Breaking

ပညာရေးကို အလေးထားပါ

၂၀၂၅ ၊ မေ ၃၁

ကျက်သရေမင်္ဂလာအပေါင်း ခညောင်းပါ၏
    အဖြူအစိမ်းနှင့် ကျောင်းဆရာ၊ ကျောင်းဆရာ၊မများကို မြင်တွေ့ရသည့်အချိန် သူတို့၏ အသွင်သဏ္ဌာန်ကိုကြည့်ပြီး ကျက်သရေရှိသည်ဟု ခံစားရမိသည်။ ကျက်သရေရှိခြင်းက ရုပ်ချောခြင်း၊ လှခြင်းနှင့် မဆိုင်၊ အေးငြိမ်းသည့်ပုံစံကြောင့်ဟု ထင်ပါ၏။
    ၂၀၂၅-၂၆ ပညာသင်နှစ်ပင် စတော့မည်။ ပုံမှန်အားဖြင့် ကျောင်းစဖွင့်သည်၊ ကျောင်းပိတ်တော့မည်ကို အမှတ်မထားမိသည်မှာ ကြာပြီဟု ဆိုနိုင်ပါသည်။ ကိုယ်က ကျောင်းနှင့် ဝေးသွားသည်ကိုး။ ကိုယ့်အလုပ် ကိုယ်လုပ်နေရင်း ကျောင်းဖွင့်ရက်၊ ပိတ်ရက်ကို သတိမထားမိခြင်း ဖြစ်သည်။ ယခုတော့ ထိုသို့ မဟုတ်ချေ။ ကိုယ့်သားသမီးများက ကျောင်းတက်သည့်အရွယ်သို့ ရောက်လာသောအခါ ကိုယ်တိုင် ကျောင်းသွားအပ်ရသောကြောင့် ကျောင်းဖွင့်ချိန်၊ ပိတ်ချိန်ကို သတိထားမိခြင်းဖြစ်သည်။ သို့နှင့် ၂၃-၅-၂၀၂၅ ရက်က စာသင်ကျောင်းသို့ ရောက်ဖြစ်သွားသည်။ မိမိရင်သွေးနှစ်ဦးအတွက် ကျောင်းသွားအပ်ခြင်း ဖြစ်၏။ ထိုအချိန် အဖြူအစိမ်း ဝတ်ထားသည့် ကျောင်းဆရာ၊ ဆရာမများကို မြင်ရချိန် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံလှသည်ဟု ခံစားရမိသည်။ ကျောင်းအပ်ချိန် ဆရာ ဆရာမများက ယဉ်ကျေးသိမ်မွေ့စွာ ပြောဆို ဆက်ဆံပုံကလည်း ကြည်နူးစရာ ဖြစ်ရ၏။ ကျောင်းအပ်ပြီးချိန်တွင်လည်း သင်ရိုးစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံနှင့် ကျောင်းဝတ်စုံပါ ထုတ်ပေးပြီး ဆရာ ဆရာမများက ထိုသို့ ထုတ်ပေးရခြင်းကို ကြည်နူးကျေနပ်နေပုံ ပေါ်နေ၏။ ငွေကြေး တစ်ကျပ် တစ်ပြားမှ မကုန်ဘဲ စာအုပ်များ၊ ခဲတံများ၊ ကျောင်းဝတ်စုံများကိုပွေ့ပြီး ကျောင်းအပ်၍ ပြန်ရသည့် ခံစားချက်သည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံလှသည် မဟုတ်ပါလား။


မင်္ဂလာရှိခြင်း၏ အခြားဘက်
    မိတ်ဆွေတစ်ယောက်နှင့် ဖုန်းပြောဖြစ်၏။ သူ၏ တူလေးတစ်ယောက် ကျောင်းစာသင်ရန် ခက်ခဲသည့်အကြောင်း ဖြစ်၏။ သူပြောသည့်အချိန် ကိုယ်ကလည်း အလုပ်များနေသောကြောင့် သေချာဂရုတစိုက် နားမထောင်မိလိုက်ပေ။ ခန္တီး၊ ဟုမ္မလင်း စသည့်ဘက်လား၊ နမ့်တောဘက်လား သေချာမသိရ။ သူ၏တူလေးက ကျောင်းစာတွင် တော်သည်။ သို့သော်လည်း ထိုဒေသများက အစိုးရကျောင်းများ မဖွင့်နိုင်သဖြင့် NUG က ဖွင့်သည့် ကျောင်းသာ အပ်ရသည်ဟု ဆိုလေသည်။ NUG ဖွင့်သည့်ကျောင်းနှင့် ပသုံးလုံး PDF များ စိုးမိုးသည့်နယ်မြေ ဖြစ်သည်။ ထိုဒေသတွင် နေထိုင်ရသူများက ရွာအတွင်းမှ ရွာအပြင် ထွက်လိုလျှင် ရွာထဲသို့ ပြန်၍မဝင်ရဟု NUG လက်အောက်ခံများက ထိန်းချုပ်ထားသည်။ ထို့ကြောင့် အလုပ်ရှိသည်ဖြစ်စေ၊ မလုပ်မရှိသည် ဖြစ်စေ၊ ငတ်သည်ဖြစ်စေ၊ မစားရသည်ဖြစ်စေ မိမိရွာမှ အခြားရွာသို့ အလုပ်သွားလုပ်ရန်ပင် မလွယ်ဟု ဆိုလေသည်။ လက်နက်မဲ့ ပြည်သူကတော့ P တို့ထုတ်သမျှ စည်းကမ်း ကြိုက်ကြိုက်၊ မကြိုက်ကြိုက် လိုက်နာရ၏။ ကလေးများ၏ ပညာရေးသည်လည်း အစိုးရကျောင်းများကဲ့သို့ စနစ်တကျမရှိဟု ဆိုလေသည်။ ထိုကဲ့သို့ ဖြစ်နေသည်မှာ သုံးနှစ်ပင် ကျော်လာသည်ဟု ဆိုသဖြင့် သူတို့ အရေးတွေးမိပြီး ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး စဉ်း စားစရာများစွာဖြင့် ရင်လေးမိပါသည်။
ပြန်တွေးကြည့်
    'ပြန်တွေးကြည့်'ဆိုသည်မှာ မိုးမိုး၏ သီချင်းမဟုတ်။ အထက်တွင် အဆိုခဲ့သည့် အကြောင်းအရာများကို ပြန်၍ တွေးကြည့်မိရင်းမှ ပေါ်လာသည့် အကြောင်းအရာများ ဖြစ်ပါသည်။ ကျွန်တော်တို့ စစ်ကိုင်း  အထက်အညာဒေသက နေရာများအကြောင်းဖြစ်၏။ ဥပမာ ကျွန်တော်တို့ မုံရွာနှင့် အနီးပတ်ဝန်းကျင်က ကျေးရွာများတွင်လည်း အစိုးရကျောင်း မဖွင့်နိုင်သည်မှာ ပညာရေးနှစ် သုံးနှစ်ကျော်၊ လေးနှစ်ဝန်းကျင် ရှိပြီဖြစ်သည်ဟု သိရသည်။ လူ၏ အသက်သည် တစ်ရက်ပြီးလျှင် တစ်ရက်ကြီး ကြကုန် ဆိုသည်ကို မည်သူမျှမပြောလည်း သိပါသည်။ ကလေးများ၏ ပညာသင်နှစ်သည်လည်း တစ်နှစ်ပြီးတစ်နှစ် လွန်မြောက်ကုန်ကြသည်။ အစိုးရကျောင်း မဖွင့်နိုင်၍ တာဝန်ကျေ စပါးစိုက်သည့် NUG ကျောင်းတွင် ထားရသည့် ကလေးများအတွက် (မထားချင်လည်း ထားရသည့် အခြေအနေ) အနာဂတ်က ဘာဖြစ်မည်လဲ၊ ကျွန်တော်တစ်ယောက်တည်း ပြန်တွေးနေမိခြင်း ဖြစ်ပါသည်။ ထိုနယ်ဘက်တွင် သူရှိသူများက လွတ်မြောက်လာပြီး အစိုးရကျောင်းသို့ ကျောင်းအပ်နှံလျှင် လွန်ခဲ့သည့် သုံးနှစ်ခန့်က NUG ကျောင်းတွင် ထားခဲ့သူများကို မည်သို့လုပ်မည်လဲ။ ထိုအရပ်ဒေသတွင် နေထိုင်ပြီး NUG ကျောင်းတွင် မထားရဲသောကြောင့် မိမိအစီအစဉ်ဖြင့် စာသင်သည့် ကလေးသူငယ်များအတွက် ရော မည်သို့လုပ်ရမည်နည်း။ မြို့ကြီးပြကြီးတွင်နေပြီး ယနေ့အထိ အွန်လိုင်းမှသာ စာသင်သည့် ကလေးများအတွက်ရော၊ လာမည့်အနာဂတ်တွင် မည်သို့ လုပ်ရမည်နည်း။ ကလေးများအတွက် အလေးထားကာ ဦးနှောက်ခြောက်ခံ၍ စဉ်းစားမိ၏။ ထိုသို့ စဉ်းစားအပြီး "ဒါတွေ ငါ့အရေးအရာ မဟုတ်ပါဘူး"ဟု အတွေးကိုဖြတ်ကာ သည်နှစ်ပညာရေးအတွက်သာ ကလေးများလိုချင်သည့် ကွန်ပါ ဘူး၊ ကျောပိုးအိတ်ဝယ်ရန် အကြံထုတ် နေရလေသည်။


ပညာရေး ဝေးသည်မရှိ
    "ဟုတ်ပါ့မလား၊ မောင်ကာလုရာ"ဟု ဆိုရမလိုဖြစ်နေ၏။ လွန်ခဲ့သည့် နှစ်များက ပြောခဲ့သည့် အကြောင်းအရာ ဖြစ်ပါသည်။ ကျွန်တော်၏ သူငယ်ချင်းဖြစ်သူက မုံရွာမြို့ပေါ်သို့ သွားစဉ်အချိန် အဖြူ အစိမ်းကျောင်းသူ ကျောင်းသားများကို မြင်အပြီး သူ့သားလေးကိုလည်း ထိုကဲ့သို့ အဖြူအစိမ်းဝတ်၍ ကျောင်းထားချင်သည်ဟု ဆိုလေသည်။ 'ပညာရေး ဝေးသည်မရှိ'ဟုဆိုကာ 'မင်းကလေးလည်း ကျောင်းထားရမှာပါ မကြာပါဘူး'ဟု ပြောမိ၏။ ထိုရွာလေးက ယခုအထိ ကျောင်းတံခါးများ ပိတ်ထားရဆဲဟု ဟိုနေ့က ဖုန်းဆက်ပြောလေသည်။ ပညာရေး ဝေး၍ မဖြစ်ဟုသာ စဉ်းစားမိပြီး ငါကရော ဘာတတ်နိုင်မလဲ၊ ဘာများကူညီရမလဲဟု စဉ်းစားကာ ထိုသူငယ်ချင်းကို ပြောစရာစကား ကောင်းကောင်း မရှိခဲ့ပေ။
    နောက်တစ်ယောက်စဉ်းစားပုံက တစ်မျိုးဖြစ်သည်။ သူက ငွေကြေးချမ်းသာသူ မဟုတ်။ မိဘ အစဉ်အဆက်ကလည်း ချမ်းသာခဲ့သူမဟုတ်။ သူ၏ မိဘများသည်က မချမ်းသာသော်လည်း ပညာရေးကိုတော့ဖြင့် ဦးစားပေးကာ ကျောင်းထားခဲ့သည်။ ပညာအမွေပေးလိုသည့် မိဘနှစ်ပါးက ပေါက်ဖွား လာသည့်သူဟု ဆိုရမည်ဖြစ်သည်။ သူသည်လည်း ငွေကြေးမချမ်းသာ အဆင်ပြေသည့် အထဲတွင်လည်း မပါဝင်သော်လည်း သူ၏ သားသမီးများကို ပညာအမွေအဖြစ် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ထားလိုသည့်ဆန္ဒ ပြင်းပြနေသည်။ ဆန္ဒသည် ဆန္ဒသာဖြစ်ပြီး ဘဝနှင့် ထပ်တူမကျဟု ဆိုလေသည်။ သူ့ဆန္ဒနှင့် ဘ၀ ထပ်တူမကျသည့်အကြောင်း မေးဖြစ်၏။ "ဘာဖြစ်လို့ ပုဂ္ဂလိကကျောင်း ထားချင်တာ လဲ"ဟူ၍ မေးဖြစ်ခြင်း ဖြစ်သည်။ သူပြန်ဖြေသည်က "အတန်းပိုင်ဆရာမက သူ့ဆီ ကျူရှင်မထားလို့ ကိုယ့်ကလေးကို ဘာမှဂရုမစိုက်ဘူးကွာ" ဟူ၍ဖြစ်သည်။ သူ့အတွေးက သည်ကလေးကို သည်ဆရာမက ကျောင်းတွင် စာသင်ပြီး သည်ဆရာမထံတွင် ကျူရှင် ပြန်ထားရမည်ဆိုလျှင် ဘာများထူး၍ တတ်မြောက်မည်နည်းဟု တွေးကာ ကျူရှင် မထားဖြစ်ခဲ့ခြင်း ဖြစ်သည်။ သူ့အတွေးက လက်တွေ့တွင် အသုံးမဝင်ဟု ဆိုလေသည်။ သည်နှစ်တော့ ကိုယ်ပိုင်ကျောင်း၊ ပုဂ္ဂလိကကျောင်းကို မထားနိုင် လည်း အတန်းပိုင်ဆရာမ၏ ကျူရှင်ကို ထားမည်ဟု ဆိုလေသည်။ 'ပညာရေး မဝေးအောင်တော့ လုပ်ရမှာပဲ' ဟု သူ၏ အတွေးအမြင်ကို ဖွင့်ဟလေသည်။


ပညာရေး အလေးထားကြပါ
    ပညာရေး အကြောင်းအရာ ပြောရလျှင် ကျယ်ပြန့်လွန်းလှပါသည်။ မန္တလေး ငလျင်ကြီး လှုပ်အပြီး အထက်မြန်မာပြည် စာစစ်ဌာနမှ တက္ကသိုလ်ဝင်တန်း အဖြေလွှာများ မီးလောင်သွားသည်။ စာဖြေလွှာများ မီးလောင်သွားခြင်းကြောင့် အားလုံးကို အအောင်ပေးသင့်သည်ဟု မြင်သူကတစ်မျိုး၊ ပြန်၍ ဖြေသင့်သည်ဟု သုံးသပ်သူက တစ်ဖုံ၊ ဝေဖန်ချက်မျိုးစုံ ထွက်ပေါ်ခဲ့သည်။ မည်သည့်ဆုံးဖြတ်ချက်ကို ချပါစေ အပြော မလွတ်နိုင်သည့်၊ ဝေဖန်ခံရ မလွတ်ကင်းနိုင်သည်ကို လူတိုင်းသိနိုင်ပါ၏။ သို့သော် နိုင်ငံတော်၏ တာဝန်ရှိသူများက တက္ကသိုလ်ဝင်တန်း အောင်မြင်မည့်ကလေးများ၏ ဂုဏ်သိက္ခာကို ဦးစားပေးကာ ပြန်လည်ဖြေဆိုရမည်ဆိုသည့် နည်းလမ်းကို ရွေးချယ်ခဲ့သည်။ ပြန်လည်ဖြေဆိုရမည့် ကျောင်းသူ ကျောင်းသားများကိုလည်း တာဝန်ကျေစပါးစိုက် ပြီးပြီးရော ထားခြင်းမဟုတ်။ အစားအသောက်၊ နေရာထိုင်ခင်း၊ အိပ်စရာကစပြီး စနစ်တကျထားသည်ကို တွေ့ရသည်။ စာသင်စာအံ စာကျက်နေသည့် တက္ကသိုလ်ဝင်တန်းကျောင်းသူ ကျောင်းသားများနှင့် စာသင်ပေးသည့် ဆရာဆရာမ များကို မြင်တွေ့ရပြီး သဘာ၀ဘေးကြီးကို ကျော်ဖြတ်နေကြသူများပါလားဟု ဝမ်းသာဂုဏ်ယူမိပါ၏။ စိတ်မကောင်း ဖြစ်ရသည်က ထိုကဲ့သို့ စာသင်စာအံ စာကျက်နေသူများကို နှောင့်ယှက်ဖျက်ဆီးလိုသူ များကလည်း ရှိပြန်သေး၏။ ထို့ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများက ကျောင်းပတ်ဝန်း ကျင်တွင် နာရီမလပ် စောင့်ကြပ်နေရလေသည်။ နှောင့်ယှက်ဖျက်ဆီးလိုသူများက မည်သူများနည်း။ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးဟု ဆိုပြီး တော်လှန်နေသည့် သူပုန်သူကန်များ ဖြစ်ကြသည်တဲ့ ခင်ဗျာ။ "ပညာရေးတော့ အလေးထားကြပါ ကိုငြိမ်းမောင်ရယ်"ဟု ထိုမြင်ကွင်းများကို ကြည့်ပြီး စိတ်ထဲက ပြောမိ၏။
(ရွှေထီး)  
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 107

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45369

© 2022 - 2025 News. All Rights Reserved.