၂၀၂၅ မတ် ၂၂
ယခုတလော လူပြောများနေသည့် ရန်ကုန်- မော်လမြိုင် အသွားအပြန် EV Taxi ပြေးဆွဲမှု အခြေအနေကို လေ့လာဖြစ်ခဲ့သည်။ ဝန်ဆောင်မှု၊ စီးနင်းသူ Customer များ၏ Feedback အခြေအနေ၊ အားသွင်းရ အဆင်ပြေ၊ မပြေတို့ကို တီးခေါက်ကြည့်ခြင်း ဖြစ်သည်။ EV Taxi ခရီးသည် အငှားဝန်ဆောင်မှုကို စွမ်းသူအောင် ကုမ္ပဏီမှ ရန်ကုန်-မော်လမြိုင် အသွားအပြန် ပြေးဆွဲပေးနေသည်။ ထိုခရီးစဉ်များကို စင်းလုံးငှားနှင့် တစ်ဦးချင်းငှား EV Taxi များအဖြစ် ဖေဖော်ဝါရီ ၉ ရက်မှ စတင်ပြေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် တစ်လပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ယာဉ်စီးခ ဈေးနှုန်းများမှာ ခေါင်းခန်းကျပ် ၆၀၀၀၀၊ နောက်ခန်း ကျပ် ၅၀၀၀၀ သတ်မှတ်ထားပြီး ခရီးစဉ်တစ်ခုတွင် ကားတစ်စီးလျှင် ခရီးသည်လေးဦး တင်ဆောင်ကာ ပြေးဆွဲပေးနေခြင်းဖြစ်သည်။ EV Taxi များ စတင်ပြေးဆွဲသည့် ဖေဖော်ဝါရီ ၉ ရက်က နေ ၁၅ ရက်အထိ ယာဉ်စီးခကို ရာခိုင် နှုန်း ၅၀ Discount ၊ ဖေဖော်ဝါရီ ၁၅ ရက်မှ လကုန်အထိ ၂၅ Discount ချပေးပြီး ပရိုးမိုးရှင်း ပြုလုပ်ခဲ့သည်။ ထပ်မံ၍လည်း ယခု မတ်လပိုင်းအထိလည်း ၂၅ ရာခိုင်နှုန်း Discount ချပေးထားပြီး ပရိုးမိုးရှင်းကာလ သတ်မှတ်ထားသည်။
"ခရီးသည် စီးနင်းမှုများတယ်။ ကားအစီးရေလည်း ထပ်တိုးထားပါတယ်။ အင်ဂျင်သံ ကင်းတယ်၊ ဆူညံသံကင်းတယ်။ အဲကွန်းအေးအေးလေးနဲ့ သက်သက်သာသာ သွားရတယ်ဆိုတော့ စီးတဲ့လူတွေကလည်း တော်တော် ကြိုက်ကြပါတယ်။ ခရီးသည်တွေအတွက် ဝန်ဆောင်မှုက အဓိကက ကြိုပို့ပေါ့။ အိမ်တိုင်ရာရောက် ကြိုပို့စနစ်ကို ခရီးသည်တွေက ပိုပြီး သဘောကျကြတယ်"ဟု စွမ်းသူအောင် EV Taxi ဂိတ်၏ ရန်ကုန်-မော်လမြိုင် (ရန်ကုန်)ဂိတ်မှူး ဦးအောင်မြတ်သူက ရှင်းပြသည်။
ရန်ကုန်-မော်လမြိုင်ခရီး စတင်စဉ်က အစီးရေးငါးစီး ဝန်းကျင်ဖြင့် ဝန်ဆောင်မှုပေးခဲ့ရာမှ လက်ရှိတွင် အစီးရေ ၂၀ ကျော် ရှိနေပြီဖြစ်ပြီး နေ့စဉ်အသွားအပြန် ခရီးသည် ၁၀၀ ဝန်းကျင် ရှိနေသည်။ ရန်ကုန်-မော်လမြိုင် ခရီးစဉ် မစတင်မီ ရန်ကုန်-ဖျာပုံ ခရီးစဉ်ကို လွန်ခဲ့သည့် နှစ်နှစ်ခန့်က စတင်ပြေးဆွဲခဲ့ပြီး ထိုခရီးစဉ်မှာလည်း ယခုဆိုလျှင် ပုံမှန်အစီးရေ ၁၅ စီးဖြင့် အသွားအပြန် ခရီးသည် နေ့စဉ် ၁၀၀ အထက် ရှိနေသည်။ စင်းလုံးငှား EV Taxi ဖြင့် ခရီးသွားမယ်ဆိုလျှင် ခရီးစဉ်အစအဆုံး အဲကွန်းလုံး၀ (လုံးဝ) မပိတ်ခြင်း။ ဆူညံသံကင်းဝေးစွာဖြင့် သက်သောင့် သက်သာ စီးနင်းလိုက်ပါနိုင်ခြင်း၊ အိမ်အရောက်အကြိုအပို့ လုပ်ပေးခြင်းစသည့် ဝန်ဆောင်မှုများ ပေးထားသည်ဟု အသိပေးထားသည်။ ခရီးစဉ်များအတွက် ယာဉ်လက်မှတ်ခကို ကားဂိတ်သို့ သွား၍ ဖြတ်စရာမလိုဘဲ စွမ်းသူအောင် EV Taxi ဂိတ်သို့ ဖုန်းဆက်သွယ်၍ ကြိုတင် Booking ယူနိုင်ရန် စီစဉ်ထားသည်။

"ဖုန်းဆက်ပြီး Booking တင်လိုက်ပြီဆိုရင် ခရီးသည်ရဲ့အမည်၊ ခရီးစဉ်များကို စာရင်းမှတ်ထားတယ်။ ခရီးထွက်မယ့်နေ့မှာ ကားသမားနဲ့ ချိတ်ဆက်ပြီး ခရီးသည်တွေဆီကို လွှတ်ပေးတယ်။ ယာဉ်စီး ခကတော့ ကားပေါ်ရောက်မှပဲ ရှင်းပေးရတာပေါ့။ ဖုန်းနဲ့ဆက်ပြီး Booking တင်တာဆိုတော့ ယာဉ်စီးခစရန်ကောက်ရမယ့် အနေအထားမျိုးတော့ ရှိတယ်။ ဒါပေမဲ့ လောလောဆယ် မကောက်သေးတာ။ နောက်ပိုင်းတော့ သတ် မှတ် ပမာဏတစ်ခုနဲ့၊ Payment တစ်ခုခုနဲ့ စရန်ကောက်သွားဖို့ရှိပါတယ်" ဟု ဦးအောင်မြတ်သူက ဆက်ပြောသည်။
EV ဟု အတိုကောက်ခေါ်ဆိုကြသည့် လျှပ်စစ်စွမ်းအင်သုံး ယာဉ်များအတွက် လူတိုင်းစိုးရိမ်ကြ သည့်အချက်မှာ လျှပ်စစ်မီး အချိန်ပြည့်မရ၍ အားဖြည့်သွင်းခြင်း အခက်အခဲ ကြုံရမည့် ကိစ္စဖြစ်သည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် ရန်ကုန်-မန္တလေး အမြန်လမ်း ပေါ်တို့တွင် EV Charging Station များကို ၂၀၂၃ ခုနှစ်ကတည်း စတင်တည်ဆောက်ခဲ့သည်။ ထပ်မံ၍လည်း EV Charging Station များ တိုးချဲ့တည် ဆောက်လျက်ရှိသည်။ ဟိုတယ်များ အပါအဝင် ပုဂ္ဂလိက လုပ်ငန်းများကလည်း Charging Station တည်ဆောက်နေကြသည်။ အချို့ EV ကားပိုင်ရှင်များက နေအိမ်တွင် ကိုယ်ပိုင် Charging Station တပ်ဆင်ထားကြသည်။
ရန်ကုန်–မန္တလေး အမြန်လမ်းမပေါ်တွင် EV Charging Station များ ၂၁ ခုမြောက်အထိ ဖွင့်လှစ်ထားပြီးထို Charging Station များတွင် ကားလေး ၁၀ စီးနှင့် ခရီးသည်တင်ယာဉ် လေးစီး တစ်ပြိုင်နက် အားသွင်းနိုင်သည်။ မိုင်တိုင်အမှတ် (၃၉) ရှိ ဘောနက်ကြီး ယာဉ်ရပ်နားစခန်းနှင့် မိုင်တိုင်အမှတ် (၁၁၅) ရှိ ဖြူး ယာဉ်ရပ်နားစခန်းတို့တွင်လည်း Station နှစ်ခု တည်ဆောက်လျက် ရှိသည်။
ယခုလ အစောပိုင်းက ရန်ကုန်မြို့ရှိ EV Charging Station များမှာ လျှပ်စစ်မီး ရရှိမှု အခြေအနေအရ ပုံမှန်ဝန်ဆောင်မှုမပေးနိုင်၍ EV ကားများအားသွင်းရ အခက်အခဲ ဖြစ်နေသည်ဆိုသော သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ စွမ်းသူအောင် EV Taxi များအား ဖြည့်သွင်းမှုနှင့်ပတ်သက် ၍ စုံစမ်းမိ၏။
"ကြီးကြီးမားမား အခက်အခဲမရှိပါဘူး။ သခင်မြပန်းခြံမှာ အမြန်အားသွင်းစက်ရှိတော့ ဝင်လာသ မျှကားတွေကို တစ်စီးကို တစ်နာရီဝန်းကျင်လောက်ပဲ သွင်းရတယ်။ ကျွန်တော်တို့သွားနေတဲ့ အစီးရေနဲ့ အားသွင်းမှုနှုန်းက အဆင်ပြေပါတယ်။ မော်လမြိုင်ဘက်ကတော့ အားသွင်းရတာ နည်းနည်းအခက်အခဲ ရှိတယ်။ မီးလာတဲ့အချိန်ကို လုပြီးသွင်းရတာ မျိုးရှိတယ်။ အခုကတော့ မော်လမြိုင်မှာ ဆိုလာနဲ့ အားသွင်းနိုင်တဲ့ စနစ်လုပ်ဖို့ စီစဉ်နေပါတယ်။ ဖျာပုံမှာကျတော့ဆိုလာ တပ်ဆင်ထားတယ်။ မီးလာ ချိန်ဆိုရင် EPC ပေါ့။ မီးပျက်ချိန်ဆိုရင် ဆိုလာနဲ့သွင်းတဲ့ စနစ်လေး လုပ်ထားတယ်"ဟု ဦးအောင် မြတ်သူက ရှင်းပြသည်။
လတ်တလော EV Taxi ပြေးဆွဲမှု အခြေအနေအရ သက်သောင့်သက်သာ စီးနင်းနိုင်ပြီး လုံခြုံပြီး စိတ် ချမ်းသာမှုရှိသည်၊ အိမ်တိုင်ရာရောက် ကြိုပို့စနစ်ဖြင့် ဝန်ဆောင်မှုပေးနေခြင်းကြောင့် ခရီးသည်များ သဘောကျနေကြသည်။ စီးနင်းသူရော၊ မောင်းနှင်သူအတွက်ပါ သက်သောင့် သက်သာရှိပြီး ဆီဖိုး ကုန်ကျစရိတ်လည်း သက်သာနေ၍ ထိုကဲ့သို့ EV Taxi ခရီးစဉ်ဝန်ဆောင်မှုများများ ဝန်ဆောင်မှုပေး သင့်ကြောင်း အကြံပြုချက်များလည်း ရှိနေပါသည်။
Charging Station နှင့်ပတ်သက်လျှင် အထပ်မြင့်နေထိုင်သူများအတွက် နေအိမ်တွင် အားသွင်းနိုင်ရေး အခက်အခဲရှိနိုင်သည်။ အဆင်မပြေသူများက Station တွင်သာ အားသွင်းကြရခြင်း ဖြစ်သည်။ ရန်ကုန်မြို့တွင် သခင်မြပန်းခြံ၊ သီရိမင်္ဂလာဈေး၊ ရန်ကုန် ဘူတာကြီး၊ ဒဂုံ-ဧရာနှင့် အောင်မင်္ဂလာ အဝေးပြေးဝင်းများ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ သခင်မြပန်းခြံ၊ ရွှေတိဂုံဘုရား အနောက် ဘက်မုခ်တို့တွင် Station များ တည်ဆောက်ထားပြီး ဖြစ်သည်။ ထို Station များ အားလုံးတွင် အားသွင်းရ အဆင်မပြေ ဖြစ်သည်ဟူ၍ မကြားမိပေ။ ရန်ကုန်လေဆိပ်၊ သခင်မြပန်းခြံ၊ ရွှေတိဂုံ ဘုရား အနောက်ဘက်မုခ်၊ သီရိမင်္ဂလာဈေးတို့ရှိ Charging Station လေးခုမှာလည်း ၂၄ နာရီ လျှပ်စစ်မီး ရရှိနေပြီး ကျန်ရှိသည့် Station များ ရန်ကုန်မြို့၏ အလှည့်ကျ မီးပေးစနစ်အတိုင်း လျှပ်စစ်မီး ရရှိနေသည်ဟု EV ယာဉ်မောင်းများက ပြောသည်။
"အခု ရှိနေတဲ့ Charging Station တွေထဲမှာ လေးခုလောက်ကပဲ ၂၄ နာရီ အားသွင်းလို့ရပြီး ကျန်တဲ့ Station များမှာ ရန်ကုန်မီးပေးစနစ် အလှည့်ကျ မီးရရှိမှု အတိုင်း အားသွင်းကြရတယ်။ Station တွေ များများ ရှိဖို့ လိုအပ်တယ်။ အဲဒီ Station တွေက ၂၄ နာရီ မီးရဖို့ လိုအပ်တယ်။ အဲဒီလိုမျိုး အားနည်းချက်တချို့ ရှိနေပေမယ့် EV ကားအပေါ်မှာ အားနည်းချက် သိပ်မရှိပါဘူး။ တော်တော်များများကတော့ ကိုယ့်အိမ်မှာ အားသွင်းဖို့ ဆိုရင် Station မှာ အားသွင်းတာထက် သုံးပုံနှစ်ပုံလောက် သက်သာတယ်လေ။ ဒါကြောင့် အိမ်မှာအားသွင်းလို့ရတဲ့ သူတွေကတော့ ပိုအဆင်ပြေတာပေါ့။ လုံးချင်းအိမ်တွေ၊ ကိုယ့်တိုက် ခန်းရှေ့မှာ ကားရပ်လို့ရတဲ့ သူတွေအတွက်တော့ အဆင်ပြေပါတယ်။ EV Taxi တွေကျတော့ သူက မဖြစ်မနေ Station မှာ သွင်းမှရမယ်။ မီးလာတဲ့အချိန်နဲ့ အားသွင်းတဲ့အခါမှာ နောက်တစ်နေ့ ပြန်မောင်း မယ့်နှုန်းကို မမီနိုင်ဘူး။ ဒါကြောင့် EV Taxi တွေကျတော့ Charging Station မှာပဲ အားသွင်းကြတာများ ပါတယ်"ဟု EV ကားပိုင်ရှင်တစ်ဦးက မှတ်ချက်ပြုသည်။
အခြားသော မြို့များတွင် လျှပ်စစ်မီး အချိန်ပိုင်းရရှိမှု အခြေအနေအရ အချိန်စောင့်ရသည့် အခက်အခဲတချို့ ရှိကြသည်။ သို့သော် နေပြည်တော်၊ မန္တလေး၊ မိတ္ထီလာ ခရီးစဉ်များတွင် EV ကားများအတွက် အားသွင်းရ အဆင်ပြေနေကြသည်။ Station များ၂၄ နာရီ မီးရရှိနေသည်ဟုလည်း ကားပိုင်ရှင်များက ပြောသည်။ "မော်လမြိုင်တို့၊ ဘားအံတို့ဆိုရင် ရန်ကုန်ကနေသွား၊ ဟိုရောက်မှ တစ်ညအိပ် အားပြန်သွင်းပြီး ပြန်လာပေါ့။ ဘာပဲဖြစ်ဖြစ် ဆီဖိုးက အများကြီး ကွာတယ်။ အခုက ကျွန်တော်တို့လည်း ဘယ်သွားသွား EV ပဲသုံးတာ။ နဂို တုန်းက ထင်တာက အားသွင်းတာ အခက်အခဲ ရှိမယ်လို့ ထင်ခဲ့တယ်။ အခု နေပြည်တော်၊ မန္တလေး၊ မိတ္ထီလာကို EV ပဲ တောက်လျှောက်သုံးတာ။ အဲဒီလို သုံးတဲ့အခါကျတော့ ကျွန်တော်တို့ဆိုရင် ကားက ခြောက်လ မရှိသေးဘူး။ ကီလို သုံးသောင်း ကျော်လောက် သုံးနေတာပေါ့။ အဲဒီတော့ စရိတ်အများကြီး လျော့တာပေါ့။ လမ်းမှာလည်း လမ်းခွန်တွေ လည်း မကောက်ဘူးလေ။ နေပြည်တော်ပဲ သွားသွား၊ ဘယ်ပဲသွားသွား လမ်းခွန်တွေကို ကင်းလွတ်ခွင့် ပေးထားတာကိုး။ ဘီးခွန်တင် မကဘူး Highway မှာရှိတဲ့ ပုဂ္ဂလိလမ်းလုပ်ထားတဲ့ ဂိတ်တွေ၊ မြို့ ဝင်ကြေးတွေကအစ EV ဆိုရင် မကောက်ဘူး"ဟူ၍ Automotive Association Of Myanmar-AAM ဥက္ကဋ္ဌ ဦးအောင်ဝင်းက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနည်းတူ လျှပ်စစ်စွမ်းအင် အသုံးပြုမောင်းနှင်သည့် ယာဉ်များ အသုံးပြုနိုင်ရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ဦးဆောင် ကော်မတီက လျှပ်စစ်သုံးယာဉ်များ သွင်းကုန် လိုင်စင်ခွင့်ပြုပေးခြင်း၊ အခွန်ကင်းလွတ် သက်သာခွင့်ပြုခြင်း၊ Charger Station ခွင့်ပြုချက်ပေး ခြင်း၊ EV နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုခြင်း၊ တင်သွင်းလာသည့် EV ယာဉ်များအား စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် သွင်းကုန်လိုင် စင်ပါ ခွင့်ပြုချက်များ ကိုက်ညီမှန်ကန်မှု ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် မှန်ကန်မှုရှိသည်များကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ထုတ်ယူခွင့်ပြုခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ဦးဆောင်ကော်မတီ၏ အောက်တွင် လုပ်ငန်းကော်မတီ ငါးခုဖွဲ့စည်းခဲ့သည်။ ထိုလုပ်ငန်းကော်မတီများတွင် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီး မြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင် ထုတ်လုပ်မှု မြှင့်တင်ရေးလုပ်ငန်း ကော်မတီလည်း တစ်ခုအပါအဝင်ဖြစ်သည်။
နိုင်ငံတော်အစိုးရက လျှပ်စစ်ကား (EV) များ လမ်းနှင့်တံတား အသုံးပြုခွင့် အခွန်အခများကို ၂၀၂၃ ဧပြီလမှ စတင်၍ နှစ်နှစ် ကင်းလွတ်ခွင့်ပေးခဲ့သည်။ ၂၀၂၃ ဧပြီ ၁ ရက်မှစတင်၍ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အပါအဝင် BOT စနစ်ဖြင့် ဆောင်ရွက်နေသော လမ်းတံတားများ၊ အခြားပြည်ထောင်စုလမ်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ လမ်း၊ တံတားအားလုံး တွင် လျှပ်စစ်ကား (EV) ယာဉ်များ လမ်း၊ တံတားအသုံးပြုခွင့်ကို ၁၀၀ ရာခိုင်နှုန်း (လုံးဝ) လုံး၀ ကောက်ခံမည် မဟုတ်ကြောင်း အသိပေးခဲ့သည်။ ထို့အတူ လျှပ်စစ်ကား (EV) ယာဉ်များ ကနဦး မှတ်ပုံတင်ခြင်းကိုလည်း ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် အထိ ၁၀၀ ရာခိုင်နှုန်း ဘီးခွန်ကင်းလွတ်ခွင့်၊ လမ်းအသုံးပြုခ၊ တန်ပိုကြေး၊ မြို့ဝင်ကြေး၊ အရောင်းပြခန်း၊ ပစ္စည်းခွန်၊ လုပ်ငန်းလိုင်စင်၊ ညအိပ်ခ စသည်တို့အပေါ် အခွန်အခ ကင်းလွတ်ခွင့်ပြုခဲ့သည်။ ယခုအခါ လျှပ်စစ် သုံးယာဉ် EV များအား လမ်းတံတား အသုံးပြုခများကို ၂၀၂၅ ဧပြီလ ၁ ရက်မှ စတင် ကောက်ခံတော့မည်ဟု တိုးဂိတ်များမှ အသိပေးကြေညာထားမှုများ ရှိလာသည်။ ထိုအခြေအအရ EV ယာဉ်များ ယခု မတ်လကုန်မှစတင် ကာလမ်းတံတားအသုံးပြုခများ ပေးဆောင်ရဖွယ် ရှိနေ သည်။
မြန်မာနိုင်ငံအတွင်း EV ယာဉ်များ ဝင်ရောက် မှုအဖြစ် ၂၀၂၃ခုနှစ် မတ်လခန့်မှစတင်ခဲ့သည် EV လေ့ လာသူများက ဆိုသည်။ EV ဦးဆောင်ကော်မတီမှ EV ကား တင်သွင်းခွင့်ပြုထားသည့် ကုမ္ပဏီ ၈၁ ခုမှ Brand အလိုက် EV ယာဉ်အမျိုးမျိုးကို တင်သွင်းလျက်ရှိနေပြီး ထိုကုမ္ပဏီများ၏ တင်သွင်းနေမှုအရ လက်ရှိတွင် အစီးရေ ၆၀၀၀ ကျော်၊ ၇၀၀၀ ဝန်းကျင် ရောက်ရှိနေပြီဟု ခန့်မှန်း ပြောဆိုထားသည်။ မြန်မာ့ EV ကဏ္ဍအရွေ့တစ်ခုကို ရောက်ရှိနေပြီဟုလည်း သုံးသပ်နေကြသည်။
"ရန်ကုန်မြို့ပေါ်နဲ့ ရန်ကုန်-မန္တလေး-နေပြည်တော် အသွားမှာ လမ်းမှာဆိုရင် EV ကားတွေ တောက်လျှောက် တွေ့နေရတယ်။ အရင်တုန်းက အားသွင်းလို့ရှိရင် အဆင်ပြေပါ့မလားတို့၊ မီးလောင် နိုင်တယ်တို့၊ မိုးတွင်းရေကြီးတဲ့အချိန် အဆင်ပြေပါ့မလားတို့ဆိုတဲ့ စိုးရိမ်စိတ်တွေလည်း မရှိကြတော့ပါဘူး။ လောလောဆယ် ဈေးနှုန်းတွေအပေါ်မူတည်ပြီး လူတိုင်းနီးပါး လောက်ကလည်း စိတ်ဝင်စားပြီး တော့ စီးနိုင်တဲ့ အမျိုးအစားတွေလည်း မျိုးစုံရှိနေပါပြီ။ အဲဒီအပေါ်မှာတော့ အားသာချက်တွေပါ။ နောက်တစ်ချက်ကကျတော့ Customer ဘက်က ရွေးချယ်စရာ ကားအမျိုးအစား စုံစုံလင်လင် ရောက်ရှိလာပြီဖြစ်တဲ့အတွက် အဲဒီအပေါ်မှာလည်း Customer တွေကနေပြီး ပြန်ပြီးတော့ ရွေးချယ်လို့ ရနိုင်တယ်ပေါ့"ဟူ၍ EV လေ့လာနေသူ ကိုစိုးဝဏ္ဏက သုံးသပ်သည်။
တိုးတက်မှုအရှိန်ရလာပြီဖြစ်သလို ဈေးနှုန်းအရလည်း တည်တည်ငြိမ်ငြိမ်ရှိနေ၍ လူတိုင်း အရောင်းအဝယ် လက်လက်လှမ်းမီသည့် အခြေအနေဟု ဈေးကွက် လေ့လာနေသူများက ပြောသည်။ ပြီးခဲ့သည့်နှစ်အတွင်းက EV ကားဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ယခု လတ်တလော အခြေအနေအရ ဒေါ်လာဈေးအပေါ် မူတည်ကာ ကားဈေးနှုန်းများ ကျလာသည်ဟု AAM ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောသည်။ ဈေးနှုန်းကျဆင်း လာမှုမှာ ကားအမျိုးအစားအပေါ်မူတည်၍ တစ်စီးလျှင် သိန်း ၂၀၀ ဝန်းကျင် ပြန်ကျသွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
"EV က အရှိန်ရနေပါပြီ။ SKD (Semi Knocked Down) လည်း သွားဖို့လုပ်နေတယ်။ အရောင်းအဝယ်တွေလည်း ဖြစ်ကြတယ်။ ဝယ်ကြတယ်။ အခုလည်း ဈေးနည်းနည်း တည်ငြိမ်သွားတော့ ပိုပြီးတော့ အရောင်းအဝယ် လက်လှမ်းမီလာကြတယ်။ အရင်တုန်းက ဒေါ်လာဈေးလည်း မြင့်တယ်ဆို တော့ ဈေးနှုန်းကမြင့်တယ်။ အခုက ကားအရောက်လည်း များလာတယ်။ ဒေါ်လာဈေးက ကျသွားတယ်ဆိုတော့ ဝယ်နိုင်တဲ့ အနေအထားတွေ ဖြစ်လာတယ်။ ဈေးက အရင်ထက်စာရင် ချိုသွားပါတယ်" ဟု ဦးအောင်ဝင်းက ပြောသည်။
၂၀၂၄ ခုနှစ် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ များတွင် EV Car ဈေးနှုန်းများ အမြင့်ဆုံးဖြစ်ခဲ့သည့် ကာလများဖြစ်ပြီး ထိုစဉ်က BYD ATTO 3 တစ်စီးတန်ဖိုး သိန်း ၂၄၀၀၊ ၂၅၀၀ အထိ မြင့်တက်ခဲ့သည်။ လက်ရှိ တွင် သိန်း ၂၀၀၀၊ ၂၁၀၀ ဝန်းကျင် ပြန်ရောက်လာ၍လည်း ၂၀၊ ၂၅ ရာခိုင်နှုန်း ပြန်ကျလာ ခြင်းဖြစ်ကြောင်း ဈေးကွက်လေ့လာနေသူများက ပြောသည်။ "ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လလောက်က စပြီး ဈေးအမြင့်ဆုံး ဖြစ်ခဲ့တာကိုး။ အဲဒီအခြေအနေကနေပြီးတော့ ပြန်ပြီး လျော့ကျလာတဲ့ အခြေအနေပါ။ အခု ပုံမှန်အနေအထား လောက်ထိ ပြန်ရောက်လာပြီ။ ဥပမာ- BYD Dolphin ဆိုရင် သိန်း ၁၂၀၀ နဲ့ ၁၃၅၀ ကြားပေါ့။ ATTO 3 ဆိုရင် သိန်း ၁၈၀၀ နဲ့ ၂၁၀၀ ကြား အဲဒီအနေအထားလေးတွေ ပြန် ရောက်လာပြီပေါ့။ ရှေ့ပိုင်းမှာတုန်းက ဈေးနှုန်းတွေက အပေါ်ကို အနည်းဆုံး ရာခိုင်နှုန်း ၂၀ ၊ ၄၀ အထိ တက်သွားတာ ရှိတယ်။ အခုတော့ ဈေးနှုန်းတည်ငြိမ် ပြီးတော့ ပုံမှန်ဈေးနှုန်း အနေအထားလောက်အထိ ပြန်ရောက်နေပြီ"ဟူ၍လည်း EV ကားဈေးကွက် လေ့လာနေ သူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် EV ကားအပေါ် စိတ်ဝင်စားမှု များပြားနေသည့် အကြောင်းရင်းများစွာ ရှိသည်။ ထိုအထဲတွင် မောင်းနှင်သူအတွက် သက်သောင့်သက်သာရှိခြင်း၊ ကုန်ကျစရိတ်သက်သာခြင်းနှင် ဆူညံသံကင်းခြင်း စသည့် အချက်များမှာ အဓိက လူကြိုက်များသည့် အချက်များ ဖြစ်နေသည်။ "သူက Vibrate မရှိဘူး။ Heat မရှိဘူး။ ကားက Vibrate မရှိ၊ Heat မရှိဘူးဆိုရင် သက်သောင့်သက်တာ သွားရတဲ့အခါကျတော့ မောင်းတဲ့သူရဲ့ တစ်နေ့တာ မောင်နှင်နိုင်စွမ်းက ပိုပြီးတော့ လုပ်နိုင်တယ်။ ကားကာလည်း သိပ်မကောင်းဘူး၊ Heat လည်း ဖြစ်တယ်။ Vibration လည်း ရှိတယ်ဆိုရင် ယာဉ်မောင်း တဲ့သူမှာ ပိုပြီး ပင်ပန်းတာပေါ့။ အဲဒီလိုပုံစံမျိုးမှာ EV က အားသာတယ်။ လောလောဆယ် ၂၀၂၃၊ ၂၀၂၄ အဲဒီလို Brand New တွေ၊ အသစ်တွေပဲ မောင်းရတဲ့ အခါကျတော့ ယာဉ်မောင်းတွေလည်း သက်သောင့် သက်သာရှိတယ်။ စီးရတဲ့ သူတွေလည်း အဆင်ပြေတယ်။ ဒါကြောင့်လည်း EV ကို ပိုပြီး စိတ်ဝင်စား ကြတယ်လို့ ထင်ပါတယ်"ဟူ၍ EV လေ့လာနေသူ ကိုစိုးဝဏ္ဏက ရှင်းပြသည်။
အခြားသောကားများထက် EV ကားမှာ ဈေးကြီးသည်၊ ဈေးနှုန်းကွာခြားမှုတော့ ရှိနေသည်။ လက်ရှိ Honda fit တစ်စီး သိန်း ၇၀၀ ဝန်းကျင် ရှိနေချိန်တွင် EVသည် ကားအမျိုးအစားအပေါ်မူတည်ကာ သိန်း ၇၀၀၊ ၈၀၀၊ ၁၀၀၀ ဝန်းကျင် ရှိနေသည်။ သို့သော် ပြုပြင်ထိန်းသိမ်းမှုတွင် ကွာခြားချက်ရှိနေပြီး အင်ဂျင်ဝိုင်၊ ဂီယာဝိုင်ကိစ္စများ EV တွင် လုပ်စရာမလို၊ ဆီဖိုးလည်း သက်သာသည့် အားသာချက်များစွာ ရှိနေသည်။ အစောပိုင်း သတင်းထုတ်ပြန်မှုများအရ EV Charging Station အားသွင်းခအဖြစ် EV Taxi ဖြစ်ပါက တစ်ယူနစ်လျှင် ကျပ် ၃၀၀ ကျသင့် မည်ဖြစ်ကာ လူစီးယာဉ်ဖြစ်ပါက တစ်ယူနစ်လျှင် ကျပ် ၄၀၀ ကျသင့်မည် ဖြစ်သည်။ ကုန်ကျစရိတ် သက်သာမှုအရ အခြားသော ဆီကားများ၏ စရိတ်ထက် သုံးပုံနှစ်ပုံခန့် သက်သာသည့် အခြေအနေ ရှိသည်။
"ဥပမာ ဆီကား Taxi ပဲထားပါတော့။ သူက တစ်ရက်လုံးမောင်းမယ်၊ ကီလို ၁၅၀ လောက် မောင်းဖို့ အတွက်ကို အနည်းဆုံး ဆီဖိုးက သုံးသောင်းခွဲ၊ လေးသောင်းလောက် ကုန်တယ်။ EV ကျတော့ တစ်ရက်လုံး မောင်းမယ်ဆိုရင် ၇၀၀၀ နဲ့ ၁၀၀၀၀ ပတ်ချာလည် လောက်ဆိုရင် အဆင်ပြေသွားပြီ။
Station မှာ တစ်သောင်းခွဲလောက် သွားသွင်းပြီးရင် ကီလို ၁၅၀၊ ၂၀၀ လောက် မောင်းလို့ရတဲ့ သဘောရှိတယ်။ ဆီကားနဲ့ ကီလို ၁၅၀ သုံးမယ်ဆိုရင် တစ်ကီလိုကို ၃၀၀ နဲ့ တွက်ကြည့်ရင် လေး သောင်းခွဲလောက် ကုန်ကျနိုင်တယ်။ EV ကားက ဆီကားထက် သုံးဆတစ်ဆလောက် အနေအထား ရှိပါတယ်"ဟု EV ယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။
နိုင်ငံတော်အစိုးရက လျှပ်စစ်သုံးယာဉ် (EV)လုပ်ငန်းများတွင် ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားသည်။ ထို့အတူ EV အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်း နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)က ခွင့်ပြုပေးလျက်ရှိသည်။ ထို့အတူ EV သင်တန်းများကို ဖွင့်လှစ်ကာ ကျွမ်းကျင်ပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိသည်။ နစကဥက္ကဋ္ဌ၏ ဘီလာရုစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်တွင် မြန်မာ-ဘီလာရုစ် နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး လျှပ်စစ်စွမ်း အင်သုံး မော်တော်ယာဉ်များ ထုတ်လုပ်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ကြ သည်ကို တွေ့ရသည်။ လက်ရှိ အနေအထားအရ ယခင်ကထက်စာလျှင် EV ကားများ အစီးရေများလာပြီး ယင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလည်း ပိုများလာ၍ EV အပြောင်းအလဲ တိုးတက်လာပြီ ဟုလည်း သုံးသပ်နေကြသည်။ ပြည်တွင်း၌ SKD စနစ်ဖြင့် လျှပ်စစ်ကားများ ထုတ်လုပ်မည်ဖြစ်၍လည်း EV ကဏ္ဍ အရှိန်ရလာပြီဟု သုံးသပ်ကြခြင်းဖြစ်သည်။
SKD စနစ်ဖြင့် လျှပ်စစ်ကားများ ထုတ်လုပ်မှုမှာလည်း လာမည့် ဇူလိူင်၊ သြဂုတ်လများတွင် ထွက်ပေါ်လာနိုင်ခြေရှိကြောင်း AAM ဥက္ကဋ္ဌ ဦးအောင်ဝင်းက ခန့်မှန်းထားသည်။ "တိုင်းပြည်ထဲမှာ SKD လုပ်ပြီးတော့ ထုတ်မယ့်စက်ရုံတွေ ခန့်မှန်းခြေခုနစ်ခု၊ ရှစ်ခုလောက် ရောက်နေပြီ။ BYD လည်း စက်ရုံနှစ်ခု တောင်ထုတ်မယ်။ လုပ်ငန်းရှင်နှစ်ဦးတောင် ထုတ်မယ့်သဘောရှိတယ်။ ဦးပိုင်နဲ့လည်း ပေါင်းပြီး ထုတ်မယ့်သဘောရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီမှာ SKD ထုတ်ပြီဆိုရင် ပြုပြင်ထိန်းသိမ်းဖို့နဲ့ အပိုပစ္စည်းကိစ္စတွေက တော်တော်လွယ်ကူသွားမယ်။ ကားတောင် ဆင်နိုင်ပြီဆိုရင် ပြုပြင်ထိန်းသိမ်းတာ က လွယ်သွားပြီ"ဟု ၎င်းက မှတ်ချက်ပြုသည်။
EV ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများပြားလာပြီး ပြည်တွင်း၌ အများကြီး ထုတ်လုပ်မည်ဆိုလျှင် အစီးရေ အများအပြား ထွက်ပေါ်လာကာ စီးနင်းသူလည်းများ ပြားလာမည်ဖြစ်သည်။ SKD ထုတ်လုပ်မှုနှင့်အတူ ပြုပြင်ထိန်းသိမ်းမှုကဏ္ဍရော၊ ယာဉ်အပိုပစ္စည်းကဏ္ဍပါတွဲ ပါလာမည်ဟူ၍လည်း EV ကဏ္ဍ အနာဂတ်အလားအလာကို သုံးသပ်နေကြသည်။ "ကားမှာက အဲဒါအရေးကြီးတာလေ။ ဒီမှာ ထုတ်နိုင်ပြီ ဆိုရင် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းတွေ ကျွမ်းလာမယ်၊ ယာဉ်အပိုပစ္စည်းတွေ ပေါလာမယ်။ ဒါတွေအကုန်လုံးကို တပ်ဆင်တတ်တဲ့ ကျွမ်းကျင်တဲ့သူတွေ များလာပြီဆိုရင် ပညာရှင်တွေ အများကြီးထွက် လာမှာပေါ့။ ဒီမှာ ဆင်တယ်ဆိုရင်တော့ ဈေးလည်း သက်သာမယ်လို့လည်း မျှော်လင့်ရပါတယ်။ အဲဒါဆိုရင် သူများထက်သာမယ်။ တချို့တိုင်းပြည်တွေမှာက ဝယ်ပဲစီးတာ။ အခုက ကျွန်တော်တို့ တိုင်းပြည်က တပ်ဆင်မှာ ဆိုတော့၊ ယိုးဒယားလည်း ဆင်နေပါပြီ။ ပြောချင်တာက အလုံးလိုက် ဝယ်စီး ရတာထက်စာရင် ပိုပြီး ဖွံ့ဖြိုးလာတာပေါ့"ဟု ဦးအောင်ဝင်းက မှတ်ချက်ပြုသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ Road Map အရ ၂၀၂၅ ခုနှစ် SKD ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း EV လေ့လာနေသူများ က ပြောသည်။ EV ကား တင်သွင်းခွင့်ပြုထားသည့် ကုမ္ပဏီ ၈၁ ခု အနက်မှ SKD ထုတ်လုပ်နိုင်သည့် ကုမ္ပဏီများက MIC တွင် ခွင့်ပြုချက် ရယူဆောင်ရွက်ရသည်ဆိုသည်။
လတ်တလောတွင် ခွင့်ပြုချက်ကျပြီးသား ကုမ္ပဏီ ကိုးခုခန့်ရှိသည်ဟု EV အပြောင်းအလဲကို လေ့လာနေကြသူများက ပြောသည်။ "အဲဒီမှာ SKD လုပ်ဖို့ သူတို့ကလည်း စက်ရုံတွေ၊ ဘာတွေ ပြင်နေပြီ။ အဲဒီလိုလုပ်လာတော့ အားသာချက်တယ်။ SKD ဆိုတော့ တစ်ဝက်တပ်ဆင်တာ။ ဟိုဘက် (ပြည်ပ)ကနေပြီး လိုအပ်တဲ့ကား အစိတ်အပိုင်းတွေ ယူပြီးတော့ ဒီမှာ တပ်ဆင်တာပေါ့။ ရှေ့မှာလည်း SKD က Hyundai တို့၊ Suzuki တို့ ကျွန် တော်တို့ဆီမှာ ရှိပါတယ်။ နောက်ပိုင်းမှာတော့ EV ကားတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်"ဟု EV အပြောင်း အလဲ လေ့လာနေသူတစ်ဦးက ပြောသည်။
လတ်တလောအခြေအနေအရ မြန်မာ့ EV ကားအရွေ့တစ်ခု အောင်မြင်မှုလမ်းကြောင်း ပေါ်ရောက်လာပြီ၊ တိုးတက်လာပြီဖြစ်သည်။ သို့သော် Target မပြည့်သေးကြောင်း ရှုမြင်မှုများလည်း ရှိနေသည်။ ၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅ ခုနှစ်များတွင် လျှပ်စစ်ကား (EV) အစီး ရေ ၂၀၀၀၀ ကျော်တင်သွင်းပြီးသား ဖြစ်ရမည်ဟု ရည်မှန်းချက်ရှိထားသော်လည်း ယခုအချိန်ထိ အစီးရေ ၇၀၀၀ ဝန်းကျင်သာရှိနေသေး၍ Target မပြည့်သေးခြင်း ဖြစ်ကြောင်း ထောက်ပြကြသည်။ နိုင်ငံ၏ စီးပွားရေးအ နေအထားအပေါ် မူတည်ကာ တဖြည်းဖြည်းချင်း၊ တစ်ဆင့်ချင်းစီ အကောင်အထည်ဖော်နေရသည့် အခြေအနေကိုလည်း ၎င်းင်းတို့က နားလည်လက်ခံထားကြသည်။ မဝေးသော အချိန်ကာလတစ်ခုအတွင်း SKD ထုတ် EV ကားများ ပုံစံအမျိုးမျိုး ထွက်ပေါ်လာမည်မှာ သေချာသည်၊ လူစီးများလာပြီး EV ကဏ္ဍ တွင်ကျယ်လာဖို့သာ ရှိသည်ဟု ၎င်းတို့က သုံးသပ်ထားသည်။
မြန်မာ့ EV ဖွံ့ဖြိုးတိုးတက်မှုနှင့် အနာဂတ် အလားအလာတို့နှင့်ပတ်သက်၍ "EV ဦးဆောင်ကော် မတီ တာဝန်ရှိသူတွေကတော့ မြန်မာနိုင်ငံမှာ တင်သွင်း မယ့်ကားတွေအနေနဲ့ သူတို့ရဲ့ စံသတ်မှတ်ချက်အတိုင်း တင်သွင်းပေးရမယ်။ ဈေးနှုန်းကအစ သူတို့ရဲ့ Requirement အတိုင်း တင်သွင်း ပေးရမယ်လို့ ညွှန်ကြားထား ပြီးသား ဖြစ်ပါတယ်။ EV ကားက ကျွန်တော်တို့နိုင်ငံ တစ်နိုင်ငံတည်း လုပ်နေတာမဟုတ်ဘူး။ သူများနိုင်ငံမှာ တော်တော်လေး ထွန်းထွန်းပေါက်ပေါက် ဖြစ်နေပြီ။ ကျွန်တော် တို့နိုင်ငံကသူများထက် နောက်ကျတယ်ဆိုပေမယ့် အခက်အခဲတွေကို ကျော်လွှားပြီးသား ဖြစ်နေပါပြီ။ အနာဂတ်မှာတော့ EV ဆိုတာ မရှိမဖြစ် လိုအပ်လာမှာ ဖြစ်ပါတယ်။ ရှေ့အလားအလာမှာလည်း EV ပိုကောင်း လာမယ်လို့မြင်တယ်။ တဖြည်းဖြည်းနဲ့ လူတိုင်းသုံးနိုင် မယ့်ဈေး ဥပမာ သိန်း ၅၀၀၊ ၆၀၀ ပတ်လည်လောက်နဲ့ ကားကောင်းလေးတွေ စီးနိုင်အောင် ကုမ္ပဏီပေါင်းစုံကလည်း SKD ပုံစံမျိုးနဲ့ သွင်းလာပါလိမ့်မယ်။ အဲဒီအခါ လူတိုင်းစီးလာနိုင်ကြမှာပါ။ လောလောဆယ် ကားကောင်းတွေ စီးလို့ရအောင်လို့ သိန်း ၂၀၀၀ ကျော်၊ ၃၀၀၀ ကျော်တန် ကားတွေ ရှိနေတယ်။ တကယ်လည်း အဆင့်မြင့်မြင့်နဲ့ ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံစုံ တင်သွင်းထားတဲ့ ကားတွေရှိနေပါတယ်။ ဒါကြောင့် လာမယ့်အနာဂတ်ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေအထားအရ တဖြည်းဖြည်းချင်း တစ်ဆင့်ချင်းစီ သွားရမယ်၊ EV အပြောင်းအလဲ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်"ဟူ၍ EV ဈေးကွက် လေ့လာနေသူ တစ်ဦး မှတ်ချက်ပြုခဲ့သည်။
နိုင်ငံတော်အစိုးရက လောင်စာဆီသုံးစွဲသည့် ယာဉ်များမှ အဆိပ်သင့် ဓာတ်ငွေ့ထုတ်လုပ်မှု လျှော့ချနိုင်ရန် လျှပ်စစ်ကားသုံးစွဲမှု မူဝါဒများချမှတ်ကာ EV ယာဉ်နှင့် သက်ဆိုင်သည့် မူဝါဒများကို ချမှတ်ထားပြီး စနစ်တကျ ဖော်ဆောင်နေခြင်းဖြစ်သည်။ စတင်စဉ်က လျှပ်စစ်လိုအပ်ချက်ရှိနေ၍ မဖြစ်နိုင်ဟု ဝေဖန်သံထွက် ပေါ်ခဲ့ဖူးသည်။ အခက်အခဲရှိမည်ဟု စိုးရိမ်မှုများရှိခဲ့သော်လည်း တစ်ဆင့်ချင်းစီ အကောင်အထည်ဖော်ခဲ့သည်။ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နေ၍ လည်း မြန်မာ့ EV အရွေ့ တဖြည်းဖြည်းချင်းစီ တိုးတက်လာပြီဖြစ်သည်။ EV အနာဂတ်အတွက် ကားအစီးရေနှင့် Station အချိုးအစား မျှတသည့် Charging Station အများအပြားလည်း ထပ်လိုအပ်မည်ဟု အကြံပြုကြပြီး အထူးသဖြင့် ၂၄ နာရီ လျှပ်စစ်မီးရသည့် Station များများ တည်ဆောက်ပေးနိုင်ရေး ဖြစ်သည်။ ထိုအတွက် လည်း နိုင်ငံတော်မှ အစီအမံကောင်းများ၊ စီမံကိန်းကောင်းများ၊ မူဝါကောင်း ချမှတ်အကောင်ဖော်နေသည်ဟုလည်း ယုံကြည်ပါသည်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )