တိုက်ပွဲလား၊ ငြိမ်းချမ်းရေးလား အမြန်စဉ်းစားပါ

၂၀၂၅ ၊ ဇူလိုင် ၁၂

    ၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ်များဟာ မြန်မာ့နိုင်ငံရေးအတွက် အရေးပါတဲ့ အပြောင်းအလဲကာလများလို့ ဆိုရပါလိမ့်မယ်။ ၂၀၂၁ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ မဲမသမာမှုကို အခြေခံခဲ့တဲ့ နိုင်ငံရေးဟာ တိုင်းပြည်ကို စုံးစုံးမြုပ်သွားနိုင်တဲ့ အခြေအနေထိဖြစ်ခဲ့တာ အားလုံး လက်ခံရမယ့် အခြေအနေတစ်ခုပါ။ အခြေအနေမှန်ကို သုံးသပ်ရရင် မဲမသမာမှု အမှန်တကယ်ဖြစ်ခဲ့တဲ့ NLD ပါတီက ပြည်သူလူထု ထောက်ခံမှုအားကြီးတဲ့ ပါတီတစ်ခုပါ။ ပါတီဝင်တွေရဲ့ အရည်အချင်းထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့အရှိန်အဝါနဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုချစ်ကြတဲ့ သံယောဇဉ်က ပိုများတာက အဓိကအချက် ဖြစ်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့စန်းနဲ့ ပြည်သူကြိုက်ပြောဆိုနေထိုင်တတ်မှုကလည်း အားသာချက်တစ်ချက်ဖြစ်ပဲ ဖြစ်ပါတယ်။ 
    ၂၀၂၁ခုနှစ်ကစတင်ခဲ့တဲ့ ပြဿနာတွေဟာ တပ်မတော်နဲ့ NLD ရဲ့ ပွတ်တိုက်မှုကတစ်ဆင့် ကူးစက်မှုလို့ဆိုမယ်ဆို ဆိုလို့ရနိုင်ပါတယ်။ သို့သော် အခြေအနေကို သေသေချာချာ လေ့လာကြည့်ရင် တပ်မတော်နဲ့ NLD တို့ရဲ့ ပွတ်တိုက်မှု သက်သက်မဟုတ်ဘဲ  ဒီမိုကရေစီ အနိုင်ကျင့်မှုက အဓိကအကြောင်း တစ်ချက်ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအကြိုကာလ အခြေအနေက စလေ့လာကြည့်ရင် ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းကို တွေ့ရမှာဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အာဏာလိုချင်လို့ အာဏာသိမ်းဖို့ အကွက်ချဆောင်ရွက်ခဲ့တာ ဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး။ 
    ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲဝင်မယ့် ပါတီတွေက ကန့်ကွက်တာတွေ၊ ဝေဖန်တာတွေဟာ အလကားစွပ်စွဲလုပ်ဆောင် ခဲ့တာမဟုတ်ပါဘူး။ မမျှမတဖြစ်နေတာတွေ မျှတစေဖို့၊ မဲမသမာမယ့် အလားအလာကို မြင်နေရလို့ မဖြစ်အောင် ထိန်းပေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဆီ ဝိုင်းပြီး လက်မှတ်ထိုး စာရေးကြတာတွေဟာ ကြိုတင်အကွက် ချတာဖြစ်နိုင်ပါ့ မလား။ ဉာဏ်နည်းတဲ့သူ၊ မုန်းနေတဲ့သူတွေအတွက်တော့ ဒီလိုမြင်ချင်မြင်ပါလိမ့်မယ်။ အဲဒီကာလမှာ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ သတိပေးခဲ့တာ တွေ့ရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုတုံ့ပြန်ခဲ့ပါသလဲ။ လုပ်သင့်တာလုပ်၊ တားသင့်တာ တားရမှာကို ဘာမှမလုပ်ခဲ့ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပဲ မလိုလို့ မတော်မတရားလုပ်တဲ့ အချိုးမျိုးနဲ့ 'ဘာရမလဲသာဝရယ်' ဆိုတဲ့စကား ပြောခဲ့တာ သတိရကြပါလိမ့်မယ်။ ဒီစကားရဲ့ နောက်မှာ အဓိပ္ပာယ်တွေ အများကြီး ရှိပါတယ်။ သူ့ကိုချစ်တဲ့ ပြည်သူလူထုရဲ့ စိတ်ထဲမှာ ဘယ်လိုဖြစ် သွားမလဲ သာမန်ပြည်သူတွေ ဘယ်လိုမြင်သွားကြမလဲ။ ဘာမှမတား၊ ဘာမှမလုပ်ခဲ့ဘဲ ဒီလိုစကားမျိုး ရိသဲ့သဲ့ ပြောတာကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပင် ကိုယ်တိုင်မခိုင်းခဲ့ရင်တောင်မှ အလိုတူ အလိုပါလို့ပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ တပ်မတော်ကို တစ်သက်လုံး အမြင်မကြည် လင်ခဲ့တာ၊ ရန်သူလို သဘောထားခဲ့တာတွေက ပြဿနာမဟုတ်ပေမယ့် ဒီအချိန်မှာ ဘာလို့ ဒီလိုသတိပေးသလဲ။ တကယ်မှန်နေရင် ဘာလုပ်သင့်သလဲ။ NLD အနေနဲ့ တပ်မတော်နဲ့ ကျန်တဲ့နိုင်ငံရေးပါတီတွေနဲ့ ပွတ်တိုက်မှုသိပ်ကြီးရင် ဘာဖြစ်နိုင်သလဲ ဆိုတာလောက်တော့ တွက်ဆသင့်ပါတယ်။ တွက်ဆပြီး ဂရုမစိုက်တာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ 
    မတိုင်ခင်မှာ ကြိုတင်သတိပေးထားတဲ့အပေါ် ဂရုမစိုက်ခဲ့သလို တကယ်တမ်း နဖူးတွေ့ဒူးတွေ့ ကာလမှာ ဘာတွေလုပ်ခဲ့ကြသလဲ။ ငြင်းစရာမလိုလောက်အောင် ထင်ရှားခဲ့တာ NLD ရော၊ NLD လိုလား တဲ့သူတွေအသိပါ။ ပြည်သူတွေလည်း သိကြပါတယ်။ ကြားနေသူတွေရော NLD မထောက်ခံသူတွေပါ သိကြပါတယ်။ မဲစာရင်း မသမာမှုတင်မကဘဲ ရပ်ကွက်အတွင်း နေအိမ်တွေမှာ  ကြိုတင်မဲလိုက်ကောက်တဲ့အချိန်  ပေါ်ပေါ်တင်တင် 'ဒီနေရာမှာ တုံးထု၊ ဒီနေရာမှာ တုံးထုလိုက်မယ်နော်'ဆိုပြီး လျှို့ဝှက်မဲကို ဗြောင်တောင်းယူသွားတာ၊ အနိုင်အထက် လုပ်သွားတာတွေလည်း မကြားချင်အဆုံး ဖြစ်ခဲ့ရတာပဲ မဟုတ်ဘူးလား။ တပ်မတော်နဲ့ အဆင်ပြေတဲ့ ပါတီတွေ မဲနိုင်သွားရင် ဒီမိုကရေစီ နောက်ပြန်ဆုတ် သွားမယ်၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်သွားမယ်ဆိုတဲ့ အချိုးမျိုးနဲ့ ပြည်သူတွေကို အယုံသွင်းခဲ့ တာတွေဟာ မလုပ်သင့်၊ မပြောသင့်တဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်။ 
    တကယ်တမ်း ဖြစ်ပြီးနောက်မှာ ပြန်လည်ကုစားလို့ ရပါသေးတယ်။ ကုစားနိုင်အောင်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မပြတ်သတိပေးခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ အခြေအနေမှန်ကို ဖုံးကွယ်ထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တမင်သက်သက် NLD နဲ့ အစိုးရကို မကျေနပ်လို့ ရွေးကောက်ပွဲကော်မရှင်ကို အပြစ်ရှာနေတာ၊ သူ့ကို နေရာမပေးလို့၊ သူနေရာလိုချင်လို့ ဒီလိုတွေ လုပ်နေတာ၊ တကယ်တမ်းကျရင် ဘာမှလုပ်မှာ မဟုတ်ဘူးဆိုတဲ့ အပြောမျိုးနဲ့ အသံလွှင့်နေတာတွေက ပြဿနာကို ပိုကြီးထွားစေခဲ့တာ မဟုတ်ဘူးလား။ လွှတ်တော်ခေါ်ဖို့ စီစဉ်ချိန်မှာ တပ်မတော်က တားပါသေးတယ်။ နှစ်ပတ်လောက် နောက်ဆုတ်ပြီး မဲပြဿနာကို ကြည့်ကောင်းအောင် ရှင်းပေးဖို့၊ ပြီးမှ ဆက်လုပ်ဖို့ ပြောတယ်လို့ သိရပါတယ်။ တပ်မတော် ဘက်ကကြည့်ရင် တောက်လျှောက် သတိပေးလာ ခဲ့တာ ဘာတုံ့ပြန်မှု၊ ဘာဖြေရှင်းမှုမှ မပြုဘူးဆိုရင် ဘယ်လိုနေမလဲ။ လုံး၀ဖြူစင်နေရင်တော့ တစ်မျိုးပေါ့။ စနစ်တကျ စီစဉ်တာမျိုးမဟုတ်ဘဲ အနည်းငယ် သူ့နေရာနဲ့သူဖြစ်ရင်တောင် တပ်မတော်ဘက်က ပြောမှာ မဟုတ်ဘူး။ အုံနဲ့ကျင်းနဲ့ ဖြစ်တဲ့ကိစ္စမှာ ကြည့်ကောင်းရုံ ဖြေရှင်းပေးရင်ကို တပ်မတော်ဘက်က နောက် ဆုတ်ပေးမယ့်သဘောမှာ ရှိတယ်။ မှားလည်း မှားနေသေးတယ်။ လုံးဝလည်း ဂရုမစိုက်ဘူးဆိုရင် တပ်မတော်ဘက်အပိုင်းက ဘယ်လိုတုံ့ပြန်သင့်ပါသလဲ။ သူတစ်ဖွဲ့တည်းမဟုတ်ဘဲ နစ်နာလို့ သူ့ကို တိုင်ထားတဲ့ ပါတီတွေ၊ ဘုမသိဘမသိနဲ့ ခံလိုက်ရတဲ့ မဲဆန္ဒရှင်တွေ၊ ခွင့်လွှတ်လိုက်လို့ အကျင့်ပါသွားပြီး နောင်မှာ လုပ်ချင်တာလုပ်ကြလို့ ဒီမိုကရေစီ ပျက်စီးသွားမှာတွေအတွက် လုပ်သင့်တာ လုပ်လိုက်ရတဲ့ သဘောပဲ ဖြစ်ပါတယ်။
    ပြည်သူ့လွှတ်တော် ခေါ်ယူမယ့်နေ့ မတိုင်မီ ညအထိ တပ်မတော်ဘက်က ညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ်အနေနဲ့  စာရေးသားခဲ့တယ်ဆိုတာ အမှန်လို့ သိရပါတယ်။ မကြာသေးမီကပင်အဲ့ဒီစာ အွန်လိုင်းပေါ်ကို ရောက်လာတာ သတိထားမိကြမယ် ထင်ပါတယ်။ နောက်ဆုံးမှာ ပြန်ကြားလာခဲ့တာက 'နိုးပါ၊ ဆက်လုပ်မယ်'ဆိုတဲ့အတွက် မဖြစ်သင့်ဘဲဖြစ်ခဲ့ရတဲ့ အခြေအနေတစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က ပြောတာက ရှင်းပါတယ်။ မတရား အာဏာရယူတဲ့ အခြေအနေကို အမြန်ပြန်လည်ကုစားပြီး စစ်မှန်တရား မျှတတဲ့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမယ်။ ပြီးရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဲနိုင်တဲ့သူကို အာဏာပြန်လွှဲပေးမယ်လို့ ဆိုထားခဲ့တာပါ။ သာမန်အခြေအနေအရဆိုရင် တစ်နှစ်အတွင်းပြန်ဖြစ်မှာပါ။ လွန်ရောကျွံရော နှစ်နှစ်ပေါ့။ ဒီလို ရိုးရိုးလေးဖြစ်ပွားခဲ့တဲ့ အခြေအနေကို ပုံကြီးချဲ့ပြီး ဆောင်ရွက်ခဲ့ကြတာ ဘယ်သူတွေလဲ။ လမ်းပေါ်ကို ပြည်သူတွေ မထွက်ထွက်အောင် နည်းမျိုးစုံနဲ့ လှုံ့ဆော်ခဲ့တာ၊ နိုင်ငံ့ဝန်ထမ်းကောင်းတွေကို သွေးထိုးပြီး နည်းမျိုးစုံနဲ့ စည်းရုံးသိမ်းသွင်းခဲ့တာ၊ အေးဆေးသက် သာစွာပြီးသွားရမယ့် လမ်းပေါ်က ဆန္ဒပြပွဲတွေကို အကြမ်းဖက်တဲ့အသွင်၊ တော်လှန်ရေးယန္တရားအသွင်ဖြစ်အောင် ဖန်တီးခဲ့တာ၊ တိုင်းပြည်ရဲ့ အနာဂတ်လူငယ်တွေကို မြှောက်ပင့်ပေးပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး ဗန်းပြပြီး လက်နက်ကိုင်ခိုင်း၊ အသေခံခိုင်းခဲ့ကြတာ ဘယ်သူတွေလဲ။
     တပ်မတော်အနေနဲ့ကြည့်ရင် ပညာသင်ကြားရမယ့် လူငယ်လေးတွေ လက်နက်ကိုင်နေကြတာ၊ ပြည်ပနိုင်ငံတွေမှာ သွားပြီး အလုပ်လုပ်နေရတာ၊ မလိုအပ်ဘဲ လူငယ်တွေ အသက်စွန့် နေရတာတွေကို မဖြစ်စေလိုလို့ စတင်တာဝန်ယူချိန်ကစပြီး ပျော့ပျော့ပြောင်းပြောင်း ကိုင်တွယ်ခဲ့တာကို တွေ့ရပါလိမ့်မယ်။ လူငယ်တွေအနေနဲ့ ရာဇဝတ်မှု ကြီးကြီးမားမားမရှိရင် ခွင့်လွှတ်မယ်၊ ပြန်လာကြပါလို့ ဆိုထားခဲ့တာ၊ လက်တွေ့မှာလည်း အဲဒီအတိုင်းပဲ ကိုင်တွယ်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ၂၀၂၁ ခုနှစ်ကာလ အရေးအခင်းမှာ တပ်မတော်မကောင်းကြောင်းပြောပြီး လှုံ့ဆော်ခဲ့ကြတဲ့ အနုပညာရှင်တွေ၊ CDM လုပ်သွားကြတဲ့ တချို့နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ အခုချိန်မှာ သူတို့ရဲ့အလုပ်တွေကို ပုံမှန် ပြန်လုပ် နေနိုင်ကြတာ၊ ဝန်ထမ်းတွေအနေနဲ့ မူလရာထူးပြန်ရပြီးတာ ဝန်ထမ်းနေကြတာပဲ မဟုတ်ပါလား။ အစိုးရတစ်ရပ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ဆောင်မှု၊ အရေးယူမှုတွေကလွဲရင် ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့တာမရှိဘူးဆိုတာ အထင်အရှား တွေ့ရမှာ ဖြစ်ပါတယ်။ 
    ၂၀၂၁ ခုနှစ်က ဖြစ်စဉ်ကို အခြေခံပြီး CRPH နဲ့ NUG ဆိုတာ ပေါ်လာတယ်။ အဲဒီကတစ်ဆင့် PDF ဆိုတဲ့ လက်နက်ကိုင်အဖွဲ့အသီးသီး ပေါ်လာတာတွေ့ ရမယ်။ PDF အဖွဲ့အသီးသီးဆိုတာ NUG အောက်မှာ ရှိသလို သီးခြားအဖွဲ့တွေလည်း ရှိကြတယ်။ ရည်ရွယ်ချက်ကလည်း အမျိုးမျိုးဆိုတာ တွေ့ရတယ်။ ဒီလိုအဖွဲ့အစည်းတွေ တစ်နိုင်ငံလုံးမှာ ပွထနေတာ တိုင်းပြည်အတွက် ကောင်းနိုင်ပါ့မလား။ အခုတောင် ပြောမရဆိုမရ အချင်းချင်း သူတစ်လူငါတစ်မင်း ဖြစ်နေကြတာတွေဟာ အနာဂတ်နိုင်ငံတော်အတွက် ကောင်းနိုင်ပါ့မလား။ ဘယ်သူတွေက ဘယ်လိုထိန်းကြမှာလဲ။ ဘယ်လိုပုံစံမျိုးနဲ့ လက်နက်ကိုင်ထား တာတွေ စွန့်ကြမှာလဲ။ ဒီလိုလက်နက်ကိုင် အဖွဲ့အသီးသီး ပေါ်ပေါက်လာတာဟာ NUG? CRPH နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့မှာ တာဝန်ရှိတယ်။ တော်လှန်ရေးဗန်းပြပြီး လူစုစည်းအင်အား ချဲ့ထွင်ခဲ့ကြတာတွေဟာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ အန္တရာယ်ကြီးပါတယ်။ သမိုင်းဖြစ်စဉ်နဲ့ အမှန်တကယ်ဖက်ဒရယ်ပြည်ထောင်စုကို တည် ဆောက်ဖို့ဆိုရင် CRPH နဲ့ NUG မလိုပါဘူး။ 
    ၂၀၂၁ ခုနှစ် ပြဿနာမတိုင်ခင်ကာလကို ပြန်ကြည့်ရင် NCA လမ်းကြောင်းကတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စုကို ချဉ်းကပ်ဖို့ အတော်ခရီးရောက်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ မလိုလားအပ်တဲ့ ပြဿနာ ကို မှန်ကန်စွာ မဖြေရှင်းဘဲ ကိုယ်အာဏာရရှိဖို့အတွက် ဇွတ်အတင်းပုံဖော်မှု၊ အမုန်းတရားရိုက်သွင်းမှု၊ ကိုယ်လုပ်တဲ့ လုပ်ရပ်သာလျှင် မှန်ကန်ကြောင်းပြလိုမှုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဖက်ဒ ရယ်ပြည်ထောင်စုအကြောင်းပြ စစ်ဘုရင်ဝါဒ တည်ဆောက်လိုမှုတွေကြောင့် ပြဿနာဟာ ပိုမိုကြီးထွား လာခဲ့တာပဲဖြစ်ပါတယ်။ နေရာစုံမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်လာခဲ့တာတွေဟာ အမှန်တကယ် ဖက်ဒရယ်ပြည်ထောင်စုအတွက်လား၊ ကိုယ်စီကိုယ်စီ လောဘတွေကြောင့်လားဆိုတာ ဘယ်လိုပဲ စစ်မှန်တဲ့ ဖက်ဒရယ်ကြောင့် လုပ်ရတာပါဆိုလည်း အခုချိန်မှာ မသဲကွဲတော့တဲ့ အနေအထား ဖြစ်နေပါပြီ။ ဒီပြဿနာကို ပြန်မကုစားနိုင်ရင် မြန်မာပြည်ဟာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားတော့မယ့် အခြေအနေပါ။ တပ်မတော်အပိုင်းက ဒီလိုအခြေအနေတွေအတွက် အတော်သတိထားပြီး ကိုင်တွယ်နေတာ တွေ့ရပါတယ်။ ရှိသမျှ လက်နက်အင်အား၊ စစ်အင်အားနဲ့ ကြမ်းကြမ်းတမ်းတမ်း မလုပ်ဘဲ သတိကြီးကြီးနဲ့ လိုအပ်တဲ့ အတိုင်းအတာထိသာ ဆောင်ရွက်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေ၊ အရပ်သားတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ရွာတွေကို ဗုံးလိုက်ကြဲတယ်၊ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေ တယ်ဆိုတဲ့ အသံတွေဟာ မြေပြင်လက်တွေ့ အခြေအနေတွေနဲ့ ကင်းကွာနေတာ တွေ့ရပါလိမ့်မယ်။ ရန်ဘက်သဘောအရ ဝါဒဖြန့်ပြီး နိုင်ငံတကာမှာ အစိုးရနဲ့ တပ်မတော်ကို ပုံဖျက်ဖို့ ကြိုးစားနေကြတာပဲ ဖြစ်ပါ တယ်။ 
    ဒီပြဿနာ၊ ဒီအခြေအနေတွေဟာ ကာလကြာရှည်သွားရင် တိုင်းပြည်အင်အားဆုတ်ယုတ်မယ့် အခြေအနေမှာ ရှိပါတယ်။ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင် စုဖြစ်လာဖို့လည်း အတော်ဝေးနေပါလိမ့်မယ်။ ဒါတွေကို ကုစားဖို့လိုသလို စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို တည်ငြိမ်စွာ ပြောင်းလဲပေးဖို့ နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ အဖွဲ့အစည်းအသီးသီးမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် ဖက်ဒရယ်စနစ်ကို အဓိက ပုံဖော်ရာမှာပါဝင်ကြမယ့် အစိတ်အပိုင်းများအနေနဲ့ မှန်မှန်ကန်ကန်ရှုမြင်ပြီး နိုင်ငံတော်က လက်ရှိ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေမှာ  ပူးပေါင်းပါဝင်ဖို့ လိုပါလိမ့်မယ်။ 
    ပထမအဆင့် နိုင်ငံရေးအပြောင်းအလဲအနေနဲ့ မကြာမီမှာ ကျင်းပတော့မယ် ရွေးကောက်ပွဲမှာ ပူးပေါင်း ပါဝင်ဖို့လိုပါတယ်။ အာဏာသုံးရပ် သီးခြားစီအသက်ဝင်မှ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းဖို့ အဆင်ပြေမှာ ဖြစ်ပါတယ်။ 'ဖွဲ့စည်းပုံအခြေခံဥပဒေက ပျက်သွားပြီ။ တော်လှန်ရေးပြီးရင် အသစ်ပြန်ဆွဲမယ်'ဆိုတာက ရထားပြီးတဲ့ Result မဟုတ်ပါဘူး။ နောင်နှစ် ၂၀ တောင် ဒီတော်လှန်ရေး အောင်မြင်ပါ့ မလားလို့မေးရင် ဘယ်လိုဖြေကြမလဲ။ မသေချာမရေရာတဲ့ကိစ္စတွေကို စိတ်ကူးမယဉ်ကြဖို့ လိုပါတယ်။ လက်နက်ကိုင်ထားပြီး နယ်မြေတည်ဆောက်ဖို့နဲ့ အစိုးရနဲ့တပ်မတော်က သဘောတူရင်ရပြီဆိုတဲ့ အမြင်ကိုလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ စွန့်လွှတ်လိုက်ဖို့ လိုပါတယ်။ အမှန်တ ကယ် ပြည်ထောင်စုနယ်မြေနဲ့ ဖက်ဒရယ်စနစ်ဖွဲ့စည်း တည်ဆောက်ဖို့က ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်နဲ့ ပြည်သူလူထုကသာလျှင် အရင်းဖြစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကတစ်ဆင့် ရရှိထားပြီးတဲ့ ဆွေးနွေးချက်တွေကို လွှတ်တော်မှာ ပြင်ဆင်ရမှာဖြစ်ပါတယ်။ တပ်မတော်အပိုင်းကလည်း ဆွေးနွေးထားချက်တွေကို ဝိုင်းဝန်းထောက်ခံပေးမယ်လို့ ဆိုထားတဲ့အတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေ အနေတွေဖြစ်လာမှာပဲဖြစ်ပါတယ်။ ဒါကိုမြင်ပြီး ပြန်လည်ပြုပြင်မှသာ ဖက်ဒရယ်အတွက် ကောင်းပါလိမ့်မယ်။ 
    နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ကလည်း ဒီလိုအခြေအနေတွေကို စိတ်ပိုင်းဖြတ်ထားပြီးဖြစ်လို့ တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့က 'ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်'ကို ထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။ ပြည်သူတွေ၊ တိုင်းရင်းသားတွေ၊ လူငယ်တွေ၊ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးတွေအနေနဲ့ အခြေအနေမှန်ကို နားလည်ဖို့လိုပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုအကျိုးကို အမှန်တကယ်လိုလားကြရင် ဝိုင်းဝန်းကူညီကြဖို့ လိုပါတယ်။ တချို့အဖွဲ့အစည်းတွေက ဒီလမ်းကြောင်းကို  မပျက်ပျက်အောင်ဖျက်ဖို့ စိတ်ပိုင်းဖြတ်ထားပုံရတဲ့အတွက် နားမယောင်ကြဖို့ လိုပါတယ်။ နှစ်ပေါင်းများ စွာ ဒုက္ခတွင်း၊ တိုက်ပွဲတွေအတွင်း မှာနေမလား၊ တည်ငြိမ်အေးချမ်းစွာနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားကြမလားဆိုတာ စဉ်းစားဖို့ လိုပါတယ်။ 
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 20

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46720

© 2022 - 2025 News. All Rights Reserved.