Breaking

ငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025 ကျင်းပမည်

ရန်ကုန် ၊ မေ ၂၇ 
    ၂၀၂၅အလွန် ငြိမ်းချမ်းရေး အခင်းအကျင်းနှင့် ရွေးကောက်ပွဲ အလားအလာ သုံးသပ်ဆွေးနွေးပွဲ - ငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025 ကို ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ နေပြည်တော်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
    မြန်မာနိုင်ငံ၏ လက်ရှိ ပကတိအခြေအနေများ၊ နိုင်ငံ၏ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရား ဥပဒေစိုးမိုးရေး၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးတို့အတွက် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေးနှင့် ရွေးကောက်ပွဲဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ Stakeholders များ၊ ပြည်တွင်း ပြည်ပမှပညာရှင်များ၊ သတင်း မီဒီယာများ၊ ကဏ္ဍအသီးသီးမှ တက်ရောက်လာကြသူများအနေဖြင့် အချင်းချင်း အမြင်သဘောထားများ၊ အတွေ့အကြုံများ မျှဝေဖလှယ်ခြင်းနှင့် အလွတ်သဘော ကျယ်ပြန့်စွာဆွေးနွေးနိုင်ရန် Peace Forum 2025 ကျင်းပရန် ရည်ရွယ်ခြင်းဖြစ် ကြောင်း သိရသည်။
    ငြိမ်းချမ်းရေးဖိုရမ်တွင် အဖွဲ့နှစ်ဖွဲ့ခွဲ၍ ခေါင်းစဉ်များအလိုက် ပြည်ပ ခြောက်နိုင်ငံမှ Think Tank ပညာရှင်များ၊ ပြည်တွင်းမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များက ပါဝင်ဆွေးနွေးကြမည်ဟု သိရကြောင်း ဖိုရမ်တက်ရောက်ရန် ဖိတ်ကြားခြင်းခံရသူများက ပြောသည်။
    "အဓိကကတော့ နိုင်ငံပြုပြင်ပြောင်းလဲဖို့ဆိုရင် ဘာတွေလုပ်ရမလဲဆိုတာမျိုးကို အားလုံးဝိုင်းပြီး ဆွေးနွေးကြမယ့် သဘောပေါ့။ အဲဒီလို အခင်းအကျင်းတွေ၊ ဆွေးနွေးပွဲတွေက အများကြီး ကျင်းပပေးဖို့ လိုအပ်ပါတယ်"ဟု ဖိုရမ်တက်ရောက်ရန် ဖိတ်ကြားခြင်းခံရသူ NCA-EAO အဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
    ပြီးခဲ့သည့် မတ် ၂၄ ရက်မှ ၂၆ ရက်အထိ တွေ့ဆုံ ဆွေး‌နွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့ တက်လှမ်းနိုင်ရေး ငြိမ်းချမ်းရေးစကားဝိုင်း - Peace Talk 2025 ကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန(MICC-2)၌ ပြုလုပ်ခဲ့သလို မတ် ၁၈ ရက်ကလည်း အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို အိန္ဒိယ သံရုံး၏ အိန္ဒိယစင်တာ၌ ပြုလုပ်ခဲ့သည်။ ညီသစ်

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44553

© 2022 - 2025 News. All Rights Reserved.