တော်လှန်ဝိပဿနာ

၂၀၂၅ ၊ မေ ၃၀

    ဒီတစ်ပတ်တော့ တော်လှန်သတင်းတွေဖတ်ပြီး မောင်ထူးမြတ်လေးတစ်ယောက် တော်လှန် သမထတွေ ပေါက်အောင် တရားထိုင်ချင်စိတ်ကလေးတောင် ဖြစ်လာသည်။ ထိုင်းနိုင်ငံ မဲဆောက်မြို့ရောက် နွေဦးတော်လှန်ရေးသမားတွေစုပြီး စိတ်ငြိမ်အောင် တရားထိုင်ကြတယ်ဆိုတဲ့သတင်းကို ဖတ်မိပြီး 'နွေဦးတရားထိုင် တော်လှန်ရေး'ဟု မှတ်ချက်ပြုမိလေသည်။ ဘာပဲဖြစ်ဖြစ် တရားသတိ၊ တရားအသိလေးနဲ့ တော်လှန်ကြတာဆိုတော့ စိတ်ချမ်းမြေ့ဖွယ် ကောင်းလှသည်။ ဝင်လေထွက် လေရှုရင် ဝင်တယ်ထွက်တယ်၊ ငါတို့လှူတယ် ဖြစ်တယ်၊ နုကြည်က လူတွေ ယူသွားတယ် ပျက်တယ်စတဲ့ တရားသဘောတွေ ပေါက်ကြပါစေကြောင်း ဆုတောင်းလိုက်ရသည်။ မဲဆောက်ဆိုတာကလည်း တော်လှန်ရေး သမား တွေစုရပ်လို ဖြစ်နေကြသည်။ အဲဒီကမှတစ်ဆင့် တတိယနိုင်ငံ သွားလိုသူတွေက သွားကြ၊ ပြန်လာချင်ယောင် ဆောင်သူတွေ ခေတ္တနားနေကြနဲ့ မဲဆောက်ဆိုတဲ့မြို့က ကြာရင် မြန်မာနိုင်ငံပိုင် မြို့ကြီးတစ်မြို့တောင် ဖြစ်သွားနိုင်သည်။
    ထိုင်းနိုင်ငံဆိုတာကို အရင်က ယိုးဒယားဟု မြန်မာလူမျိုးတွေ ခေါ်ဝေါ်ကြပြီး သေသေချာချာ စဉ်းစားကြည့်ရင် ပဒေသရာဇ်ခေတ်က မြန်မာတွေရဲ့အောင်မြေလို့တောင် တင်စားခေါ်ဝေါ်လို့တောင် ရသေးသည်။ အလောင်မင်းတရားကြီး ဦးအောင်ဇေယျ ကိုယ်တိုင် မကြာခဏစစ်ချီပြီး သိမ်းပိုက်၊ အယုဒ္ဓယမြို့ကို မြေလှန်ခဲ့သည့် သမိုင်းကလည်း အထင်အရှားရှိခဲ့တာ ဖြစ်သည်။ ဒီလိုဆိုတော့လည်း အောင်မြေ နင်းလိုသူတွေက လက်ကလေးသုံးချောင်းထောင်ပြီး ယိုးဒယားကို လစ်ကုန်ကြတာ ဖြစ်သည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေဆိုရင် အောင်မြေလေး နင်းလိုက်၊ အမေရိကား ရောက်သွားလိုက်၊ သြဇီရောက်သွားလိုက်နဲ့ အောင်မြင်နေပုံများ ကြည်နူးပီတိ ဖြစ်ရသေးသည်။ ဒီလို အောင်မြေကြီးမှာ တော်လှန်ခေါင်းဆောင်ကြီးတွေရဲ့ နောက်လိုက်နောက် ပါတွေကလည်း တစ်နေ့ အောင်နိုးနိုး၊ တစ်လအောင်နိုးနိုးနဲ့ တောင့်ခံလာလိုက်တာ ခုဆိုရင် လေးနှစ်လေးမိုး ပြည့်ပြီးတော့ စိတ်ဓာတ်တွေလည်း ကျကုန်ကြတာဖြစ်သည်။ ဒီတော့ မဖြစ်ခြေဘူး ငါတို့ တော်လှန်ရေးမပြီးခင် ရူးလို့ မဖြစ်သေးဘူး။ ကြံကြဖန်ကြဦးဆိုပြီး တော်လှန်တရား စုထိုင်တဲ့ပွဲကြီးတွေ ကျင်းပတာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဝင်လေထွက်လေလေး မှတ်ပြီး တော်လှန်ရေးကို တရားနဲ့ဖြေကြတာပဲဟုဆိုတာ မောင်ထူး မြတ်လေးတစ်ယောက် သာဓုခေါ်မိသေးသည်။ ကြားရသလောက်ကတော့ တော်လှန်ရေးသမားတွေစုပြီး တစ်ပတ်တစ်ကြိမ် ဝင်လေထွက်လေရှုကြပြီး စိတ်ငြိမ်အောင် တည်ဆောက်ကြတာ ဟုဆိုသည်။
    ဒီလိုဆိုတော့ မောင်ထူးမြတ်လေးတစ်ယောက် မဲဆောက်ရောက် တော်လှန်ရေးသမားတွေကို အကြံကောင်း ဉာဏ်ကောင်းများ ပေးချင်စိတ် ပေါ်လာသည်။ခုလို လူဆယ်ဂဏန်းလောက်စုပြီး တရားထိုင်နေမည့်အစား တော်လှန်တရားစခန်းဟု အမည်ပေးကာ ထိုင်းနိုင်ငံတစ်ဝန်းက တော်လှန်ရေးသမားတွေကို ခေါ်ယူကာ တရားပြသင့်သည်။ တရားစခန်း ဝင်လိုသူတွေအတွက် ၁၀ ရက်၊ ၁၅ ရက်စခန်းကို တရားစရိတ် ဘယ်လောက်ဆိုပြီး သတ်မှတ်ရင် တော်လှန်ရေးရန်ပုံငွေတွေတောင် ရလာနိုင်သည်။ တရားထိုင်ရင်း တော်လှန်၊ တော်လှန်ရင်း တရားထိုင်ဆိုတဲ့ ဆောင်ပုဒ်တွေကို တရားစခန်း အဝင်အဝမှာ ထားရင် ပိုလို့တောင် တရားထိုင်သူတွေ များလာနိုင်သည်။ တရားပြမယ့်သူတွေ၊ ဘာတွေ အထူးရှာစရာမလိုဘဲ နေထိုင်စရိတ်ငြိမ်းပေးပါက မောင်ထူးမြတ်လေး ကိုယ်တိုင်တောင် တရားလာပြပေးချင်သည်။ တော်လှန်ရေးသမားကြီးတွေ ကိုယ်တိုင်က မျက်လွှာလေး ချထားပြီး ဝင်လေထွက်လေ မှတ်ယုံဖြင့် မောင်ထူးမြတ်လေးက တရားပြသွားမှာ ဖြစ်သည်။ ဃီြ တွေ လုပ်ကြပါ၊ CDM တွေကို ထောက်ပံ့ပေးမယ်ဆိုတာမျိုးပြောတဲ့ တော်လှန်ရေးအဖြစ်ကိုရှု၍ ခုတော့ CDM ထောက်ပံ့ ကြေးဆိုတာ အသံပင် မကြားတော့ အောင် ဖြစ်နေခြင်းကို အပျက်ဟု ရှုရမည် ဖြစ်သည်။နောက်ပြီး လှူကြပါ၊ တန်းကြပါဆိုပြီး အလှူတွေခံခြင်းကို အဖြစ်ဟု ရှုပြီး အလှူငွေမရရင် တော်လှန်ရေးရပ်ပစ်မယ် ဆိုတာမျိုးကို အပျက်ဟု ရှုနိုင်ရုံဖြင့် ဖြစ်ပျက်သဘော တရားတွေ နားလည်ကြမှာ ဖြစ်သည်။
    တော်လှန်ဖြစ်ပျက်တွေကို ရှုရင်း ဖြတ်သန်းတော့ ဘဝကူးဟုတ်ပါဘူး မှားရေးတာ နိုင်ငံကူး ကောင်းနိုင်သည်။ တရားများများ မှတ်တော့ ကုသိုလ်ပိုရ၊ ကုသိုလ်ပိုရတော့ တတိယနိုင်ငံသွားတဲ့အခါ ကောင်းတဲ့ နိုင်ငံတွေ ရောက်နိုင်သည်။ ရောက်တဲ့ နိုင်ငံချင်းတူတာတောင် ကုသိုလ်နည်းသူတွေက နေပူကျဲတဲ ဒယ်လီပို့ကာ အသက်မွေးကြရသည်။ ကုသိုလ်များတဲ့ လူတွေကြတော့လည်း စတိုးဆိုင်ကြီး ဟည်းထ၊ တော်လှန်ရတနာ တွေရောင်း၊ ဒေါ်လာသန်းချီတန် အိမ်ကြီးနဲ့နေပြီး ကုသိုလ်အကျိုးပေး မတူပုံကို နှလုံးသွင်းကြရမည်ဖြစ်သည်။ ကိုယ်ချင်းလည်း စာမိပါသည်။ တော်လှန်ရေးကြီးကလည်း တစ်လတောင့်ခံ၊ နှစ်လတောင်ခံ ၂၀၂၂ မှာ ပြီးမယ်၊ ၂၀၂၃ မှာ အဆုံးအဖြတ် ဖြစ်မယ်၊ ၂၀၂၄ မှာ ထွက်ပြေးမယ်၊ ၂၀၂၅ မှာ ဘာဖြစ်မယ်၊ ညာဖြစ်မယ်နဲ့ ဖြတ်သန်းလာပြီး နှစ်တွေကြာလာတော့ အားပေးရသူတွေ စိတ်ဓာတ်ကျလာတာဖြစ် သည်။ ဒါကြောင့်လည်း မဲဆောက်မှ တရားစုထိုင်တာတွေ၊ ဘာတွေ ဖြစ်လာကြတာ ဖြစ်သည်။
    တော်လှန်ရေးခေါင်းဆောင်ကြီးတွေကတော့  ဝင်လေထွက်လေးရှုတာထက် ပိုအဆင့်မြင့်သွားပြီး မြန်မာပြည်ထဲ ဝင်လိုက်ထွက်လိုက်ဖြင့် ခဏခဏ ပြန်လာကြလေသည်။ တော်လှန်ရေးကြီး ခုအောင်တော့မှာလိုလို၊ တော်ကြာ အောင်တော့မှာ လိုလို၊ နိုင်တော့မှာ လိုလို၊ မနိုင်သေးဘူး လိုလို ပြောနေကြတော့ မဲဆောက်ရောက်  တော်လှန်ပြည်သူတွေ ကြာရင် ရူးမှာတောင် စိုးရသေးသည်။ ဒါကြောင့်လည်း ပညာတတ်သူတွေက အသေမဦးခင် ဉာဏ်ဦးအောင် "တရား အားထုတ်ကြမှဟဲ့၊ ငါတို့ ခေါင်းဆောင်တွေ တစ်ယောက်တစ်ပေါက် ပြောနေတာတွေနားထောင်ပြီး မရူးချင်ရင် စုပေါင်းတရား ထိုင်မှ ဖြစ်မယ်ဟဲ့"ဆိုပြီး တရားစခန်းတွေ ရောက်ကုန်ကြတာ ဖြစ်နိုင်သည်။ ခေါင်းဆောင်ကြီးတွေ လည်း ထောက်ခံသူတွေ စုပေါင်းတရားထိုင်တဲ့ နေရာတွေဆီ အရောက်သွားပြီး အားပေးစကား ပြောကြစေလိုသည်။
    ဘာပဲဖြစ်ဖြစ် ကုသိုလ်အရေးတော့ အားပေး ပါသည်။ တရားမှတ်တယ်ဆိုတာကလည်း အသိ၊ သတိလေးနဲ့ မှတ်ကြစေလိုသည်။ ဘာကြောင့်လဲဆိုတော့ နည်းမမှန်၊ လမ်းမမှန်နဲ့ မှတ်ရင် ကယောင်က တမ်းတွေ ထအော်တာ၊ လူးလှိမ့်ငိုယိုတာတွေ မကြာခဏ မြင်ဖူး၊ တွေ့ဖူးနေတာကြောင့် ဖြစ်သည်။ ခုတလော မဲဆောက် ဘက်ကနေ ကယောင်ကတမ်း အော်သံတွေ တစ်ချက် တစ်ချက် ကြားမိသေး သည်။
    "ပြန်ရောက်ပြီးမှ ခရီးမိုင်ပေါင်း ၂၃၂၅ မိုင် သွားခဲ့ပြီးပြီ၊ သံလွင်ကို ပြန်တွေ့ခွင့်ရခဲ့ပြီ၊ စစ်တောင်းကို ပြန်တွေ့ခွင့်ရခဲ့ပြီ၊ ချင်းတွင်းကို ပြန်တွေ့ခွင့်ရခဲ့ပြီ။ ဧရာဝတီကို ပြန်တွေ့ခွင့်ရခဲ့ပြီ"

    "ဟိုဘက်ကမ်းက မီးထိန်ထိန်
    ဒီဘက်ကမ်းက မီးထိန်ထိန်
    အားလုံး ငါတို့အိမ်"

    "အမေ ကျွန်တော်အိမ်ပြန်လာပါပြီ"ဆိုသည့် အသံများဖြစ်သည်။ တရားစခန်းက အသံများလားဟု စိတ်ပူမိသေးသည်။ ဘာပဲဖြစ်ဖြစ် စိတ်ငြိမ်ငြိမ်ထားပြီး ဝင်လေထွက်လေ ရှုကာ တော်လှန်ဝိပဿနာ ပွားများ နိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါသည်။
(ထူးမြတ်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 27

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44754

© 2022 - 2025 News. All Rights Reserved.