Breaking

ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းတွင် ကျောက်ရထားကို PDF အကြမ်းဖက်များ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်၊ မေ ၂၇
    မေလ ၂၅ရက်က ပဲခူး-မော်လမြိုင်လမ်းပိုင်း၌ သဲဖြူကုန်းမှ ကလိခရီးစဉ်အဖြစ် ထွက်ခွာလာသည့် အမှတ်(၆၈၇) အဆန်ကျောက်ရထားသည် မွန်ပြည်နယ် သထုံမြို့နယ် သိမ်ဆိပ်ဘူတာမှ နံနက် ၅ နာရီ ၁၀ မိနစ်တွင် ထွက်ခွာပြီး သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ် ၁၂၃/၂၃-၂၄ အရောက် ရထားခုတ်မောင်း ဖြတ်သန်းစဉ် နံနက် ၈ နာရီ ၄၅ မိနစ်၌ PDF အမည်ခံ အကြမ်း ဖက်သောင်းကျန်း သူအဖွဲ့က ထောင်ထားသည့်မိုင်း ပေါက်ကွဲခဲ့သဖြင့် ရထားတွဲဆိုင်းတွင်ပါရှိသော စက်ခေါင်းနှင့်အတူ စက်ခေါင်းရှေ့မိုင်းကာတွဲ၊ စက်ခေါင်းနောက် ကပ်လျက် စက်ခေါင်း မောင်းနားနေတွဲနှင့် ကျောက်တွဲငါးတွဲတို့ လမ်းချော်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
    မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ နယ်မြေဒေသ တာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့မီးရထား ဝန်ထမ်းများကလည်း လမ်းချော်ကျသော စက်ခေါင်းနှင့်တွဲများအား မတင်၍ လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ရထားလမ်း ပြန်လည်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
    အဆိုပါ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် သိမ်ဆိပ်နှင့် ဒုံဝန်းရထားလမ်းပိုင်းအား နံနက် ၈ နာရီ ၅၁ မိနစ်တွင် လမ်းပိုင်းအား ခေတ္တပိတ်သိမ်း၍ မေ ၂၆ ရက် နံနက် ပိုင်းတွင် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသော အမှတ်(၈၁) အဆန် လူစီးရထားသည် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် သိမ် ဇရပ်ဘူတာသို့ ရောက်ရှိရပ်နားထားသည်။ ထို့အတူ မော်လမြိုင်မှ ထွက်ခွာလာသည့် အမှတ်(၈၂) အစုန်ရထားသည် မေ ၂၆ ရက် နံနက် ၉ နာရီ ၇ မိနစ်တွင် သဲဖြူကုန်းဘူတာသို့ ရောက်ရှိ ရပ်နားထားသည်။ မြန်မာ့မီးရထားက အဆိုပါ ရထားများအား ခရီးအစ ဘူတာများဖြစ်သည့် ရန်ကုန်နှင့် မော်လမြိုင်ဘူတာသို့ ပြန်လည်ထွက်ခွာပြီး ခရီးသည်များအား လက်မှတ်ခများ ပြန်လည်ပေးအပ်ခဲ့ရကြောင်း သိရသည်။
    အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လမှစ၍ ယခုအချိန် အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း ၈၂ ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီး ခြင်း ၁၇၆ ကြိမ်၊ ဘူတာ အဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၆ ကြိမ် ကျူးလွန်ခဲ့ကြသည်။ ထူးမြတ်

Total Views ~ 14

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44553

© 2022 - 2025 News. All Rights Reserved.