Breaking

KIA ရှိတဲ့ မြို့နယ်တွေမှာ ဒေသခံပြည်သူလူထုတွေက အကြောက်တရားနဲ့ နေနေရတယ် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်နှင့် ဆက်သွယ်မေးမြန်းခြင်း

၂၀၂၅ ၊ မေ ၂၈

    အကြမ်းမဖက်သည့် ငြိမ်းချမ်းရေးလမ်းစဉ်သည်သာလျှင် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြင့် စနစ်ကို ပြောင်းလဲနိုင်သော နိုင်ငံရေးလမ်းစဉ်ဖြစ်သည်ဟု အကြွင်းမဲ့ ယုံကြည်ထားသည့် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး (T.N.D.P ပါတီ) ဥက္ကဋ္ဌ စိုင်းဌေးအောင်၏ လက်ရှိ နိုင်ငံရေးအခြေအနေအရပ်ရပ်နှင့် ပြုလုပ်ရန်ရှိသော အထွေထွေရွေးကောက်ပွဲ အပေါ် အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။

TREND ။        ။ ပါတီသက်တမ်း ၁၃ နှစ်ပြည့်ပြီဆိုတော့ ပါတီတစ်ခုအနေနဲ့ ဖြတ်သန်းခဲ့ရမှု ကြုံ‌တွေ့ ခဲ့ရတဲ့ စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ၊ ပါတီရဲ့မူဝါဒ၊ ရည်မှန်းချက်တွေ အကောင်အထည်ဖော်မှုအပိုင်းတွေမှာ ဘယ်လောက်အတိုင်းအတာထိ ဖော်ဆောင်နိုင်ခဲ့လဲ။
USHA   ။        ။
ပါတီဆိုတာကတော့ လူထုအကျိုး ဆောင်ရွက်ဖို့ နိုင်ငံရေးလုပ်တဲ့အခါ အခက်အခဲတွေတော့ ရှိပါတယ်။ အခက်အခဲဆိုတာကလည်း ဟိုယခင်က လူကြီးတွေ ကြုံရတဲ့ အခက်အခဲတွေ လောက်တော့ ကျွန်တော်တို့ မခက်ခဲပါဘူး။ ဟိုတုန်းက လူကြီးတွေဆိုတာ ထောင်ကျတန်းကျ အခက်အခဲပေါင်းများစွာထဲက လုပ်ခဲ့ရတာ။ ဒါပေမဲ့ ကျွန်တော်တို့ အခုရင်ဆိုင်နေရတာက လူထုယုံကြည်မှုပေါ့။ ကျွန်တော်တို့ ဘယ်လောက်ပဲလုပ်လုပ် လူထုက ယုံကြည်မှု အားနည်းတယ်ဆိုရင် ဒါက ဘာကြောင့်မို့လဲ၊ ဒီအပေါ်မှာလည်း ပါတီဝင်တွေ စိတ်အားမငယ်ကြဖို့၊ စိတ်မလျှော့ကြဖို့ ကျွန်တော်တို့ ပါတီရဲ့ မူဝါဒလမ်းစဉ်ကိုသာ ခိုင်မြဲမြဲကိုင်ထားပြီးမှ သွားကြဖို့ သဝဏ်လွှာလည်း ရေးတယ်။ ပြီးတော့ အခက်အခဲကြုံနေတာကိုလည်း ကျော်လွှားနိုင်အောင် သွားကြမယ်ဆိုတဲ့ မျှော်မှန်းချက်တွေနဲ့ ရှေ့ဆက်သွားကြဖို့ပါ။ ကျွန်တော်တို့ ရည်မှန်း ချက်တွေက တချို့တစ်ဝက်တွေတော့ အောင်မြင်ပါတယ်။ မအောင်မြင်တာလည်း ရှိတာပေါ့။ အဓိက အောင်မြင်ခဲ့တာကတော့ ကိုယ့်လူမျိုး နာမည်ဆိုတာ အခု  ရှမ်းနီပါတီထောင်ပြီး နောက်ပိုင်း တောက်လျှောက် ပေါ်လာခဲ့တာပဲ။ အစတုန်းက ဘယ်သူမှ မခေါ်ရဲကြဘူး။ မခေါ်ရဲကြတဲ့အပြင်ကို ရှမ်းနီလူမျိုးလို့ သတ်မှတ်ခေါ် လိုက်ရင် သူပုန်လို့ အခေါ်ခံရတယ်။ သတ်တာဖြတ်တာတွေခံရတယ်။ နောက်တစ်ချက်က အခုပါတီထောင်ပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ရှမ်းနီဆိုတာ မြန်မာကရော ကမ္ဘာကပါ သိလာကြပြီလေ။ ဒီလူမျိုးရဲ့ သမိုင်းကြောင်းတွေပါ လူတွေစိတ်ဝင်စားပြီးမှ သိလာကြတဲ့အခါကျတော့ ဒါတွေက ကျွန်တော်တို့ ပါတီထောင်တဲ့ ၁၃ နှစ်တာ ဖြတ်သန်းမှုရဲ့ အကျိုး အမြတ်လေးတစ်ခုပါ။ 

TREND ။        ။ အရင်တုန်းက ရှမ်းနီလူမျိုးတွေ သူပုန်လို့ အခေါ်ခံရ၊ သတ်ဖြတ်ခံရတာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဖြစ်စဉ်တွေ ရှိခဲ့လဲ၊ ပြောပြလို့ရသလောက် ပြောပြပေးပါဦး။
USHA   ။        ။
အရင်တုန်းကဆိုတာ မကြာတော့တဲ့ ကာလတုန်းကတောင်မှ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကတောင်မှ ကျွန်တော်တို့ ပါတီရွေးကောက်ပွဲဝင်မယ်ဆိုတော့ ဖားကန့်မြို့နယ်ပါတီ အလုပ်အမှုဆောင် နှစ်ဦးကို KIA က သတ်ဖြတ်ခဲ့တာပဲလေ။ ဒါတွေက ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့က နှစ်ဖက်ကြားထဲမှာ ညပ်ခဲ့တယ်။ အဲဒီလို လူမျိုး‌တွေပေါ့။ အဲဒါကြောင့်မို့လို့ သတ်ဖြတ်ခံရတယ်ဆိုတဲ့ ဥစ္စာက ပြောရရင်တော့ ကျွန်တော်တို့မှာ မှတ်တမ်းမှတ်ရာ အကုန်ရှိပါတယ်။ ဒါပေမဲ့ ထပ်မပြောလိုတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက အနာဟောင်းကို တုတ်နဲ့ဆွသလိုလည်း ဖြစ်မယ်။ ဒီနေ့ အနာဂတ်မှာ ကျွန်တော်တို့ ဘယ်လိုသွား ကြမလဲဆိုတာကို အဓိက ဇောင်းပေးပြီး ကျွန်တော်တို့ အလုပ်လုပ်သွားမယ်။ အတိတ်ဟောင်းကို ပြန်ဖော်နေလို့လည်း သေသွားတဲ့သူတွေက ပြန်ရှင်လာမှာ မဟုတ်သလို ပြန်ရှင်လာအောင်လည်း လုပ်လို့ မရတော့ပါဘူး။ အခု ရွာတိုင်းရွာတိုင်းမှာ ကြောက်အောင်၊ လန့်အောင် KIA က မလုပ်ဖူးတဲ့ ရွာမရှိပါဘူး။ သူတို့ မသတ်ဖူးတဲ့ရွာ မရှိပါဘူး။ သူတို့ မုဒိမ်းမကျင့်ဖူးတဲ့ ရွာမရှိပါဘူး။ ကျွန်တော်တို့ ရှမ်းနီဆိုတာ ရက်ရက်စက်စက်ခံခဲ့ရတဲ့ လူမျိုးစုတစ်စုပါ။ ဒါတွေကလည်း လွတ်လပ်ရေးရစဉ်က အမှားတွေကြောင့်မို့လို့ ယနေ့အထိ ကျွန်တော်တို့ ခံနေရတာပေါ့။ ပါတီထောင်ပြီးမှ နိုင်ငံရေးအရ ပြောလာလို့သာ ဒီလူမျိုး ပေါ်လာတယ်။ ဒီလူမျိုးအပေါ်မှာ လူတွေ ဂရုစိုက်လာကြတယ် ဆိုတာမျိုးတွေ တွေ့ရှိလာရတာပါ။

TREND ။        ။ ဒီဇင်ဘာမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အလားအလာအပေါ် ဘယ်လိုသုံးသပ်ချင်လဲ။
USHA   ။        ။
ရွေးကောက်ပွဲကတော့ အထိတ်ထိတ်အလန့်လန့်နဲ့ လုပ်ရမယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေက အပြောင်းအလဲကို လိုချင်ပြီဆိုတော့ ရွေးကောက်ပွဲနဲ့ ပြောင်းဖို့လိုအပ်တယ်။ လက်နက်နဲ့ ပြောင်းမယ်ဆိုရင်တော့ လူထိခိုက်သေဆုံးမှုများမှာပါ။ ရွေးကောက် ပွဲနဲ့ ပြောင်းမယ်ဆိုရင် အချိန်တော့ကြာမယ်။ ဒါပေမဲ့ တဖြည်းဖြည်းတော့ ပြောင်းလာမယ်။ ပြောရမယ်ဆိုရင် Stakeholders တွေရဲ့ လုပ်ဆောင်ချက်အပေါ်မူတည်ပြီးမှ အပြောင်းအလဲ မြန်ရင်မြန်မယ်။ကြာရင်လည်း ကြာသွားနိုင်တာပေါ့။ ဒါပေမဲ့ ရွေးကောက်ပွဲကနေ တဖြည်း ဖြည်းနဲ့တော့ အပြောင်းအလဲ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ အပြောင်းအလဲဆို တဲ့နေရာမှာလည်း လက်ရှိက နစကအစိုးရက အာဏာသုံးရပ်ကို ကိုင်ထားတာ ဒီနေ့လက်ရှိအခြေအနေ အထိပေါ့။ ရွေးကောက်ပွဲ ပြီးသွားရင်တော့ ဥပဒေပြုရေး၊ အုပ် ချုပ်ရေး၊ တရားစီရင်ရေး အာဏာသုံးရပ်ကို သီးခြားစီ ကျင့်သုံးမယ်။ Check and Balance အပြန်အလှန် ထိန်းကျောင်းမှုနဲ့ သွားကြမယ်။ လူထုရဲ့အသံ၊ လူထုရဲ့ဆန္ဒ၊ လူထုပြောချင်တာတွေကို လွှတ်တော်ကနေ တစ်ဆင့် ပြောလို့ရသွားမယ်။ အဲဒီလိုမျိုး လွှတ်တော်ကြီး ပြန်ပေါ်လာမှာပေါ့။ အစိုးရ ရှိလာမယ်။ တရားစီရင်ရေး မဏ္ဍိုင်က သူ့သီးခြား ရပ်တည်နေမယ်။ အခုက လွှတ်တော်မရှိသေးတော့ ပြည်သူ့အသံကို ပြောလို့မရသေးဘူးပေါ့။ ရွေးကောက်ပွဲ ပြီးသွားရင်တော့ အဲဒီလို အပြောင်းအလဲတွေ ဖြစ်လာမှာပါ။ ဒီမိုကရေစီစနစ် ကျင့်သုံးရင် ရွေးကောက်ပွဲက မဖြစ်မနေ ဖြတ်သန်းရမှာပါ။ ရွေးကောက် ပွဲဖြတ်သန်းပြီးရင် လူထုရဲ့ဆန္ဒကို လွှတ်တော်ကနေ ဖော်ဆောင်ပေးမယ်။ လူထုအကျိုးကို လွှတ်တော် က လုပ်ကို လုပ်ပေးရမှာပါ။ လက်နက်ကိုင် အကြမ်းဖက်နည်းကတော့ ပြောင်းမပြောင်း မသေချာဘူး။ သေချာတာကတော့ နိုင်ငံထိခိုက်မှုတွေ၊ ပျက်စီးမှုတွေ ဖြစ်လာမယ်။ ဒါကြောင့် အခုဒီဇင်ဘာမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကတော့ ဟိုတုန်းက ကျွန်တော်တို့ နိုင်ငံသမိုင်းမှာရှိခဲ့ဖူးတဲ့ ၁၉၅၂-၅၃ ခုနှစ် တွေတုန်းက ကျင်းပခဲ့တဲ့ပုံစံလိုမျိုး အထိတ်ထိတ်အလန့်လန့်နဲ့ လုပ်ရမယ့် ရွေးကောက်ပွဲလို့ မြင်ပါတယ်။ ပြီးတော့ ကျင်းပမယ့်ပုံစံကလည်း အပိုင်းလိုက်လုပ်မယ်လို့လည်း ပြောထားတယ်။ မဲပေးစက်နဲ့ မဲပေးတဲ့စနစ်ကိုလည်း ကျင့်သုံးမယ်။ ရွေးကောက် ပွဲဥပဒေ၊ နည်းဥပဒေ ထွက်ရင်တော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပိုပြီးသုံးသပ်ပြောနိုင်မှာပါ။ 

TREND ။        ။ အထိတ်ထိတ်အလန့်လန့်နဲ့ လုပ်ရမယ့် ရွေးကောက်ပွဲဆိုတဲ့ အခင်းအကျင်းမှာ ဘယ်လို စိန်ခေါ်မှုတွေ ကြုံလာနိုင်လဲ။
USHA ။        ။
အကြီးမားဆုံး စိန်ခေါ်မှုကတော့ ပြည်သူလူထုတွေ မဲမထည့်ရဲတဲ့ ကိစ္စကအဓိကပေါ့။ ပြီးရင် ပြည်သူတွေအပေါ် ခြိမ်းခြောက်မှုတွေလည်း ရှိလာနိုင်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘယ်နှရာခိုင်နှုန်းရမှ ရွေးကောက်ပွဲ အထမြောက်တယ်ဆိုပြီး ပြဋ္ဌာန်းထားတာမရှိတော့ ပြည်သူလူထု မဲထည့်သလောက်နဲ့ ရွေးကောက်ပွဲ အထမြောက်သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က နိုင်ငံတကာကလည်း ရွေးကောက်ပွဲကိုကျင်းပဖို့ အားပေးထောက်ခံကြတယ်။ အိမ်နီးချင်းနိုင်ငံတွေကရော အဓိက တရုတ်နိုင်ငံတို့၊ ထိုင်းနိုင်ငံတို့၊ ရုရှားတို့၊ ဘီလာရုစ်နိုင်ငံတို့က ရွေးကောက်ပွဲဖြစ်မြောက်ဖို့ အားပေးကြတော့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုတွေကလည်း အဆင်သင့်ရှိနေကြတယ်။ ရွေးကောက်ပွဲကို လာရောက်လေ့လာဖို့ကိုလည်း နစကအစိုးရက ဖိတ်ခေါ်ထားတယ် ဆိုတဲ့အခါကျတော့ ရွေးကောက်ပွဲပြီးသွားရင် အသိအမှတ်ပြုမှုရသွားမှာပါ။ 

TREND ။        ။ မြန်မာ့ပြည်တွင်းရေးကို အမှန်တရားဘက်က အရှိအတိုင်းရပ်တည်ပေးတဲ့ နိုင်ငံများသည် နိုင်ငံတော်အတွက် မိတ်ဆွေကောင်းများဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားထားတာ ရှိပါတယ်။ ဒီအပေါ် ဘယ်လိုမှတ်ချက်ပြုချင်လဲ။
USHA ။        ။
အခုလက်ရှိ အကောင်းဘက်ကို ကူညီပေးနိုင်တဲ့နိုင်ငံတွေကို ဆိုလိုတယ်လို့ မြင်ပါတယ်။ ရုရှားတို့၊ တရုတ်တို့ တော်တော်များများမှာ ငြိမ်းချမ်းရေးကဏ္ဍတွေရော၊ မြန်မာပြည်ရဲ့ တိုးတက်ရာတိုးတက်ကြောင်း စီးပွားရေးကဏ္ဍတွေရော အဲဒီကဏ္ဍတွေ တော်တော်များများမှာ ပံ့ပိုးကူညီတာတွေရှိတယ်လေ။ အဲဒါတွေကို ရည်ညွှန်းပြီး ပြောတယ်လို့ မြင်ပါတယ်။ ထိုင်းကလည်း ကူညီနေတာပဲလေ။ အိန္ဒိယကလည်း ကူညီနေတာပဲ။ ရွေးကောက်ပွဲကို အသိအမှတ်ပြုပေးဖို့ဆိုတာက အိမ်နီးချင်းနိုင်ငံတွေရဲ့ အားကလည်း လိုအပ်တယ်လေ။ အိမ်နီးချင်းကောင်း၊ မိတ်ဆွေနိုင်ငံကောင်းတွေနဲ့ပတ်သက်ပြီး Win-Win နဲ့ သွားစေချင်ပါတယ်။ တရုတ်လည်း အကျိုးရှိမယ်။ မြန်မာလည်း အကျိုး ရှိမယ်။ ဒီလို လုပ်ငန်းမျိုးတွေလည်း လုပ်စေချင်ပါတယ်။ တရုတ်နဲ့ပတ်သက်ရင် ကောင်းတာရှိသလို ဆိုးတာလည်း ရှိနေတာပေါ့။ ဒါပေမဲ့ နိုင်ငံတော်တော်များများကတော့ သူတို့အကျိုးစီးပွားမရှိရင် ဘာတစ်ခုမှ မလုပ်ဘူးပေါ့။ ဒါပေမဲ့ သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွား Win-Win နဲ့သွားမယ်ဆိုရင်တော့ အားလုံးက မျှမျှတတဆိုတဲ့ နိုင်ငံမျိုးတွေ ဖြစ်စေချင်ပါတယ်။ အဲဒါမျိုးဆိုရင်တော့ ကျွန်တော်တို့ လေးစားပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်တွင်းရေးမှာ အမှန်တရားဘက်ကနေ အရှိအတိုင်း ရပ်တည်ပေးတဲ့ မိတ်ဆွေကောင်း နိုင်ငံတွေလို့ နိုင်ငံတော်ဝန်ကြီးချုပ် ပြောသွားတာလို့ နားလည်မိပါ တယ်။

