၂၀၂၅ ၊ ဩဂုတ် ၃
ထူးမြတ်တို့ ငယ်ငယ်က ရုပ်ရှင်ဗီဒီယို တစ်ခေတ် ဖြတ်သန်းခဲ့ရပြီး အများစုကတော့ ဗီဒီယိုဇာတ်ကားတွေကြည့်ပြီး အပန်းဖြေခဲ့ရသည်က များသည်။ ယနေ့ခေတ်လို ဖုန်းတစ်လုံးရှိရုံဖြင့် ဖျော်ဖြေရေးက မပြည့်စုံတော့ ကလေးဘဝမှသည် လူငယ်ဘဝထိ ဗီဒီယိုရုံက အပန်းဖြေရာ နေရာပင် ဖြစ်သည်။ ရုပ်ရှင်ဆိုတာကလည်း လက်မှတ်ခဈေးကြီးတော့ မိဘတွေလိုက်မပြရင် မကြည့် ရသည့် ပိတ်ကားကြီး ဖြစ်သည်။ ဒီတော့ လစာထုတ်ရက်တွေ၊ ကားကောင်းတွေ၊ ရုံတင်ရက်တွေမှ ရုပ်ရှင်ကြည့်ရသည်။ ဒါကြောင့် လူငယ်ဘဝတွေမှာ ဗီဒီယိုရုံသည် အရေးပါလှသည်။ မြန်မာဇာတ်ကားကောင်းတွေသာမက နိုင်ငံခြားအက်ရှင် ဇာတ်လမ်းတွဲတွေအထိ ပြသသည့် ဗီဒီယိုရုံတွေက တစ်ခေတ်တစ်ခါမှာတော့ ခေတ် ကောင်းလှပေသည်။ မြန်မာ့ရုပ်ရှင်လောက တစ်ခေတ်ဆန်းသလို မြန်မာ့ဗီဒီယိုလောကကလည်း ခေတ်ကောင်းမီခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ငွေကျပ် ၂၀ ပေးရုံဖြင့် အသစ်ထွက်သော မြန်မာကား၊ နိုင်ငံခြား ကားအသစ်တွေကို ဦးအောင်ကြည့်ပြီး သူငယ်ချင်းတွေကြား ပြန်ပြောပြရတာကိုက အလုပ်တစ်ခု ပင်ဖြစ်သည်။ ဇာတ်ကားသစ်ကို ပထမဆုံးကြည့်ပြီး ဇာတ်လမ်းသဘောကို ပြန်ပြောပြနိုင်သည့် သူက အကောင်ပင် ဖြစ်သည်။ ဒီလိုခေတ်ဆိုတော့ ကလေးသဘာ၀ ရတဲ့မုန့်ဖိုးစုပြီး ဗီဒီယိုရုံကို ချီတက်ရသည်က အောင်မြင်မှုတစ်ခုပင် ဖြစ်သည်။
မြန်မာ့ဗီဒီယိုလောက လွှမ်းမိုးမှုက ထူးမြတ်တို့လို အသက်(၄၀) တန်းတွေဆိုလျှင် သိနိုင်သည်။ ဥပမာပြောရရင် မင်းသားကြီး ဦးကျော်ဟိန်း၏ 'အကြွေး'ဇာတ်ကားပါ ဒိုင်ယာလော့တစ်ခုဖြစ်သော 'လက်ညှိုးလေးတစ်ချောင်း ကွေးတတ်ဖို့ ဆယ်နှစ်၊ ဆယ်နှစ်'ဆိုသည့် စကားက ဗီဒီယိုရုံတွေမှာ အခြေတည်ခဲ့တာ ဖြစ်သည်။ထိုကာလက ရုပ်ရှင်မင်းသား မင်းသမီးတွေ ဇာတ်ဝင်ခန်းမှာပြောသည့် ဒိုင်ယာလော့တွေ၊ ပြင်ပလောကမှာ ဗန်းစကားအဖြစ် အပြောများဖို့က ဗီဒီယိုရုံတွေမှာ စတင်သန္ဓေတည်တာ ဖြစ်သည်။ နည်းပညာတွေ၊ အင်တာနက်တွေဆိုတာ မကြားဖူးတဲ့ကာလမှာ ဗီဒီယိုတစ်ကား၊ ရုပ်ရှင်တစ် ကား ပေါက်မြောက်အောင်မြင်ပြီး အနုပညာချစ် ပြည်သူအပေါ် လွှမ်းမိုးဖို့ ကြိုးစားရလေသည်။ ဖန်တီး ထုတ်လုပ်သူတွေကလည်း ဘယ်နယ်ကတော့ ဘယ်လိုဇာတ်ကားမျိုး ကြိုက်ကြတယ်၊ ဘယ်လိုဇာတ်ကားမျိုးက ထုတ်လုပ်သူတွေအတွက် အမြတ်ကျန်တယ် ဆိုတာမျိုးတွေးတော ရိုက်ကူးကြသည်။ ထို့ကြောင့်လည်း မြန်မာ့ရုပ်ရှင် ဗီဒီယိုလောကမှာ နယ်ကြိုက်ကား၊ မြို့ကြိုက်ကားဆိုပြီး ကွဲထွက်သွားတာ ဖြစ်သည်။ ယနေ့ခေတ်လိုတော့ မြန်မာပေါကား ဆိုတာမျိုးတော့ မကြည့်ခဲ့ရဘူးပေ။
