ပြည်သူဆိုသည့် ဝေါဟာရမပါသော တော်လှန်ရေး

၂၀၂၅ ၊ ဩဂုတ် ၁၄
စုံစီနဖာ မြို့မုံရွာ
    'အဖြစ်ကတော့ မနှစ်ကနဲ့မတူ'ဟုပင် ဆိုရမလို ဖြစ်နေလေတော့သည်။ လတ်တလော ကြားသိ နေရသည့် မုံရွာမြို့၏ သတင်းရုပ်ပုံကားချပ် မြင်ကွင်းအစုံအကြောင်းအရာများကို ကြားသိမြင်တွေ့ရအပြီး အထက်ပါအတိုင်း မှတ်ချက်ပြုမိခြင်း ဖြစ်သည်။ အမှန်တကယ် မနှစ်ကနှင့် မတူသည့်အကြောင်း သည်အချက်များကိုကြည့်လျှင် သိပါလိမ့်မည် မိတ်ဆွေ။
    သြဂုတ် ၉ ရက်က မုံရွာမြို့တွင် အမှိုက်သိမ်း ကားတစ်စီး ပျောက်ဆုံးဆိုသည့် သတင်းကို ဖတ်လိုက်ရချိန် 'ဟာ အမှိုက်သိမ်းကားကို ဘာလုပ်ဖို့လဲ'ဟူသည့် အတွေးက စ၍ ဝင်ရောက်လာလေသည်။ စည်ပင်ပိုင် SKAT အဖြူရောင် အမှိုက်သိမ်းယာဉ်သည် ကျောက္ကာလမ်းနှင့် သာစည်လမ်းဝန်းကျင်၌ သြဂုတ် ၉ ရက် နံနက် ၁၀ နာရီဝန်းကျင်က ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေက ဆိုနေကြသည်။ ယာဉ်ပေါ်တွင် မောင်းနှင်သူနှင့် ယာဉ်အကူတို့သည်လည်း အဆက်အသွယ် မရတော့ဟု သိရသည်။ သည်အကြောင်းအရာကိုပဲ တော်လှန်ရေးဟု ဆိုသည့်ဘက်အခြမ်း သတင်းဌာနများက တင်ဆက်နေသည်ကို တွေ့လိုက်ရသည်။ ခေါင်းစဉ်ပေးပုံ အရေးအသားများကို ဖတ်ကြည့်လိုက်ကတည်းက တော်လှန်ရေး သမားဆိုသူများ၏ လက်ချက်မှန်း ရိပ်မိလိုက်ပါသည်။ အဘယ်ကြောင့် ထိုသို့ ပြောရသနည်းဟုဆိုလျှင် အကြမ်းအားဖြင့် 'အမှိုက်သိမ်းကား ပျောက်ဆုံး'ဆိုပြီး သတင်းကို ဖိဖိဖော့ဖော့ ရေးထားလေသည်။ တော်လှန်ရေးသမားများ၏ လက်ချက်ဟု မဆိုလိုချင်သည့်သဘော ဖြစ်သည်။ အဘယ်ကြောင့် တော်လှန်ရေးသမားများ၏ လက်ချက် မဟုတ်စေချင်သနည်းဟုဆိုလျှင် စည်ပင်အမှိုက်သိမ်းကားကို ခိုးယူ၊ ဓားပြတိုက်၊ ပြန်ပေး ဆွဲခြင်းသည် ၎င်းတို့အတွက် သိက္ခာကျစရာ ဖြစ်နေသောကြောင့် မဟုတ်ပါလား။ တော်လှန်ရေး သမားအချင်းချင်းက ပြောလျှင်ပင် 'မင်းတို့မုံရွာက တော်လှန်ရေးသမား တွေကလည်းကွာ လက်နက်မဲ့ စည်ပင် အမှိုက်သိမ်းကားတောင် ပြန်ပေးဆွဲရသလား'ဟုဆိုလျှင် ဂုဏ်ငယ်စရာ ရှက်ဖွယ်လိလိ ဖြစ်ချေတော့မည် မဟုတ်ပါလား။ တော်လှန်ရေးသမား ဆိုသူများကလည်း ချောင်သည်ဟုထင်သည့် အရာများသာ လုပ်ကြရဲ့မဟုတ်လား။ မုံရွာဟုဆိုလျှင် မြို့မုံရွာသည် မြို့ပေါ်တွင် အေးချမ်းနေသည်မှာ ကာလကြာမြင့်နေပြီဟု ဆိုနိုင်ပါသည်။ မအေးချမ်းသည့်နေရာများက မုံရွာ၏ တောင်ဘက်၊ နာမည်ကျော် ချောင်းဦး အစွန်အဖျားနှင့်မြို့၏ အရှေ့ဘက်ပိုင်း မုံရွာ-ရွှေဘိုလမ်းပိုင်းက မငြိမ်းချမ်းခြင်းဖြစ်သည်။ သြဂုတ် ၁၀ ရက်က တော်လှန်ရေးသမားဆိုသူ အချင်းချင်းပြောဆို နေကြသည့်အထဲတွင် ထူးဆန်းမှု တစ်ခုကို သတိထားမိလိုက်၏။ 'ကျောက္ကာ မြောက်ရွာမှ သံချပ်ကာ ကားတစ်စီးနဲ့ အင်အားများ အရှေ့တက်'ဟု အချင်းချင်း သတင်းပို့နေကြလေသည်။ လုံခြုံရေးတပ်ဖွဲ့က သံချပ်ကာယာဉ်များပင် အသုံးပြု နေကြရပြီလား ဆိုသည်အထိ အံ့လည်းအံ့သြမိပါ၏။ ၂၀၂၁ ဖြစ်စဉ်မတိုင်မီအထိ ထိုအရပ်၊ ထို ဒေသ အပါအဝင် ကျွန်တော်တို့သည် သံချပ်ကာကားဆိုသည်ကို ဖန်သားပြင်ပေါ်၌သာ မြင်ဖူးခဲ့ကြရသူများ မဟုတ်ပါလား။ အကြမ်းဖက်များသည့် နေရာများတွင် ပွဲကြီးရော၊ ပွဲလေးရော၊ လိုက်ပွဲပါ တစ်ခါပြင်သာမက အဝကျွေးတော့မည် ထင်၏ဟု မှတ်ချက်ပြုမိလိုက်သည်။ သည်ကြားထဲ ဖတ်လိုက်ရသည့် သတင်းတစ်ပုဒ် အကြောင်း ရယ်ရမလို၊ သနားရမလို ဖြစ်သွားမိ၏။ "တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ချောင်းဦး-မြင်းမူ လမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေကို အမည်မသိ လက်နက်ကိုင်များက ပစ်ခတ်တိုက်ခိုက်"သည်ဆိုသည် ကိုဖတ်ပြီး ရယ်ရမလို၊ သနားရမလိုဖြစ်ပြီး "တော်တော် ဒူတဲ့ ကောင်တွေပဲ"ဟူ ၍ မှတ်ချက်ချမိပါ၏။ သည်အကြောင်း သည်အရာများကြောင့် "အဖြစ်ကတော့ မနှစ်ကနဲ့မတူ"ဟု ဆိုရခြင်းသည် လွန်မည်မထင်ပေ။

တော်လှန်ရေး အလံရှူုး
    "ကျွန်တော်တို့ ရည်မှန်းထားတဲ့ Target မပြည့်မီသေးတဲ့အတွက်"ဟု ဖတ်လိုက်မိလျှင် မိတ်ဆွေ သဘောပေါက်ကြပြီ မဟုတ်လား။ သူတို့၏ Target သည်ကား အရိမေတ္တယျဘုရား ပွင့်လျှင်တောင်မှ ပြည့်မီမည် မထင်ပေ။ "မိဘပြည်သူများ စာလေးကို အဆုံးအထိ ဖတ်ပေးပါ"ဟု ဆိုလျှင် ဖတ်မကြည့်လေနှင့် Target မပြည့်သေးကြောင်း ဓာတ်ပြားအိုကြီး ထပ်ခါထပ်ခါဖွင့်သည့်နှယ် ခိုကဲ့သို့ ညည်းညူသံသာ တွေ့ရလိမ့်မည်။ "မိဘပြည်သူများခင်ဗျား၊ ဒီဗီဒီယိုလေးကို အဆုံးအထိ ကြည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်" ဟုဆိုလျှင်လည်း အချိန်ကုန်ခံ၍ ကြည့်မနေနှင့် ငွေရေးကြေးရေး ဘယ်လိုရှာရမည် မသိသော ပြည်သူ့ထံက မည်ကဲ့သို့ တောင်းရမည်၊ ရမ်းရမည်ဆိုသည့် အကြောင်းအရာများသာ ဖြစ်နေလေသည်။ ထိုအရာများနှင့် ခြားနားသည့် သူတို့အခေါ် အလှူခံနည်း၊ တစ်နည်းအားဖြင့် ခွက်ခေါက်ခြင်း၌ သည်အဖွဲ့က အနည်းငယ်ဆန်းသည်ဟု ဆိုရမည် ဖြစ် သည်။ သည်အကြောင်းအရာကို မီးရထားပေါ်၊ သင်္ဘောပေါ် လျက်ဆားရောင်းသူ၊ လမ်းဘေးမျက်လှည့်ပြသူ၏ လေသံမျိုးဖြင့်ဖတ်မှ အရသာပို၍ ပေါ်လွင်တတ်၏။
    "မင်္ဂလာညချမ်းပါဗျို့။ ကျွန်တော်တို့ချန်နယ်က ပြုလုပ်နေကြ ရဲဘော်တွေအတွက် အာဟာရဒါန အစီအစဉ်ကို ခေတ္တရပ်ထားတာ နှစ်လကျော်ပါပြီ။ ဒီတစ်ခါ အစီအစဉ်က ရဲဘော်တွေအတွက် အာဟာရဒါန အစီအစဉ်မဟုတ်ဘဲ ရဲဘော်တွေ သုံးဖို့အတွက် သစ်သီးဒါန အစီအစဉ်ပဲ ဖြစ်ပါတယ်"ဟုဆိုကာ သူတို့၏ အလှူခံခြင်း အစီအစဉ်ကို စတင်မိတ်ဆက်လေသည်။ အစီအစဉ်ကို သြဂုတ် ၅ ရက်မှ စတင်ပြီး ကိုးရက်တိတိ အချိန်ယူမည်ဟု ဆိုလေသည်။ Target အရ သစ်သီးငါး လုံးသတ်မှတ်ပြီး သစ်သီးတစ်လုံးစာအတွက် ကျပ်သုံးသိန်း ဖြစ်သည်ဟု ဆိုလေသည်။ လတ်တလောတွင် သစ်သီးတစ်လုံး အလှူရှင်ပေါ်ပေါက်၍ Target ၏ ၃၅ ရာခိုင်နှုန်း အောင်မြင်ပြီး သစ်သီးလေးလုံးစာ ကျန်ရှိ သေးသည်ဟု ဆိုလေသည်။ တစ်ရက်၊ နှစ်ရက်အတွင်း သစ်သီးတစ်လုံးအလှူရှင် ပေါ်ပေါက်သည်ဆိုသဖြင့်သည်အဖွဲ့ အလှူခံသည်ကို ထည့်ဝင်သူရှိပါလားဟု စိတ်ဝင်စားသွားမိသည်။ သူတို့အခေါ် သစ်သီး(ဗုံးသီး)အလှူ ခံခြင်း၌ အလှူရှင် တစ်ဦး ပေါ်သည်ဆို၍ စိတ်ဝင်စားပြီး ထိုစာအကြောင်းအရာကို စိတ်ဝင်စားပြီး လိုက်၍စပ်စု မိ၏။ အလှူခံပြီး ရက်မကြာမီ သစ်သီးတစ်လုံးလှူသူ Target ၏ ၃၅ ရာခိုင်နှုန်း လှူသူက အလှူခံသည့်သူ ကိုယ်တိုင်ဖြစ်နေသည်ကို တွေ့လိုက်ရလေတော့သည်။ "နင် ဉာဏ်ကောင်းလွန်းခဲ့တယ်"ဟု ဆိုရမည်ဖြစ်ပြီး တော်လှန်အလှူခံရာတွင်ပင် အလံရှူး လှူဒါန်းသူများနှင့် ပါလားဟူ၍ သြချခဲ့လိုက်ရသည်။

Cele မျှော် တော်လှန်ရေး
    တော်လှန်ရေး အကြောင်းပြ၍ ချမ်းသာသွား သူများကိုလည်း အပြစ်မဆိုသာဟု ဆိုရမလားပင် ဖြစ်ရချေတော့သည်တမုံ့။ ဘယ့်နှကြောင်း ထိုသို့ပြောရသနည်း ဟုဆိုလျှင် ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ဆိုသူတို့၏ ထုတ်ပြန်ချက်ကိုရှု။ "ကျွန်တော်တို့ ယူနီကွန်းတပ်ဖွဲ့က မကြာခင်ပြုလုပ်မယ့် ကမ်ပိန်းလေးက Target ပြည့်မီဖို့က တကယ်အရေးတကြီး လိုအပ်နေလို့ ပြည်တွင်းပြည်ပက နာမည်ကြီး Cele တွေနဲ့ ထောက်ပို့တွေရဲ့ အားပေးတိုက်တွန်းမှုတွေ အရေးတကြီး လိုအပ်နေပါတယ်"ဟု ထုတ်ပြန်ထားလေ သည်။ ဆိုလိုချင်သည်က သူတို့အလှူ ခံနေခြင်းကို လူမသိ မထင်ရှားသောကြောင့် လိုအပ်ချက် မပြည့်မီဘူးထင်ကာ Cele မျှော်နေခြင်း ဖြစ်လေသည်။ သူတို့ သဘောပေါက်သည်က တော်လှန်ရေး ဆိုသည့်အသံနှင့် တော်လှန်ရေး Cele ဆိုသူများကို ပြည်သူက ရွံ့မုန်းသွားသောကြောင့် ခွက်သည် ခေါက်တိုင်းမရ ဆိုသည်ကိုပင် ဖြစ်ချေ၏။ ဟိုပြေးသည်ပြေး တော်လှန်ရေးကို ရွံမုန်းသွားသောကြောင့် ဒင်းတို့၏ အသံကို ပြည်သူက 'ဆလံ'ဟု ဆိုနေကြလေပြီကို သဘောပေါက်သင့်ပြီဟု ဆိုချင်ပါသည် ခင်ဗျား။

တော်လှန်ရေးတွင် ပြည်သူမရှိ
    သည်စာကိုဖတ်အပြီး အတော်ပင် ထိတ်လန့် မိသွားသည်။ ကံမရှိ ဉာဏ်ရှိတိုင်းမွဲဟုသာ ကြားဖူး၏။ ဉာဏ်မရှိသောအခါ မည်းမည်းမြင်ရာ ကိုက်ချင်၊ ခွေ့ချင်သော သတ္တဝါကဲ့သို့ ဖြစ်နေချေသည်။ ပြည်သူဆိုသည်ကို မည်ကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ရမည်ကိုပင် အဓိပ္ပာယ် ရှင်းလင်းချက်များ ထုတ်ပြန်ရှင်းလင်းရမလိုပင် ဖြစ်နေလေသည်။ သည်စာလေးကို ဖတ်ကြည့်ပါမိတ်ဆွေ။ "တော်လှန်ရေးကို အယုံအကြည်မရှိဘဲ အပြစ်တင် ဝေ၀ဖန်ပြောဆို ကဲ့ရဲ့တဲ့သူတွေ၊ ငါတို့က ဘယ်ဘက်ကမှ မပါဘူးဆိုတဲ့ ကောင်တွေကို ပြင်းပြင်းထန်ထန် အရေးယူရမယ်။ ကိုယ့်အနီးအနား အိမ်နီးချင်း အသိတွေထဲ မှာလည်း ဒီလိုကောင်တွေ ရှိတယ်"ဟု အညာသား တော်လှန်ရေးသမားဆိုသော သူတို့၏အသံကို ရေးသားထား လေသည်။ ကိုယ့်အိမ်နီးနားချင်း၊ ကိုယ့်ဝန်း ကျင်ကသူ ဖြစ်လင့်ကစား တော်လှန်ရေး စိတ်မဝင်စားလျှင် အရှင်မထားဟု ကြွေးကြော်ခြင်း ဖြစ်၏။ ဒါသည် တရားသည့်ဘက်က ကြွေးကြော်သံလား၊ ဓမ္မဘက်က ဆိုသူတို့၏ လက်ကိုင်စကားလား။ သည်နေရာသည် သူတို့၏ တော်လှန် ရေးသာဖြစ်ပြီး ပြည်သူ့အတွက် တော် လှန်ရေး မဟုတ်ကြောင်း တိတိပပ ကြေညာလိုက်ခြင်းဟု ဆိုပါရစေ။ 
(ရွှေထီး )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49399

© 2022 - 2025 News. All Rights Reserved.