၂၀၂၅ ၊ အောက်တိုဘာ ၃
၂၀၂၅ ခုနှစ်ဟာ စစ်အေးကာလနောက်ပိုင်း နိုင်ငံတကာရေးရာတွေမှာ အရှုပ်ထွေးဆုံး၊ မာယာအများဆုံး၊ ပြဿနာအပွေဆုံး နှစ်တစ်နှစ်လို့ သတ်မှတ်ရင်တောင် မလွန်လောက်ပါဘူး။ ရုရှား-ယူကရိန်း စစ်ပွဲနဲ့ ဂါဇာစစ်ရေးပဋိပက္ခတို့လို နိုင်ငံတကာ အရေးအခင်းကြီးတွေက ၂၀၂၅ ခုနှစ်မှာ အရှိန်မပျက် ဆက်လက်စီးမျောလိုက်ပါနေရင်း ကမ္ဘာ့ကုန်သွယ်ရေး မူဝါဒပြိုင်ဆိုင်မှုတွေ၊ ရုရှားနဲ့ NATO စစ်မဟာမိတ်အဖွဲ့ကြားက တင်း မာလာမှုတွေလိုမျိုး နောက်ထပ် အကျပ်အတည်း သစ်တွေကလည်း အားကောင်းလာ နေပါတယ်။ ဒီတော့ အခုနှစ်ရဲ့ ကုလသမဂ္ဂအထွေထွေညီ လာခံ မိန့်ခွန်းတွေကလည်း ပိုပြီး စိတ်ဝင်စားစရာ၊ စောင့်ကြည့်ချင်စရာ ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တစ်ပတ်လုံးနီးပါးလောက်မှာတော့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရဲ့ ကုလသမဂ္ဂဌာနချုပ်မှာ နိုင်ငံအများအပြားရဲ့ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေဟာ နိုင်ငံအလိုက် ရပ်တည်ချက်တွေ၊ သဘောထားတွေ၊ အမြင်တွေတွေကို မိန့်ခွန်းတွေမှာ ပြောသွားခဲ့ပါတယ်။ ဒီတော့ လက်ရှိ နိုင်ငံတကာ ပြဿနာတွေနဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ အစိုးရတွေ၊ ကမ္ဘာ့အရေး ကိစ္စတွေမှာ အားကောင်းကောင်းနဲ့ ကိုင်တွယ်ပေးနိုင်တဲ့ စူပါပါဝါ နိုင်ငံကြီးတွေရဲ့ သဘောထားတွေကို အဲဒီညီလာခံမှာတော့ မိန့်ခွန်းတွေအဖြစ် မြင်တွေ့ကြားသိလာကြရပါတယ်။ စကားသံတွေထဲမှာ ကြုံးဝါး တာတွေ၊ ခြိမ်းခြောက်တာတွေ၊ အငေါ်တူးတာတွေ၊ လေပြည်ထိုးတာတွေ စသဖြင့် အမျိုးမျိုး ပါဝင် ခဲ့ကြပါတယ်။ အတော်လေးရသလည်း စုံလင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဆိုရင် သူ့ရဲ့လက်ရှိသမ္မတ သက်တမ်းမှာ ပထမဆုံးပြောကြားတဲ့ ကုလသမဂ္ဂ မိန့်ခွန်းအတွက် တစ်နာရီစွန်းစွန်းလောက် အားရပါးရ အချိန်ယူသွားခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်းထဲမှာတော့ ကုလသမဂ္ဂရဲ့ အရည်အချင်း မပြည့်မီမှုတွေကို နည်းလမ်းပေါင်းစုံကနေ ထိုးနှက်သွားခဲ့ပါတယ်။ အမေရိကန်က ကြိုးစားပေးနေတဲ့ ငြိမ်းချမ်းရေး အားထုတ်မှုတွေမှာ ကုလသမဂ္ဂက အကူအညီ မပေးတဲ့အပြင် အ နှောင့်အယှက်တွေတောင် ဖြစ်စေခဲ့တယ်လို့ သူကဆိုတယ်။ နောက်ပြီး