ဒီတော့ ထူးမြတ်တို့ ငယ်ငယ်က နယ်ပရိသတ် အကြိုက်ဆုံး ဇာတ်ကားများ ပြောပါဆိုလျှင် ကွယ်လွန်သွားရှာပြီဖြစ်သော သရုပ်ဆောင်မင်းသားကြီး သီဟတင်စိုး၏ တော်လှန်ရေးဇာတ်ကားများပင် ဖြစ်သည်။ သူ့ကျွန်ဘ၀ ရောက်ခဲ့ဖူးသော မြန်မာနိုင်ငံသူ နိုင်ငံသားများအဖို့ တော်လှန်ရေးဇာတ်ကားတွေက သွေးဆူလွယ်စေသည်။ 'ခူရကား ဘီရုမာ'ဆိုပြီး ကိုသီဟတင်စိုးကို ဂျပန်ဗိုလ်သရုပ်ဆောင်က ပါးရိုက်လျှင် အသဲခိုက်အောင်ခံစားရသည်။ မြန်မာ့တော်လှန်ရေးသမားတွေ 'ကျား'ဆိုပြီး ညာသံပေး ချီတက်လာရင် ဗီဒီယိုရုံထဲ လက်ခုပ် လက်ဝါးတီး အားပေးကြသည်အထိ တော်လှန်ရေး ဇာတ်ကားတွေက ထူးမြတ်တို့လို အသက်(၄၀)ကျော် (၅၀)တန်းတွေကြားမှာ ရေပန်းစားခဲ့ရသည်။ ခုတော့ လည်း ခေတ်ပြောင်း စနစ်ပြောင်း နည်းပညာတွေ တိုးတက်လာတော့ ဖုန်းတစ်လုံးရှိရုံဖြင့် ဖျော်ဖြေရေးကဏ္ဍ ပေါင်းစုံ ကို ကြည့်ရှုခံစားနိုင်သဖြင့် မြန်မာ့ဗီဒီယိုလောက ဆိတ်သုဉ်းခဲ့ရသလို ပရိသတ်များ ချစ်စနိုးအမည်ပြောင် ပေးထားသော တော်လှန်ရေးခေါင်းဆောင်ကြီး ကိုသီဟတင်စိုးလည်း မရှိတော့ပေ။ အနုပညာလောက အတွက် စိတ်မကောင်းဖွယ်ရာပင် ဖြစ်သည်။
ဒီလို ရုပ်ရှင်ဗီဒီယိုခေတ် ဖြတ်သန်းလာခဲ့သော ထူးမြတ်တို့လို မျိုးဆက်တွေအတွက်တော့ တော်လှန်ရေး ဇာတ်ကားသစ်တွေ မျှော်လင့်မိသည်။ ကံကောင်းသည်ပဲလား၊ ဆုတောင်းပြည့်သည်ဟု ပြောရမလား ခုဆိုရင် မြန်မာ့တော်လှန်ရေး ဇာတ်ကားကြီးတွေ နိုင်ငံတကာမှာ ပြသနေကြပြီဖြစ်သည်။ အမေရိကား၊ ဂျပန်တို့လို နည်းပညာ အင်မတန် မြင့်မားလှသော နိုင်ငံကြီးများရှိ ရုပ်ရှင် ရုံကြီးများတွင် မြန်မာ့တော်လှန်ရေး ဇာတ်ကားကြီးတွေ နေရာရလာသည်။ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း အရင်လို ရုံဝင်ကြေးရပြီး အမြတ်ရဖို့ထက် ရာခိုင်နှုန်းတွေခွဲပြ၊ ဘယ်လောက်ရရင် ဘယ်နှရာခိုင်နှုန်း လှူမယ်၊ တန်းမယ်ဆိုတာမျိုးနဲ့ ဆွဲဆောင်ကြလေသည်။ ရုပ်ရှင်ဗီဒီယို ခေတ်ပျက်နေသည့် ကာလမှာတောင် တော်လှန် ဒါရိုက်တာတွေ၊ တော်လှန်မင်းသားတွေ အမေရိကား အပြေးအလွှားမသွားခင် လမ်းကြုံနယ်စပ်မှာ ရိုက်သွားသည့် တော်လှန် ရေးဇာတ်ကားတွေက နိုင်ငံတကာမှာ မျက်နှာပန်းလှနေသည်။ နယ်စပ်မှာ တော်လှန်ရေးဇာတ်ကား ရိုက်တယ်ဆိုတာကလည်း ဟောလီးဝုဒ်၊ ဘောလီး ဝုဒ်တို့လို ငွေကြေးအများကြီး သုံးစရာမလို ဖုန်းလေးတစ်လုံးရှိရုံဖြင့် နိုင်ငံတကာအဆင့်မီ ရုပ်ရှင်ဇာတ်ကားတွေ ထွက်ပေါ်လာသည်။ နယ်စပ်က ဇာတ်ပို့သရုပ်ဆောင်တွေ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေရိုက်ပြီး အဓိက သရုပ်ဆောင်တွေပါဝင်တဲ့ အခန်းတွေကို အမေရိကားလောက် မှာရိုက်ပြီး ပြန်လည်တည်းဖြတ်ရုံဖြင့် နိုင်ငံတကာမှာ ရုံတင်လို့ရသည့် မြန်မာ့တော်လှန်ရေးဇာတ်ကားကောင်း တွေ ဖြစ်လာသည်။