TREND ။     ။ ရွေးကောက်ပွဲအကြောင်းပြောလာတော့ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်၊ မဖြစ် သုံးသပ်တာတွေ၊ ဝေဖန်တာတွေ ထွက်လာပါတယ်၊ ဒီအပေါ် ဘယ်လို မှတ်ချက်ပြုချင်လဲ။
USHA ။        ။
နိုင်ငံတော်အစိုးရကတော့ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ပေးမယ်လို့ ပြောထားပါတယ်။ ဒါကိုတော့ ယုံကြည်ပါတယ်။ လွပ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် အရင်က ရွေးကောက်ပွဲ သုံးဆက်ကို ပြန်လည် သုံးသပ်ကြည့်မယ်ဆိုရင် ကြိုတင်မဲ ကိစ္စတွေ မဖြစ်ဖို့လို ပါမယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလတုန်းကဆိုရင် ကြိုတင်မဲတွေက မနိုင်မချင်းကို ကြိုတင်မဲတွေ အိတ်လိုက် အိတ်လိုက် လာတယ်။ အဲဒါတွေကတော့ သိပ်ကြည့်မကောင်းဘူး။ သန်းခေါင်ယံ ကြိုတင်မဲဆိုပြီး နာမည်ကြီးခဲ့တာပေါ့ဗျာ။ အဲဒီ ၂၀၁၀ တုန်းကပေါ့။ ၂၀၁၅ ကျတော့ ကျွန်တော်တို့ တစ်တွေက ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး လုပ်ပေးတဲ့ ရွေးကောက်ပွဲကတော့ ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းကလည်း ကြိုတင်မဲတွေ တော်တော်လေးကို ဖောင်းပွခဲ့ပါတယ်။ နောက် ၂၀၂၀ ရွေးကောက်ပွဲကတော့ မဲမသမာမှုလုပ်တဲ့ပြဿနာက ကြီးကြီးမားမား ဖြစ်ခဲ့တာပေါ့။ အမှန်တကယ် ပြောရမယ်ဆိုရင် မဲမသမာမှု လုပ်တဲ့ ကိစ္စတွေအားလုံးက ဖြူစင်ရိုးသားတဲ့ ပြည်သူတွေရဲ့ဆန္ဒကို စော်ကားတယ်လို့ မြင်တယ်။ တကယ် ဖြူစင်ရိုးသားစွာနဲ့ မဲထည့်ပေးခဲ့ကြတဲ့ ပြည်သူတွေရဲ့ မဲအားလုံးကို ဖျက်ဆီး လိုက်တာပဲလို့ မြင်ပါတယ်။ အခုလာ မယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကတော့ စောင့်ကြည့် ရမှာပေါ့။ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ ထွက်လာ ဖို့ရှိတယ်။ ဥပဒေမှာ ကြိုတင်မဲကိစ္စကို ဘယ်လိုလုပ်မလဲ။ ပါလာဦးမလား ဒါတွေလည်း စောင့်ကြည့်ဖို့လို ပါသေးတယ်။ အဓိကကတော့ အရင်ရွေးကောက်ပွဲ သုံး ဆက်မှာက ကြိုတင်မဲကိစ္စတွေနဲ့ ပြဿနာပိုဖြစ်ပွားခဲ့တာ။ ပြီးခဲ့တဲ့ ၂၀၂၀ တုန်းကဆိုရင် ကြိုတင်မဲကို ၁၀ ရက်အထိ ပေးခိုင်းတယ်လေ။ အဲဒီလိုပေးတဲ့အခါကျတော့ မတရားမှုတွေက အများကြီး လုပ်သွားခဲ့တယ်။ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စောင့်ကြည့်ရမှာပါ။ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ ထွက်လာပြီး ကြည့်ရမှာပေါ့။ 

TREND ။        ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာကို ယုံကြည်လက်ကိုင်ထားတဲ့ ပါတီ အဖြစ် တစ်လျှောက်လုံး ရပ်တည်ခဲ့မှု အခြေအနေကိုလည်း ပြောပြပါဦး။
USHA ။        ။
အဲဒါက ကျွန်တော်တို့ပါတီ စ‌ထောင်ကတည်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဆောင်ရွက်ရမယ်ဆိုပြီး ယုံကြည်ခဲ့တာပါ။ ကျွန်တော်တို့က အကြမ်းဖက်မှု‌တွေ အများကြီးခံခဲ့ ရပြီးပြီ၊ နိုင်ငံရေးပြဿနာကို အကြမ်းဖက်တဲ့နည်းနဲ့ပဲ ပြန်ဖြေရှင်းနေရင် လူ‌တွေ သေကျေပျက်စီးကြမှာပဲ။ အရိုးတွေတောင်လိုပုံတဲ့အထိ ပြဿနာတွေက ပြီးမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ တွေ့ဆုံညှိနှိုင်းခြင်း နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြမယ်၊ ဘာတွေ လိုအပ်တယ်၊ ဘာတွေ မလိုအပ်ဘူး၊ ဘာတွေ အားနည်းခဲ့ကြလဲ။ အားလုံး တွေ့ဆုံပြီး တစ်ခုချင်းစီ အဖြေရှာညှိနှိုင်းသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ပါတီ စပြီးတည်ထောင်စဉ်ကတည်းက ရှိခဲ့တာပါ။

TREND ။        ။ ကချင်ပြည်နယ်အတွင်းက ပါတီရဲ့ မဲဆန္ဒနယ်မြေ မြို့နယ်မြို့နယ်တွေရဲ့ လက်ရှိအခြေအနေကိုလည်း ပြောပြပါဦး။
USHA ။        ။
လက်ရှိအခြေအနေကတော့ ဗန်းမော်ခရိုင်ထဲက သုံးမြို့နယ်ကတော့ KIA လက်အောက် ရောက်နေတယ်လို့ ပြောရမှာပါ။ ကျန်တဲ့ မြစ်ကြီးနား မြို့နယ်ဆိုရင်လည်း တစ်ပိုင်းက KIA က သိမ်းထားတယ်၊ ဝိုင်းမော်မြို့နယ်ဆိုရင်လည်း တစ်ပိုင်းက KIA က သိမ်းထားတယ်လို့ ပြောရမှာပါ။ ဖားကန့်မြို့နယ်ဆိုရင်လည်း KIA သိမ်းထားတာတွေ ရှိတယ်။ မိုးညှင်း၊ မိုးကောင်း လောက်ပဲ ကင်းကင်း လွတ်လွတ် ကျန်တာပေါ့။ အခုကဝောာ့ အဲဒီ KIA ရှိတဲ့ မြို့နယ်တွေမှာ ဒေသခံပြည်သူ လူထုတွေကတော့ အကြောက်တရားနဲ့ နေနေကြရတယ်။ ကျွန်တော်တို့ မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသဆိုရင် စာသင်ကျောင်းတွေ ဖွင့်နေပြီ။ ဒါကို တစ်ဖက်ဆန့်ကျင် ဘက်အဖွဲ့တွေက မတက်ဖို့ ပြောနေတာတွေ ကြားရပါတယ်။ နောက်တစ်ခါ NUG က  စာသင်ကျောင်း လာဖွင့်မလိုလို၊ ဘာလို လိုလည်း ကြားနေရပါတယ်။ ကျွန်တော်တို့ကတော့ အခုက ညှိနှိုင်းပြောဆိုနေကြတာ တွေရှိပါတယ်။ အဲဒါကတော့ ဟိုဘက် NUG ကလည်း စာသင်ကျောင်း ဖွင့်တာမဟုတ်ဘဲနဲ့ အစိုးရက ဖွင့်တဲ့ စာသင်ကျောင်း‌တွေကိုပဲ တက်ကြဖို့၊ ပြီးတော့ KIA သိမ်းထားတဲ့ နယ်မြေတွေမှာ ဆရာမတွေကိုလည်း ဆက်ထားပေးဖို့။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံး ပြောနေတာပေါ့။ အမှန်ကတော့ ကလေးတွေစာသင်ကြားခြင်းမရှိတဲ့ အခါကျတော့ နောက်ပိုင်းမှာ ပညာမဲ့တိုင်းပြည် ဖြစ်သွားနိုင်ပါ တယ်။ ပြီးတော့ ဒီဘက်ခေတ်ကြီးမှာ တစ်ဖက်ဆန့်ကျင်ဘက်အဖွဲ့တွေက ပညာရေးနဲ့ ကျန်းမာရေးကို အဓိက တိုက်ခိုက်နေတယ်။ ဒါ‌တွေက မလုပ်သင့်တဲ့အရာ‌တွေပါ။ အဲဒါကို လုပ်တယ်ဆိုတာက သူတို့သမိုင်းပါ။ သူတို့က CDM မလုပ်လိုက်တာနဲ့ အပြစ်ဖြစ်သွားပြီ။ အပြစ်ဖြစ်သွားပြီးမှ သူတို့မှာ သတ်ပိုင်ခွင့် ရှိသွားပြီဆိုတဲ့ အနေအထားဖြစ်သွားပြီ။ မတရားသတ် ဖြတ်နေကြတာပေါ့။ အခုလည်း အင်းတော်ကြီး ဒေသပိုင်းမှာ နန့်မွန်းမြို့ကလွဲပြီး ကျန်တဲ့ မြို့တော်တော်များများကို KIA က သိမ်းထားတယ်။ အဲဒီမှာ ကလေးတွေက ပညာမသင်ကြရဘူး။ ပညာမသင်ကြရတော့ အဲဒီမှာရှိတဲ့ ကလေးတွေက အပြင်မှာထွက်ပြီး ပညာသင်ချင် ကြတယ်။ သင်ခွင့်မရကြဘူး။ နောက်ပြီး သူတို့ရဲ့ ရဲဘော် အဖြစ်လည်း လုပ်ခိုင်းတာတွေ ရှိတယ်။ ဒါတွေက အကြမ်းဖက် လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းရင် ကြုံလာ နိုင်တဲ့ ပြဿနာ‌တွေလေ။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြမယ်ဆိုရင် ဒီပြဿနာတွေ ဖြစ်လာစရာ အကြောင်း မရှိပါဘူး။ ဒေသခံလူထုတွေ ဒီလို ဒုက္ခဆင်းရဲ‌တွေ မကြုံလာနိုင်ပါဘူး။ အေးအေးဆေး ဆေးလေး သွားနိုင်တာပေါ့။ 

TREND ။        ။ လားရှိုးဖြစ်စဉ်က လက်နက်ကိုင် တော်လှန်နေကြတဲ့ အဖွဲ့တွေ ဘယ်လို သင်ခန်းစာတွေ ယူသင့်တယ်မြင်လဲ။
USHA ။        ။
အဲဒါက လက်နက်ကိုင်တော်လှန်နေတဲ့အဖွဲ့တွေကို တိုက်တွန်းချင်တာပါ။ တော်လှန်ရေး ဆင်နွှဲနေပါတယ်ဆိုတဲ့ အဖွဲ့တွေ လူ့အသက်ပေါင်းများစွာ စတေးပြီး တိုက်ခဲ့ရတဲ့ လားရှိုးဟာ  သေနတ်တစ်ချက်မှ မ‌ဖောက်လိုက်ရဘဲ နစကအစိုးရကို သူတို့ ပြန်ပေးခဲ့ရတာလေ။ နောက်ထပ်ပြီး ပြန်ပေးရမယ့်မြို့‌တွေလည်း အများကြီးရှိပါတယ်။ ဒါကတော့ ကျွန်တော့်အနေနဲ့ ကြိုတင်ပြီးတော့ မပြောတော့ပါဘူး။ အခုလားရှိုးဖြစ်စဉ်က နိုင်ငံရေးဆွေးနွေးမှုနဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ကို ဖော်ဆောင်လိုက်ဝာာပဲလို့ မြင်ပါတယ်။ ဘယ်သူတွေရဲ့ ဖိအားပဲဖြစ်ဖြစ်၊ ဘယ်သူတွေက ဘာပဲပြောပြော၊ တရုတ်ပဲ ပြောပြော၊ အမေရိကန်ပဲပြောပြော ဒါဟာ နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ်ကို ဖော်ဆောင် လိုက်ဝာာပဲလို့ ဝမ်းမြောက်စွာနဲ့ ဂုဏ်ယူပြီးမှ ကြိုဆိုတာပါ။ ဒါကြောင့်လည်း တခြားသော EAO တွေလည်း ဒီအပေါ်မှာ သင်ခန်းစာယူပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းကြဖို့ တိုက်တွန်းခဲ့တာပါ။ လူ့အသက်တွေ မဆုံးရှုံးစေချင်တော့ဘူး။

TREND ။        ။ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဘယ်လို စတင်ကြမလဲ။
USHA ။        ။
စတင်နိုင်ဖို့ကတော့ နှစ်ဦးနှစ်ဖက်ရဲ့ လိုလားချက်‌တွေကို ညှိနှိုင်းပေးနိုင်မယ့် Third Party တစ်ခုတော့ လိုပါတယ်။ တွေ့ဆုံဆွေးနွေးရေး ညှိနှိုင်းပေးမယ့် အကျိုးဆောင်ပေးမယ့် Third Party  လို ပါတယ်။ ဒီ Third Party  ကလည်း နှစ်ဦးနှစ်ဖက်ရဲ့ လိုလားချက်‌တွေနဲ့ပတ်သက်ပြီး ကြားထဲကနေ ညှိနှိုင်းလုပ်ဆောင်ပေးမယ်၊ ဒီအစိုးရဘက်ကိုလည်း ပြောနိုင်ရမယ်။ သူပုန်ဘက်ကလည်း ပြောနိုင်ရမယ်။ အဲဒီလိုမျိုး စုစည်း ဖွဲ့စည်းသင့်ပါတယ်။ ဒီလိုဖွဲ့စည်းမယ်ဆိုရင် ပြည်ပက မပါချင်နေပါ၊ ပြည်တွင်းကပဲ ဖွဲ့သင့်ပါတယ်။ ပြည်ပဆို တာက ဘေးက ရံပေးဖို့ပဲလိုပါ။ အဲဒီညှိနှိုင်းမှု၊ ပြောမှုဆိုမှု အဖွဲ့ထဲမှာတော့ ပြည်တွင်းကပဲ။ EAO အဟောင်းတွေလည်း ပါချင်ပါမယ်။ အခု KNU က အငြိမ်းစား ယူသွားတဲ့ မူတူးစေးဖိုးတို့တွေက အစပေါ့။ အဲဒီလိုမျိုး ပါဝင်ပြီး ကောင်းကောင်းမွန်မွန်ဖွဲ့သင့်တယ်။ အဲဒီလို ဖွဲ့ပြီးတော့ တရုတ်ကိုလည်း ဖိအားပေးနိုင်အောင်၊ အမေရိကန်ကိုလည်း ပြောနိုင်အောင် အဲဒီလိုဖွဲ့စည်းပြီး လှုပ်ရှားပေးဖို့ လိုပါတယ်။ လွယ်လွယ်ကူကူပြောရရင် ပွဲစားလိုအပ်တာပေါ့။ ကျွန်တော်တို့ နိုင်ငံကြီး ငြိမ်းချမ်းဖို့က ကြားက ပွဲစားကောင်းကောင်း လိုအပ်ပါတယ်။ ဈေးသည်စကားနဲ့ပြောရရင် တော့ ပွဲစားကောင်းကောင်း လိုအပ်ပါတယ်။ ဘက်မလိုက်ဘဲ ကောင်းကောင်းမွန်မွန် ပြောနိုင်ဆိုနိုင် ဖျောင်းဖျနိုင်ရမယ်ပေါ့။ ဒီလို ဆောင်ရွက်မယ်ဆိုရင် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရေးက စတင်နိုင်ဖို့က အဖြေ တစ်ခုက ရလာနိုင်မယ်လို့ မြင်ပါတယ်။

TREND ။        ။ နိုင်ငံငြိမ်းချမ်းဖို့ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့‌တွေကို ဘာပြောချင်လဲ၊ ဖြည့်စွက်ပြော‌ပေးပါဦး။
USHA ။        ။
NCA ဆိုတာလည်း လိုင်ဇာက စပြီးတော့မှ ပေါ်လာခဲ့တာပါ။ ဒါကြောင့် EAO ညှိညှိ နှိုင်းနှိုင်းနဲ့ လုပ်ကိုင်သင့်ပါတယ်။ တွေ့ဆုံဆွေးနွေးခြင်း နိုင်ငံရေးနည်းနဲ့ပဲ အဖြေရှာသင့်ပါတယ်။ သူ့ဒေသ ကိုယ့်ဒေသ ဒီလိုမျိုး ခွဲခြားပြီး လုပ်ကြမယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားနိုင်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခရှိတဲ့ နိုင်ငံတိုင်းက ပြည်သူတွေ ဒုက္ခရောက်ရပြီးတော့ တိုင်းပြည်က ဆင်းရဲတာ ပဲရှိတယ်။ အဓိက ချမ်းသာတာကတော့ လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေသာ ချမ်းသာသွားကြတာပါ။ ဒါက လက်နက်ကိုင် ပဋိပက္ခရှိတဲ့ နိုင်ငံတိုင်းကို ပြန်ကြည့်ရင် အဲဒီလို တွေ့ရမှာပါ။ သူတို့ချမ်းသာခြင်း ကလည်း ကောင်းသလားဆိုတော့ လက်နက်နဲ့ ချမ်းသာသွားကြတာဆိုတော့ မကောင်းဘူးပေါ့ဗျာ။ ဒါကြောင့်မို့လို့ လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေတဲ့ EAO တွေအနေနဲ့ လက်ရှိအစိုးရနဲ့ နိုင်ငံရေးလမ်းကြောင်းကနေ ညှိနှိုင်းပြီးတော့ ဆွေးနွေးစေချင်ပါတယ်။ ဒီဘက်က လက်ရှိအစိုးရအနေနဲ့ကလည်း ဖြေလျှော့ပေးသင့်တာ၊ လျှော့သင့်တာ လျှော့ပေးတာမျိုးလည်း ဖြစ်စေချင်ပါတယ်။ အခုဆိုရင် တပ်မတော်ဘက်ကလည်း မူခြောက်ချက်ကို လက်ကိုင်ထားပြီး စကားပြောတယ်။ EAO တွေ ဘက်ကလည်း သူတို့ဘက်က မူကိုကိုင်ပြီး စကားပြော တယ်။ အဲဒီလိုအခြေအနေမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့ တစ်ဖက်က မလျှော့ကြဘူးဆိုရင် တိုင်းပြည်အခြေအနေက ကောင်းလာနိုင်မှာ မဟုတ်ပါဘူး။ တိုင်းပြည်မျက်နှာ၊ ပြည်သူ့မျက်နှာကို ကြည့်ပြီးမှ အားလုံး မာန်မာနတွေ လျှော့ကြစေချင်ပါတယ်။ အဓိကကတော့ အမုန်းတရား၊ အာဃာ တတွေနဲ့ မလုပ်စေချင်ပါဘူး။ ကျွန်တော် တို့တစ်တွေက နိုင်ငံသားတွေချည်းပါပဲ။ ဘယ်သူပဲ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးပါစေ ကိုယ့်နိုင်ငံသားတွေပဲ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးရတာပါ။ ပြဿနာ ဆိုတာ မရှိဘူးမဟုတ်၊ ရှိကြမှာပါ။ ဒါက လူ့အသိုင်းအဝိုင်း တစ်ခုလေ။ ဒီလိုဖြစ်လာတဲ့ ပြဿနာကို ကျွန်တော်တို့ ဘယ်လို ဖြေရှင်းကြမလဲဆိုတဲ့ ဖြေရှင်းတဲ့ နည်းလမ်းကောင်းတွေနဲ့ပဲ ကောင်းကောင်း မွန်မွန် ဖြေရှင်းကြစေချင်ပါ တယ်။ အဲဒီလိုဆိုရင် ဒီနိုင်ငံကောင်းလာမှာပါ။ မြတ်ဗုဒ္ဓကလည်း မဇ္ဈိမပဋိပဒါ အလယ်အလတ် လမ်းစဉ်နဲ့ပဲ အောင်မြင် နိုင်မယ်လို့ ဟောကြားတော်မူခဲ့ပါတယ်။ ဒါကြောင့် အလယ်အလတ်လမ်းစဉ် မဇ္ဈိမပဋိပဒါ လမ်းကြောင်းနဲ့ လျှောက်ပြီးမှ ဒါကြောင့် ပြည်သူတွေရဲ့ မျက်နှာ ထောက်ထားပြီးတော့ နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်နဲ့ အလုပ်လုပ်သွားကြမယ်ဆိုရင် တိုင်းပြည် တိုး တက်လာမှာပါ။
TREND ။        ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။   ညီသစ်   

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 36

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44642

© 2022 - 2025 News. All Rights Reserved.