၂၀၂၃ စက်တင်ဘာ ၆
မြန်မာကျပ်ငွေ ကိုင်ထားသူများသည် နိုင်ငံခြားငွေအပါအဝင် မော်တော်ယာဉ်များနှင့် ရွှေများဝယ်ယူ၍ ဈေးတက် အောင်လုပ်နေသည်ကို တွေ့ရသည့်အတွက် တည်ငြိမ်အောင် ကိုင်တွယ်ရမည်ဖြစ်ကြောင်း စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန် ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေး အမှတ်စဉ်(၇^၂၀၂၃)ကို သြဂုတ် ၂၅ ရက်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပစဉ် နစကဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။
ငွေကြေးဈေးကွက်ကို အဓိက ကစားနေကြသူများမှာ ပြည်တွင်းကျပ်ငွေ၊ နိုင်ငံခြားငွေနှင့် ရွှေကိုင်ထားကြသူများက ဈေးကစားနေကြခြင်းဖြစ်ပြီး နိုင်ငံခြားငွေ ကိုင်ထားသူများက ၎င်းင်းတို့ နိုင်ငံခြားငွေတန် ဖိုးတက်စေရန်၊ မြန်မာကျပ်ငွေကိုင်ထားသူများက ရွှေဝယ်၍ ရွှေဈေးတက်အောင် ဆောင်ရွက်နေကြသည်ကို တွေ့ရကြောင်း၊ အလားတူ မော်တော်ယာဉ်များ၏ ဈေးနှုန်း မှာလည်း ထိုက်သင့်သည့် ဈေးထက်များပြား နေသည်ကို တွေ့ရကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။
ငွေကိုင်ထားသူများအနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုကို တိုက်ရိုက် အကျိုးရှိမည့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန် ထုတ်လုပ်မှုလုပ်ငန်းများအပေါ် ရင်းနှီးမြှုပ်နှံ ခြင်းထက် ငွေရလွယ်ပြီး အမြတ်များများ ရနိုင်မည့် လုပ်ငန်းများကိုသာ လုပ်ကိုင်လို ခြင်းကိုလည်း နည်းမှန်လမ်းမှန်ဖြစ်အောင် ပြုပြင်ဆောင်ရွက်ရမည်ဖြစ်၍ နိုင်ငံခြားငွေ များနှင့် ရွှေဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး အတွက် မိမိတို့ကော်မတီအနေဖြင့် စနစ်တကျ သုံးသပ်ကိုင်တွယ် ဆောင်ရွက်ရန်လို ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် တရားမဝင်ငွေလွှဲလုပ် ငန်း(ဟွန်ဒီ)များဖြင့် ကုန်သွယ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု များကို အိမ်နီးချင်းနိုင်ငံအချို့၌ စုံစမ်းဖော် ထုတ်အရေး ယူလျက်ရှိကြောင်း၊ တရားမဝင် ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်နေမှုများကြောင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေလျက်ရှိ သဖြင့် ဖော်ထုတ်အရေးယူဆောင်ရွက်ရန်လိုကြောင်း နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။