ယခုလည်း မြန်မာ့တော်လှန်ရေးဇာတ်ကားကြီး တစ်ကားဖြစ်သော'ပြုံးပြုံးလေး' ဆိုသည့်ဇာတ်ကား အမေရိကားနဲ့ နိုင်ငံတကာမှာ ရုံတင်မည်ဟု ကြေညာလိုက်သည်။ တော်လှန်ရေးဇာတ်ကား ဆိုခြင်းကြောင့် ကိုသီဟတင်စိုးပျိုးပေးခဲ့သည့် တော်လှန်ရေးဇာတ်ကား မျိုးစေ့ရှိသူတို့အဖို့ ကြည့်ချင်လှ ပေသည်။ သို့သော် တောထဲမှာ ခေတ်မီ အိုင်ဖုန်းကြီးတွေကိုင်၊ အမေရိကား မသွားခင် တောထဲက ဇာတ်ဝင်ခန်းတွေ အပြီးရိုက်ပြီးတော့ အမေရိကား အပါအဝင် တတိယနိုင်ငံတွေမှာ လက်ကျန်အဓိက ဇာတ်ဆောင်တွေရဲ့ ရဲရဲတောက် သရုပ်ဆောင်ချက် တွေရိုက်ပြပြီး ပြည်ပမှာ ရုံတင်တာဆိုတော့ အလှမ်း ဝေးလွန်းလှသည်။ မြန်မာ့ ဝါရင့်အနုပညာရှင်ကြီးတွေကလည်း အုံနဲ့ကျင်းနဲ့ အမေရိကားအပါအဝင် တတိယနိုင်ငံ များဆီသို့ ပြေးပြေးလုံးပြီး 'ပြုံးပြုံးလေး'ချီတက်သွားကြ တာဆိုတော့ မြန်မာပရိသတ်တွေ တော်လှန်ရေးဇာတ်ကားတွေ ကြည့်ရဖို့ အလှမ်းဝေးလွန်းလှပြန်သည်။
အိုင်ဖုန်းလေးတစ်လုံး အရင်းပြု၊ နယ်စပ်မှာ စွန့်စား ရိုက်ကူးထားသော တော်လှန်ရေးဇာတ်ကားကြီးတွေ ဝင်ငွေကောင်းဖို့ ဆုတောင်းပေးရပေတော့မည်။ တော်လှန်ရေးဆိုတာကလည်း ရာခိုင်နှုန်းလေးတွေပါမှ အနှစ်သာရ ပြည့်ဝတာကြောင့် တော်လှန်ဇာတ်ကားကြီးတွေ ရုံတင်ပြီးရတဲ့ အမြတ်ကနေ တစ်ဝက်တော်လှန်၊ တစ်ဝက်အရင်းထားရတာကြောင့် တော်လှန်အနုပညာရှင်ကြီးတွေ အမြတ်ရဖို့ လိုသည်။ ဒါမှလည်း တော်လှန်ရေးကြီးကို အဆင်ပြေပြေ တော်လှန်နိုင်မည် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ထူးမြတ်တို့လို တော်လှန်ရေး ဇာတ်ကားများ ကြိုက်နှစ်သက်ကြသော ဗီဒီယိုဝါ သနာရှင်တွေအဖို့ တော်လှန်ဇာတ်ကားကြီးတွေကြည့်ဖို့ အမေရိကားနိုင်ငံကြီးဆီ မသွားနိုင်တာကြောင့် ကြည့်ပြီးတဲ့သူတွေ ပြန်ပြောပြတာကို အာရုံခံနားထောင်ဖို့ အသင့်စောင့်နေသည်။ ခေတ် ဟောင်းက သရုပ်ဆောင်မင်းသားကြီးလို သရုပ်ဆောင်ချက် ကောင်းကောင်းဖြင့် အမေရိကားက တော်လှန်မင်း သားကြီးတွေက နယ်စပ်က တော်လှန်သရုပ်ဆောင်လေးတွေကို လက် ၁၀ ချောင်းထောင်ပြပြီး 'တော်လှန်ရေးအောင်ဖို့ ဆယ်နှစ် ဆယ်နှစ်'ဆိုသည့် မာန်ပါလှသော ဇာတ်ဝင်ခန်းတွေ နဖူးတွေ့ဒူးတွေ့ ကြည့်ချင်လှသည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )