်း ရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ အာဏာရလိုမှုသက်သက်နဲ့ ပြည်သူတွေအပေါ် အကြမ်းဖက် သတ်ဖြတ်နေတဲ့ NUG လို အင် အားစုတွေကို ' All Inclusive' ဆိုတဲ့ စကားလုံးနဲ့ နိုင်ငံရေးအရ ဆွဲတင်နေတဲ့ အာဆီယံရဲ့လုပ်ရပ်ဟာ မြန် မာနိုင်ငံရဲ့ ပကတိနိုင်ငံရေးအခြေ အနေကို မျက်ကွယ်ပြုနေတဲ့ လုပ်ရပ်လို့သာဆိုရမှာ ဖြစ်ပါတယ်။ 
    အချုပ်ဆိုရရင်တော့ (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံဟာ အင်အားကြီးနိုင်ငံတွေရဲ့ ကိုယ်ကျိုးရှာမှုများကြားက အာဆီယံရဲ့ စုစည်းအားနည်း မှုကို ထင်ဟပ်စေခဲ့တဲ့ အစည်းအဝေးတစ်ခုလို့ သာ ယေဘုယျသုံးသပ်ရမှာဖြစ်သလို အမေရိကန်နဲ့  တရုတ်တို့ရဲ့ ဒေသတွင်း သြဇာလွှမ်းမိုးရေးယှဉ်ပြိုင်မှု ဟာ ဒေသတွင်း အာဆီယနိုင်ငံတွေကြားမှာ သေချာပေါက် နက်ရှိုင်းတဲ့ ကွဲပြားမှုတွေ ဖြစ်လာစေခဲ့ပြီ ဖြစ်ပါတယ်။ ပိုဆိုးတာက 'အာဆီယံ ဗဟိုပြု'ဆိုတဲ့ မူဝါဒကလည်း ကိုယ်ကျိုးစီးပွား တွေကြားမှာ မှေးမှိန်ခဲ့ရပြီလို့သာ ဆိုရမှာဖြစ်ပါတယ်။ မြန်မာ့အရေးမှာလည်း အာဆီယံရဲ့ 'အားလုံးပါဝင်သော' ဆွေး နွေးပွဲဆိုတဲ့အမည်ခံနဲ့ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့တွေကို အသိအမှတ်ပြုတဲ့ သဘောထားက မြန်မာ နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နှောင့်ယှက်ရာလည်း ရောက်ပါ တယ်။ ဘယ်လောက်ပဲ နိုင်ငံတကာရဲ့ဖိအားတွေ ရှိနေပါစေ လက်ရှိ NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအပြင် NCA လက်မှတ်မရေးထိုးရသေးတဲ့ လက်နက်ကိုင်တွေနဲ့ပါ နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံမှုတွေ စဉ်ဆက်မပြတ် လုပ်နေရမှာဖြစ်သလို 'မြန်မာ့နည်း၊ မြန်မာဟန်'ဖြစ်တဲ့ ဖက် ဒရယ်နိုင်ငံတော်စနစ် ပေါ်ပေါက်ရေးမှာလည်း ပြည်တွင်း စည်းလုံးညီညွတ်မှု အားနဲ့သာ တည်ဆောက် ကြရမှာ ဖြစ်တယ်ဆိုတာ အထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ တောင်း ဆိုနေတဲ့ နိုင်ငံရေးလိုလားချက်တွေဟာ လက်နက်ကိုင်ပြီး အဖြေရှာရမှာ မဟုတ်သလို ဒီလိုလားချက်တွေကို ဥပဒေဘောင်အတွင်းက တောင်းဆိုနိုင်ဖို့အတွက်ဆိုရင်လည်း လွှတ်တော်ဆိုတဲ့ အခင်းအကျင်းမျိုး ရှိနေမှ ရုပ်လုံးပေါ်လာမယ့် အခြေအနေမျိုးမှာ ရွေးကောက်ပွဲကသာ လက်တွေ့ကျတဲ့ အဖြေတစ်ခု ဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုတာ အုပ်ချုပ်ရေးယန္တရား အပြောင်းအလဲဖြစ်နိုင်တဲ့ လမ်းစတစ်ခုဖြစ်သလို ရွေးကောက်ပွဲလမ်းစဉ်ကသာ NCA လုပ်ငန်းစဉ်တွေရဲ့ သဘောတူညီမှုတွေကို အကောင်အထည်ဖော်ဖို့ တစ်ခုတည်းသော လမ်းပြမြေပုံလည်း ဖြစ်ပါတယ်။ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲဟာ နိုင်ငံတော်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးမယ့် အဓိက လမ်းကြောင်းတစ်ခုဖြစ်သလို ပြည်သူလူထုရဲ့ ဒီမိုကရေစီဆန္ဒကိုလည်း အပြည့်အ၀ ပုံဖော်နိုင်မယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။ သေချာတာကတော့ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကို ကျော်လွန်ပြီး မြန်မာနိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားနဲ့ ငြိမ်းချမ်းရေး အတွက် ရွေးကောက်ပွဲလမ်းစဉ်ကသာ အကောင်းဆုံးသော ဖြေရှင်းချက်တစ်ခုဖြစ်တယ်ဆိုတာကို မီးမောင်းထိုးတင်ပြလိုက်ရပါတယ်။ 
(နရီမိုး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 30

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

56060

© 2022 - 2025 News. All Rights Reserved.