လုပ်ငန်း စတင်တည်ထောင်ချိန်ကစပြီး ငါးနှစ်လောက် ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီးမှ အခုလို ရပ်တည်နိုင်တာပါ
၂၀၂၅ ၊ အောက်တိုဘာ ၃
ASIAN EXPO YANGON 2025 ကုန်စည်ပြပွဲကို စက်တင်ဘာ ၂၆ မှ ၂၈ အထိ Inya Lake Hotel ? Yangon Convention Center တွင် ပြုလုပ်ခဲ့သည်။ အဆိုပါပြပွဲတွင် Gold Sponsor အဖြစ် ပူးပေါင်းပါဝင်သည့် မြန်မာဟန်နီ စားသောက်ကုန်လုပ်ငန်းမှ ပူးပေါင်းပါဝင်ပြသဖြစ်ပုံနှင့် လက် ရှိစားသောက်ကုန်လုပ်ငန်းများ၏ ဈေးကွက်ရရှိရန် ဆောင်ရွက်နေမှု အခြေအနေများကို Myanmar Honey Food စားသောက်ကုန်လုပ်ငန်းမှ Founder ဒေါ်သန်းသန်းနှင့် တွေ့ဆုံမေးမြန်းမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။
TREND ။ ။ မြန်မာဟန်နီ စားသောက်ကုန်လုပ်ငန်းကို ဘယ်နှခုနှစ်က စတင်တည်ထောင်ခဲ့တာပါလဲ။
DTT ။ ။ ကျွန်မတို့ မြန်မာဟန်နီ စားသောက်ကုန်လုပ်ငန်းကို ၂၀၁၀ ကတည်းက တည်ထောင်ခဲ့တာ အခုဆိုရင် ၁၅ နှစ်တိုင်တိုင် ရှိပါပြီ။
TREND ။ ။ အခုပြပွဲမှာ ပါဝင်ပြီးတော့ ပြသဖြစ်ပုံလေးကို ရှင်းပြပေးပါဦး။
DTT ။ ။ မြန်မာဟန်နီအနေနဲ့ ပွဲတွေကိုတော့ အမြဲတမ်း ပူးပေါင်းပါဝင်ဖြစ်ပါတယ်။ အထူးသဖြင့် ဒီတစ်ခေါက်က Gold Sponsor အဖြစ်နဲ့ ပါဝင်ထားပါတယ်။ ASIAN EXPO YANGON 2025 ကုန်စည်ပြပွဲက နိုင်ငံတကာသံရုံးများဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ အီဂျစ်သံရုံးများနဲ့အတူ မြန်မာနိုင်ငံနဲ့ အာဆီယံနိုင်များအကြား ကုန်သွယ်မှု၊ စီးပွားမိတ်ဖက်တည်ဆောက်မှုနဲ့ စီးပွားရေး ကွန်ရက်ချိတ်ဆက်မှုများပြား လာမယ်။ နောက် သီတင်းကျွတ်ကာလလည်း ရောက်တော့မှာ ဖြစ်တဲ့အတွက် ဈေးကွက်ပိုမိုရရှိအောင် ပူးပေါင်းပါဝင်ထားခြင်းဖြစ်ပါတယ်။ ကျွန်မတို့ စားသောက် ကုန်တွေကတော့ ကော်ပြန့်လိပ်၊ အအေးခန်း ပစ္စည်းတွေကတော့ အာလူး၊ စမူဆာ၊ ဖက်ထုပ်၊ ပေါက်စီ၊ ပလာတာ အစုံထုတ်လုပ်ပါတယ်။ နောက် ကော်ပြန့်ရွက်လည်း ရရှိပါတယ်။ ပစ္စည်းအသစ်အနေနဲ့က ချာပါတီ၊ ပူရီတွေကအစ အသင့်စားသောက် ကုန်အနေနဲ့ ထုတ်လုပ်နေပါပြီ။
TREND ။ ။ မြန်မာဟန်နီလုပ်ငန်းရဲ့ ဈေး ကွက်အခြေအနေလေးကိုလည်း ပြောပြပေးပါဦး။
DTT ။ ။ ကျွန်မတို့ ထုတ်လုပ်တဲ့ စားသောက်ကုန်တွေကအသင့်စား ကော်ပြန့်လိပ်ဆိုရင် ပြည်ပလည်း ဈေးကွက်ရရှိပါတယ်။ အာရှနိုင်ငံ တစ်ဝန်းလုံးမှာ တော်တော်များများ ရောက်ပါတယ်။ ဟောင်ကောင်၊ မကာအို၊ တရုတ်၊ စင်ကာပူ၊ ဗီယက်နမ်၊ ထိုင်း၊ ကိုရီးယားကအစ ဈေးကွက်ရရှိပါတယ်။ အအေးခန်း ပစ္စည်းတွေကတော့ ပြည်တွင်းကို အဓိကဖြန့်ချိပါတယ်။ အသင့်စားထုတ်ကုန်ဆိုရင် ကြာရှည်ထားခံမှုက အနည်းဆုံး ခြောက်လကနေ တစ်နှစ်အထိ အထားခံပါတယ်။ အအေးခန်း စားသောက်ကုန် ဆိုရင်တော့ မီးအမြဲတမ်းရရှိမှု ပေါ်မူတည်ပြီး သုံးလအထိ ထားလို့ရပါတယ်။
TREND ။ ။ ပြပွဲမှာလေးနိုင်ငံက ဈေးကွက်ကိုယ်စားလှယ်တွေ၊ လုပ်ငန်းတွေလည်း ပါဝင်ပြသတယ်။ သံရုံးတွေနဲ့လည်း ချိတ်ဆက်ထားတာဖြစ်တဲ့အတွက် ဒီလိုပြပွဲမှာ ပါဝင်ပြသတဲ့အတွက် ဘယ်လို အကျိုးကျေးဇူးတွေကို ရရှိနိုင်လဲ။
DTT ။ ။ ကျွန်မတို့အတွက်ကတော့ ဗဟုသုတလည်း တိုးတယ်။ မိတ်လည်း တိုးတယ်၊ ကျွန်မတို့ ပညာနဲ့ သူတို့ဆီက ပညာတွေကိုလည်း လုပ်ငန်းပဲဖြစ်စေ၊ သတင်းပဲဖြစ်စေ ဖလှယ်လို့ရတာပေါ့။ အရမ်းကို အကျိုးရှိတဲ့ ပြပွဲပါ။
TREND ။ ။ဒီနေ့ ပူးပေါင်းပါဝင်တဲ့ နိုင်ငံတွေက ပြပွဲတွေဖိတ်ခေါ်ရင် သွားရောက်ပြသဖို့ အစီအစဉ် ရောရှိလား။
DTT ။ ။ ရှိပါတယ်။ ကျွန်မတို့အနေနဲ့ အခွင့်အရေးကြုံတိုင်း ပါဝင်ပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံ ရောက်တိုင်း သူတို့ဆီက ပညာတွေရော၊ အတွေ့အကြုံတွေရော၊ အမြင်တွေကအစ တိုးတာပေါ့။ သွားသင့်ပါတယ်လို့ ပြောချင်ပါတယ်။ ကျွန်မတို့လည်း သွားပါတယ်။
TREND ။ ။ ပြည်တွင်း လုပ်ငန်းတွေအနေနဲ့ အသင်းအဖွဲ့တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုရှိရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ။
DTT ။ ။ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်တာက လုပ်ကိုင်သင့်ပါတယ်။ လုပ်ငန်းမှာကအကြီး၊ အသေးမရွေး အသင်းအဖွဲ့တွေမှာ ပါဝင်သင့်ပါတယ်။ အဲဒီလို ပါဝင်လာရင် လုပ်ငန်းအတွေ့အကြုံ၊ အမြင်ရော၊ ပညာရော၊ ခင်မင်မှုတွေရော၊ မိတ်ဆွေရော တိုး တက်လာမှာပဲလေ။ အဲဒီလိုဆိုရင် ကိုယ့်ထုတ်လုပ်တဲ့ ထုတ်ကုန်ကို နိုင်ငံတကာကလည်း ပိုသိလာမယ်။ နိုင်ငံ တကာဈေးကွက်ကိုလည်း ရင်းနှီး လာနိုင်တယ်။ ဒါကြောင့် အသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ကိုင်သင့်ပါတယ်။
TREND ။ ။ လုပ်ငန်း တည်ထောင်လာတာ ၁၅ နှစ်ရှိပြီဆိုတော့ ဒီလိုအောင်မြင်လာအောင် ဘယ်လိုမျိုး ကြိုးစားခဲ့ရလဲ။ အခက်အခဲကရော ဘာတွေရှိလဲ။
DTT ။ ။ အခက်အခဲက ပြောရမယ်ဆိုရင်တော့ မျက်ရည်တွေချည်းပဲ ကျော်ဖြတ်ရတယ်။ စတည်ထောင်တဲ့အချိန် လုပ်ငန်းက အနုတ်လ က္ခဏာတွေ ချည်းပဲပြတာ။ ငါးနှစ်ကျော်ကျော်လောက် တော်တော်လေးခံရတယ်။ ကျွန်မအနေနဲ့ကတော့ ဇွဲမလျှော့ဘူးပေါ့။ ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းကိုလည်း ကိုယ်ယုံကြည်တယ်။ ကိုယ်ထုတ်လုပ်တဲ့ ပစ္စည်းကို ဘယ်လိုပဲခက်ခဲနေပါစေ။ ကွာလတီ မလျှော့ဘူး။ ဘယ်အချိန်ပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် ထိန်းတယ်။ ဥပမာ တစ်ခါတလေ ကုန်ဈေးနှုန်း ပြောင်းလဲသွား တာမျိုးဖြစ်လည်း ကျွန်မတို့အနေနဲ့ ကွာလတီကို အကျမခံပါဘူး။ အမြဲ တမ်းထိန်းတယ်။ အခက်အခဲကိုတော့ ကျိတ်ပြီးကျော် ဖြတ်တာပေါ့နော်။ ကိုဗစ်-၁၉ ဖြစ်တဲ့အချိန်မှာက မြန်မာဟန်နီ ထုတ်ကုန်တွေကို ပိုပြီးတော့ အားပေးကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက လူတွေက အပြင်မထွက်ရတော့ အအေးခန်းစားသောက် ကုန်တွေကို ဝယ်ယူပြီးတော့ ရေခဲသေတ္တာထဲထားကြတော့ ရောင်းရတယ်။ ခက်ခဲနေတဲ့အချိန်မှာ အဲဒါတစ်ခုကတော့ အားသာချက် ဖြစ်သွားတာပေါ့။ ဘယ်အချိန် အခါမဆို ကျွန်မတို့က ကွာလတီကို အကျမခံဘူး။ ပစ္စည်းရဲ့အရသာမျိုးစုံကို ကောင်းသထက်ကောင်းအောင် ထုတ်လုပ်နေမှာပါ။
TREND ။ ။ အအေးခန်းပစ္စည်းထုတ်တဲ့အခါမှာ အဓိကကတော့ လျှပ်စစ်ကို သုံးရတာပေါ့။ ဒါတွေကိုရော ဘယ်လိုမျိုး ကျော်ဖြတ်လဲ။
DTT ။ ။ အဲဒါကြောင့် စောစောကပြော တာပေါ့။ အခက်အခဲတွေက ရှိကြတယ်။ ဒါပေမဲ့ ရတဲ့ နည်းနဲ့ကျော်ဖြတ်ရတာပေါ့။ တစ်ခုမဟုတ်တစ်ခုတော့ ကျော်ဖြတ်ရတယ်။ စစချင်းတော့ လျှပ်စစ်ကိုအချိန်နဲ့ လုပ်ရတယ်။ အအေးခန်းဆိုတော့ လျှပ်စစ်ကိုလည်း အကြာကြီးဖြတ်ထားလို့မရဘူး။ စက်သုံးဆီ တော့ တော်တော်ကုန်တာပေါ့။ အခုနောက်ပိုင်းတော့ဆိုလာနဲ့ ဆောင်ရွက်တော့ အများကြီး သက်သာလာပါပြီ။
TREND ။ ။ ထုတ်ကုန်အသစ်တွေရော ထုတ်လုပ်သွားဖို့ရှိလား။
DTT ။ ။ ထုတ်ကုန်အသစ်တွေ ထုတ်လုပ်ဖို့ရှိပါတယ်။ ဈေးကွက်မှာလိုအပ်ရင် လိုအပ်သလို၊ ကျွန်မတို့လည်းအများနဲ့ စားလို့လည်း ကောင်းမယ်။ ဈေးလည်းသင့်တင့်ရမယ်၊ ဗိုက်လည်း ဝရမယ်။ အဲဒီလို စားသောက်ကုန်တွေကို ဆက်လက်ထုတ်လုပ်သွားဦးမှာပါ။
TREND ။ ။ မြန်မာဟန်နီအနေနဲ့က ဆိုင်ခွဲတွေဖွင့်ထားတာ ရှိပါသေးလား။
DTT ။ ။ မြန်မာဟန်နီက Only One ပဲ။ ကိုယ်စားလှယ်ပေးထားတာပဲ ရှိပါတယ်။ Market တွေ၊ ဟိုတယ်တွေ၊ လက်ဖက်ရည်ဆိုင်ပါမကျန် ဖြန့်ချိနေပါတယ်။ ဆိုင်ခွဲအနေနဲ့ ဖွင့်လှစ်ထားတာတော့ မရှိပါဘူး။စားသောက်ကုန်တွေကို လက်ကားယူချင်ရင် Facebook မှာ Myanmar Honey Food ဆိုပြီး ရှာပြီးမှာယူ လို့ရပါတယ်။ ကျွန်မတို့ Marketing ဖုန်းတွေကိုလည်း လက်ကားတိုက်ရိုက် မှာယူလို့ရပါတယ်။ အိမ်အရောက်လည်း ပို့ပေးပါတယ်။
TREND ။ ။ ချေးငွေနဲ့ပတ်သက်ပြီး ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေကိုရော ဘယ်လိုမျိုး အကြံပြု ချင်ပါလဲ။
DTT ။ ။ ချေးငွေကတော့ နိုင်ငံတော်အဆင့်ချပေးရင်တော့ ယူသင့်ပါတယ်။ ဘာလို့ဆိုရင် အခု ချိန်က အကုန်လုံး ဈေးကြီးနေတာလေ။ ကုန်ဈေးနှုန်းလည်း တက်တယ်။ နောက်ဆုံး ကုန်ကြမ်းပဲ ဝယ်ဝယ်၊ စရိတ်အတွက်ပဲကြည့်ကြည့် အကုန်လုံးက ဈေးမြင့်တက်နေတာလေ။ အဲ့ဒါကြောင့် ချေးငွေယူသင့်တယ်။ ပြီးရင် ကိုယ့်လုပ်ငန်း လည်ပတ်နိုင်ရေးအတွက်လည်း အရေးကြီးတယ်လေ။ ကျွန်မတို့ မြန်မာဟန်နီအနေနဲ့ကတော့ ချေးငွေမယူဘူး။ ဒါပေမဲ့ အခက်အခဲတွေကိုတော့ရင် ဆိုင်ကျော်ဖြတ်ရတာပေါ့။ မြန်မာဟန်နီက 'ရွရွလေးနဲ့ စားကောင်းတာ ဟန်နီပါ'ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကျွန်မရဲ့ခံယူချက်ပေါ့နော်။ အသန့်ရှင်းဆုံးနဲ့ အကောင်းဆုံးကွာလတီကို ဈေးအသင့်အတင့်နဲ့ စားသုံးနိုင်အောင် အမြဲ တမ်း ကြိုးစားနေပါတယ်။
TREND ။ ။ စားသောက်ကုန်ကို အားပေးနေတဲ့ ပြည်သူတွေကို ဒီကနေ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။
DTT ။ ။ မြန်မာဟန်နီ မိတ်သစ်မိတ်ဟောင်းတွေကို ကျေးဇူးအထူးတင်ပါတယ်။ အစဉ်အမြဲ အားပေးနေတဲ့ မိတ်ဆွေများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြီးပြည့်စုံပြီး အန္တရာယ်ကင်း ဘေးရှင်းပြီးတော့ ဆန္ဒတွေလည်း ပြည့်စုံပြီး စီးပွားတိုးတက်ပါစေလို့ ဆုတောင်းပေးပါတယ်။ (သက်မှူး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )