၂၀၂၄ ၊ ဇန်နဝါရီ ၂၃
မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲ အကြိုလေ့ကျင့် ပြင်ဆင်မှုများကို ဇန်နဝါရီ ၂၀ ရက်မှ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့်သဲသောင်ပြင်ကော်မတီမှ သိရသည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် လက်ရှိအချိန်တွင် အုပ်ချုပ်သူ နည်းပြကိုးဦး၊ ပဏာမ ကစားသမား ၂၄ ဦး တို့နှင့်အတူ ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ သုဝဏ္ဏကွင်းအတွင်းရှိ လက်ရွေးစင်ကစားသမားများ အဆောင်တွင် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ Surabaya မြို့သို့ ထွက်ခွာပြီး ဖေဖော်ဝါရီ ၇ ရက်နှင့် ၉ ရက်တို့တွင် အင်ဒိုနီးရှား ဖူ ဆယ်လိဂ် ချန်ပီယံ Bintang Timur Futsal Club အသင်းနှင့်လည်းကောင်း၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် Regional East Java Team နှင့်လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အိမ်ရှင်ထိုင်းအသင်း၊ ဗီယက်နမ်အသင်း၊ တရုတ်အသင်းများနှင့်အတူ အုပ်စု(က)၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်ရောက်ရှိသော အသင်းလေးသင်းသည် ဥဇဘက်ကစ္စတန် နိုင်ငံတွင်ကျင်းပ မည့် ဖူဆယ်ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ခွင့်ရရှိမည် ဖြစ်သည်။ ဥဇဘက်ကစ္စတန် အသင်းအနေဖြင့် ဆီမီး ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပါက ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်သော အသင်းအများအနေ ဖြင့် Play-Off ပွဲများ ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆင့် (၅) နေရာရရှိသော အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းက ကျင်းပခဲ့ သည့် AFC Futsal Asian Cup 2024 ခြေစစ်ပွဲအဖွင့်ပွဲစဉ်တွင် ပါလက်စတိုင်းကို ၂ ဂို ၁ ဂိုး၊ အိန္ဒိယကို ၂ ဂိုး ၅ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အိမ်ရှင် တာဂျစ်ကစ္စတန်အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ခြေစစ်ပွဲအောင်မြင်ခဲ့သည်။ AFC Futsal Asian Cup 2024 ပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အုပ်စုပွဲစဉ် များကို ၂၀၂၄ ခုနှစ် ဧပြီ ၁၇ ရက်တွင် စတင်ကျင်းပသွားမည် ဖြစ်သည်။