ကုလသမဂ္ဂကို မိန့်ခွန်းပြောဖို့ အလာမှာ စက်လှေကားက ရုတ်တရက် ရပ်သွားခဲ့တာ၊ သူမိန့်ခွန်းပြောမယ့် စကားပြော မိုက်ခွက်က အသံမထွက်တာ၊ သူ့မိန့်ခွန်းကို Screen ကနေ ပြသမယ့်စက်က ပျက်နေတာတွေ အားလုံးကိုပါ ထရမ့်က အပြစ်တင်သွားခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်းထဲမှာတော့ စရိတ်စက ကြီးမားတဲ့ သန့်စင်စွမ်းအင်ရင်းမြစ်တွေနောက် တကောက်ကောက် လိုက်နေပြီး ထိရောက်တဲ့၊ စရိတ်သက်သာတဲ့ ရုပ်<ကင်း လောင်စာတွေကို ကျောခိုင်းချင်နေတဲ့ ဥရောပနိုင်ငံတွေကို အတော်လေး ဝေဖန်သွားခဲ့ပါတယ်။ သူဦးဆောင် တဲ့ အစိုးရလက်ထက်မှာ ကုန်သွယ်ဘက် နိုင်ငံတွေအပေါ် သွင်းကုန်အခွန်တွေ တိုးမြှင့်စည်းကြပ်တာ၊ တရား မဝင် ရွှေ့ပြောင်းအခြေချသူတွေကို ဖိနှိပ်ဖြိုခွင်းတာမျိုး အငြင်းပွားစရာ မူဝါဒတွေနဲ့ ပတ်သက်လို့လည်း ထရမ့်က ကာကွယ်ပြောဆိုသွားပါတယ်။
တရုတ် အစိုးရကိုယ်စား ဝန်ကြီးချုပ် လီကျန်းကပြောကြားတဲ့ မိန့်ခွန်းမှာတော့ ထရမ့်နဲ့ အမေရိကန်တို့ကို လုံး၀နာမည်မတပ်ဘဲ သာသာနဲ့နာနာ နှက်သွားခဲ့ပါတယ်။ အထူးသဖြင့် ထရမ့်က ကုန်သွယ်ဘက်နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ အထက်စီးဆန်ဆန် ချဉ်းကပ်ဖို့ အသုံးချနေတဲ့ သွင်းကုန်အခွန်တိုးမြှင့် စည်းကြပ်ရေးမူဝါဒကို လီက ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။ သွင်းကုန်တွေကို အခွန်တိုးကောက်ပြီး ကုန်သွယ် ရေးအရ ဖိအားပေးတယ် ဆိုတာမျိုးက ယဉ်ကျေးတဲ့ ခေတ်သစ်ကျင့်ဝတ်စည်းမျဉ်းတွေနဲ့ မကိုက်ညီတော့ဘူး ဆိုတာမျိုးလီက ထောက်ပြခဲ့ပေမယ့် ဘယ်သူ့ကို ရည်ရွယ်သလဲလို့တော့ နာမည် မတပ်ခဲ့ပါဘူး။ ဒါ့အပြင် ထရမ့်ရဲ့လက်ထက်မှာ အမေရိကန်ဟာ ကမ္ဘာ့ဦးဆောင် နိုင်ငံအဖြစ် ရှိမနေတော့ ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးကိုလည်း သူက ပြောသွားခဲ့ပါတယ်။ တချို့သော ဖိအားပေး စွက်ဖက်မှုတွေအောက်မှာ နိုင်ငံတကာ အခင်းအ ကျင်းတွေနဲ့ စံနှုန်းတွေက မူလအခြေအနေကနေ ပျက်ယွင်းလာနေပြီ ဖြစ်ကြောင်း သူက သတိပေးခဲ့ပြီး တရုတ်ဟာ အဲဒီအခြေအနေမှာ ကမ္ဘာ့ဦးဆောင်နေရာကို ရယူလိုတဲ့ သဘော ထားမျိုးကိုလည်း လှစ်ဟပြသွားခဲ့ပါတယ်။ အစောပိုင်းက ထရမ့်ရဲ့ မိန့်ခွန်းမှာ ကုလသမဂ္ဂဆို တာက မရှိသင့်တော့တဲ့အဖွဲ့အစည်း တစ်ခုနီးနီးလောက် ချိုးချိုးဖဲ့ဖဲ့ ဝေဖန်ခဲ့ပေမယ့် လီကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ လောက် အတွင်း လက်ဆင့်ကမ်း တည်ဆောက်လာတဲ့ ကုလသမဂ္ဂရဲ့ စံတန်ဖိုးတွေကို ဆက်ထိန်းသိမ်းဖို့ တရုတ်က နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်လို့ ပြော ကြားသွားခဲ့ပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ သူ့နိုင်ငံနဲ့ စစ်ဖြစ်နေတဲ့ အနောက်အုပ်စု နိုင်ငံတွေနဲ့ ရန်တိုက်ပေးဖို့ တော်တော်လေး အားကြိုးမာန်တက် မိန့်ခွန်းပြောသွားခဲ့ပါတယ်။ တကယ်တော့ ယူကရိန်းကို အသုံးချပြီး ရုရှားရဲ့ အနောက်ဘက်ခြမ်း နယ်နိမိတ်ကို NATO စစ်မဟာမိတ် အဖွဲ့က ထိပါး ခြိမ်းခြောက်လာတာကြောင့် ရုရှားနဲ့ ယူကရိန်းတို့ကြား စစ်ပွဲစတင်ခဲ့တာပါ။ ဒါပေမဲ့ ဇီလန်စကီးကတော့ အဲဒီအရှိတရားကို ဖုံးကွယ်ပြီး ရုရှားဟာ ယူကရိန်းကိုသာမကဘဲ အနောက် ဥရောပကိုပါ ကျူးကျော်ဖို့ စိုင်းပြင်းနေတယ်ဆိုတာမျိုး စွပ်စွဲသွားခဲ့ပါတယ်။ ယူကရိန်းသာ စစ်ရှုံးသွားမယ်ဆိုရင် ရုရှားဟာ အဲဒီလောက်နဲ့ ကျေနပ်နေမှာမဟုတ်ဘဲ နောက်ထပ် ကျူးကျော်မှုတွေအတွက် တစ်ဆင့်တက်လာ လိမ့်မယ်လို့ သူက ခြောက်လှန့်သတိပေးသွားပါတယ်။ ဒါပေမဲ့ ရုရှားကတော့ ဥရောပကို ကျူးကျော်စစ်ပြုဖို့ လုံး၀စိတ်ကူးမရှိကြောင်း အထပ် ထပ် ငြင်းဆိုထားပြီး သားပါ။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်ရဲ့ မိန့်ခွန်းကတော့ NATO ၊ ဥရောပသမဂ္ဂ (EU)နဲ့ သူ့နိုင်ငံကြားက လက်ရှိ တင်းမာမှုတွေကို အဓိကဦး တည်တဲ့ မိန့်ခွန်းမျိုး ပြောသွားခဲ့ပါတယ်။ စက်တင်ဘာလထဲမှာ ရုရှားရဲ့ ဒရုန်းတွေနဲ့ တိုက်လေယာဉ်တွေက NATO လေပိုင်နက်ကို ကျူးကျော်ခဲ့တယ်လို့ NATO က စွပ်စွဲထားပြီး ရုရှားဘက်ကတော့ အတိအလင်း ငြင်းဆိုထားပါတယ်။ လက်ဗ်ရော့ဗ်က ရုရှားဟာ NATO နဲ့ရော၊ ဥရောပသမဂ္ဂနဲ့ပါ ပြဿနာမတက်ချင်ဘူးလို့ ရှင်းရှင်းလင်းလင်း အသိပေးခဲ့တယ်။ ဒါပေမဲ့ ရုရှားကို ခြိမ်း ခြောက်ထိပါးတာ၊ ရန်လိုတာမျိုးတွေ ရှိလာပြီလို့ ခံစားရရင်လည်း ငြိမ်နေမှာမဟုတ်ဘူးလို့ သူက ပြောကြားသွားပါတယ်။ ဒါကလည်း နောက်တစ်ခါ ရုရှား တိုက်လေ ယာဉ်တွေ NATO လေပိုင်နက်ထဲ နယ် ကျော်လာရင် ပစ်ချတာမျိုးထိ အကြမ်းပတမ်း တုံ့ပြန်မယ်ဆိုတာမျိုး NATO ဘက်က ခြိမ်းခြောက်လာ တာကို တိုက်ရိုက်ရည် ရွယ်ဟန်တူပါတယ်။
ဂါဇာစစ်ပွဲကိစ္စကြောင့် အများအာရုံစိုက်တာခံနေရတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟုရဲ့ မိန့်ခွန်းကလည်း အတော်လေး ကသောင်းကနင်းကိစ္စတွေ ကြုံခဲ့ပါတယ်။ နေတန်ယာဟုက ခန်းမစင်မြင့်ပေါ်မှာ နေရာယူလိုက်တဲ့ အချိန်မှာပဲ သူ့ကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ နိုင်ငံအများအပြားရဲ့ သံတမန်တွေက ထွက်ခွာသွားကြပါတယ်။ ကျန်နေခဲ့တဲ့ထဲက တချို့ကလည်း အဲဒီလို ခန်းမထဲက ထွက်ခွာသွားသူတွေကို လက်ခုပ်တီး သြဘာပေးခဲ့ကြပါတယ်။ ဒါဟာ ဂါဇာမှာပါ လက်စတိုင်းပြည်သူတွေကို အစ္စရေးစစ်တပ်က အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အကြောင်းပြုပြီး အစ္စရေးအစိုးရကို ဆန္ဒပြကြတဲ့ လုပ်ရပ်တစ်ခုပါ။ ဒါပေမဲ့ နေတန်ယာဟုကလည်း တကယ့်ကို အရေထူတဲ့ ပုဂ္ဂိုလ်ပါပဲ။ သူက ပြောစရာရှိတဲ့ မိန့်ခွန်းကို ခပ်တည်တည်ပဲ ပြောသွားပါတယ်။ ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်တဲ့ အစိုးရတိုင်းကို သူက ဝေဖန်သွားပါတယ်။ ပြီးတော့ ဂါဇာက စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး အစ္စရေးဟာ လုပ်စရာရှိတာကို မြန်မြန်အောင်မြင်အောင် ဆက်လုပ်သွားမယ်လို့ သူ့ရပ်တည်ချက်ကို အသိပေးသွားပါတယ်။ နေတန်ယာဟုရဲ့ စကားက ပါလက်စတိုင်း ကို နိုင်ငံအဖြစ် သတ်မှတ်တော့မယ်လို့ အခုနှစ် ကုလသမဂ္ဂညီလာခံမှာ အသီးသီးကြေညာခဲ့ကြတဲ့ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ သြစတြေးလျတို့လို နိုင်ငံတွေကို တိုက်ရိုက်ဦးတည်ဟန်ရှိပါတယ်။ အဲဒီနိုင်ငံတွေဟာ အစဉ်အလာအရ အစ္စရေးရဲ့ မဟာမိတ်တွေ ဖြစ်ခဲ့ပေမယ့် အခုတော့ ပါလက် စတိုင်းအရေးကို အကြောင်းပြုပြီး နေတန်ယာဟုကို ကျောခိုင်းလိုက်ကြတဲ့ သဘောပါပဲ။
အခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန်းပြောသူတွေထဲမှာ စိတ်ဝင်စားစရာ ပုဂ္ဂိုလ်တစ်ယောက်ကတော့ ဆီးရီးယား ယာယီအစိုးရရဲ့ သမ္မတသစ် အာမက်အယ်ရှာရာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ပြုတ်ကျသွားခဲ့တဲ့ သမ္မတဘာရှာ အာဆတ်ရဲ့ အစိုးရကို တော်လှန်ခဲ့တဲ့ သူပုန်တပ်တွေရဲ့ ခေါင်းဆောင်ပါ။ ထူးခြားချက်တစ်ခုအနေနဲ့ကတော့ အယ်ရှာရာဟာ နှစ်ပေါင်း ၆၀ နီးပါးလောက်အတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံကို ပထမဆုံးအကြိမ် တက်ရောက်တဲ့၊ မိန့်ခွန်းပြောတဲ့ ဆီးရီးယား အစိုးရခေါင်းဆောင် ဖြစ်လာခဲ့တာပါ။ သူ့ရဲ့ မိန့်ခွန်းက ခပ်တိုတိုပဲဖြစ်ပြီး သူ့အစိုးရဟာ စစ်ပြီးခေတ် ဆီးရီးယားနိုင်ငံကို ပြန်လည် ထူထောင်သွားမယ်ဆိုတဲ့အကြောင်း၊ နိုင်ငံတကာ အကူအညီတွေကို လိုအပ် နေသလို နိုင်ငံတကာ ပိတ်ဆို့မှုအားလုံး ဖယ်ရှားပေးဖို့လည်း တောင်းဆိုလိုကြောင်း အယ်ရှာရာက ပြောကြားသွားပါတယ်။
ဇူလိုင်လတုန်းက အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံနဲ့ နယ်စပ်ပဋိပက္ခကို အကြောင်းပြုပြီး ငါးရက်ကြာ စစ်ခင်းတိုက်ခိုက်ခဲ့ဖူးတဲ့ ထိုင်းနိုင်ငံကတော့ နှစ်ဖက်တင်းမာမှုတွေကို အထိရောက်ဆုံး လျှော့ချနိုင်ဖို့ ရည်မှန်းချက်ထား လုပ်ဆောင်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖုန်ကတ်ခွမ်ရဲ့ မိန့်ခွန်းအရ သိရပါတယ်။ ဒါပေမဲ့ သံတမန်ရေးအရ ဆွေးနွေးအဖြေရှာနေသလို တစ်ဖက်မှာလည်း ထိုင်းဟာ စစ်ရေးအရအမြဲ တမ်းနိုး ကြားပြင်ဆင်နေမယ်ဆိုတာမျိုး သူက သတိ ပေးသွားခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ အကြိမ် (၈၀)မြောက် နှစ်ပတ်လည် အထွေထွေညီလာခံရဲ့ မိန့်ခွန်းတွေဟာ အကြောင်းအရာပေါင်းစုံ၊ နောက်ခံအခြေအနေ ပေါင်းစုံနဲ့ အတော်လေး အရောင်အသွေးစုံလင်ပြီး ဝေေ၀ဆာဆာ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် လက်ရှိနိုင်ငံတကာ အာရုံအစိုက်ဆုံး ပြဿနာတွေ၊ အကြောင်း အရာတွေနဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ နိုင်ငံတွေဆီက သဘောထားရပ်တည်ချက်တွေကို ကုလသမဂ္ဂမှာ တရားဝင်ထုတ်ပြန် အသိပေးခဲ့ခြင်းကလည်း ပိုပြီး စိတ်ဝင်စားစရာတွေ၊ ပွဲဆူချင်စရာတွေ ဖြစ်ခဲ့ပါတယ်။ နယူးယောက်က ကုလသမဂ္ဂဌာနချုပ် အဆောက်အအုံကြီးထဲမှာ တစ်ယောက်တစ်မျိုး ပြောဆိုခဲ့ကြတဲ့ ကြုံးဝါးသံတွေ၊ ခြိမ်းခြောက်မှုတွေ၊ အငေါ်တူးစကားတွေ အပြီးမှာတော့ အဲဒီခေါင်းဆောင်တွေဟာ ကိုယ့်နိုင်ငံကိုယ် ပြန်ကြပြီး ကိုယ့်သဘောကိုယ်ဆောင်ရင်း ရှေ့ဆက်ကြပါလိမ့်မယ်။ ကမ္ဘာကြီးကလည်း အကျပ်အတည်းတွေ၊ ပြဿနာတွေနဲ့ ရိုးရာမပျက် ဆက်လက်ချီတက်နေဦးမှာ ဖြစ်ပါတယ်။
(ညိုစိမ်း )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )