မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဓမ္မအသိနှင့် နီတိကထာ

၂၀၂၅ ၊ ဩဂုတ် ၃
    ၂၀၀၂ ဧပြီလထုတ် ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ 'ဓမ္မနီတိကထာ' ကျမ်းစာအုပ်အဖွင့်မှာ 'သီလ၊ သမာဓိ၊ ပညာ'ဆိုတဲ့ သိက္ခာသုံးရပ် အစွမ်းဓာတ်ဖြင့် အစဉ်သနားထိုက်ရာ သတ္တဝါတို့အား ကိလေသာ အမှုတ်အလွှင့်တို့မှ သက်သာခွင့် ရစေခြင်းငှာ နှုတ်ဖြင့်ဝေပေး၊ စိတ်ဖြင့်ပေးကာ၊ စာရေး၍လည်း တစ်ဖုံ၊ သင့်ရာသင့်ရာ နည်းလမ်းစုံတို့ဖြင့် ပြည့်စုံကုံလုံအောင် ပေးဝေထားခဲ့ပြီ'လို့ ဖော်ပြထားပါတယ်။ 'ဤသို့ အဖြေမှန် ဧကန်သော စကားကို ဆိုရခြင်းကြောင့် အသင်သူတော်ကောင်းတို့သည် ကိုယ်လျှင် ကျန်းမာစိတ်ချမ်းသာခြင်း ရှိကြပါစေလို့ မေတ္တာစကား ဆိုထားပါတယ်။
    'ဆန္ဒအားကြီး မပြီးမရှိ' ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆရာတော်ဘုရားကြီးက ...'ငါသည် အိုမင်း၊ နာမင်း၊ သေမင်းတို့လက်မှ အလွတ်ထွက်ရန် ရုန်း ကန်နေသကဲ့သို့ င့ါနောက်လိုက် ဝေနေယျအားလုံးတို့သည်လည်း မအို၊ မနာ၊ မသေရာဆီ ဦးတည်ချက်ထားလျက် ကြိုးစားအားထုတ်ကြဖို့ နှိုးဆော်ထားပါတယ်။ ဒါပေမယ့် နိဗ္ဗာန်ရည်မှန်း သွားရာလမ်းမှာ ခပ်ကြမ်းကြမ်း တိုက်ခိုက်တတ်တဲ့ ကိလေသာရန်သူနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ သတိပေးထားပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာန၊ ဒိဋ္ဌိ စတဲ့ ကိလေသာ ၁၀ ပါးကို ရန်သူ ၁၀ ယောက်လို့ တင်စားထားပါတယ်။ ဒီရန်သူ ၁၀ ယောက်ဟာ မြင်ရာ၊ ကြားရာ၊ တွေ့ရာ၊ တွေးရာ ဘယ်နေရာမှာဖြစ်ဖြစ် မသက်မညှာ တိုက်ခိုက်နေတတ်တယ် လို့ ဆိုပါတယ်။ ကိလေသာရန်သူ ၁၀ ယောက်ဟာ ...
    'ကြောက်ပါပြီ အော်ကျော်သွားလိမ့်မည် မဟုတ်၊ အသနားခံ၍လည်း ပြန်သွားလိမ့်မည် မဟုတ်၊ အလိုက်သင့်ပါ ညှာတာလိမ့်မည်မဟုတ်}လို့ သတိပေး ထားပါတယ်။ 'မတွန့်မဆုတ် တန်ပြန်ထွန်းထုတ် ရဲမှသာ ခွာရှဲသွားလိမ့်မယ်။ ဒါကြောင့် အသိမြဲ ဝီရိယကဲ၊ သတိအမြဲစွဲမှသာ ကိလေသာ ရန်သူတွေ နောက်ဆုတ်သွားဖွယ်ရာ ရှိတယ်လို့ ညွှန်ပြထားပါတယ်။ လူလူချင်းဖြစ်တဲ့ရန်က မြင်ရသေးတယ်။ ကိလေသာဆိုတဲ့ရန်က မြင်ရတာမဟုတ်ဘူး။ လူလူချင်း ဖြစ်တဲ့ရန်က 'တစ်ဘ၀တစ်သက် တစ်ချက်မျှ သတ်ခွင့်ရ ကျေနပ်အားရသွားကြ၏။ ကိလေသာ့မာန် မျက်မမြင်ရန်တို့ကား ဘဝနှင့်အသက် ရှိသမျှ အချက်ပေါင်းများစွာ မရပ်ရာ၊ အချိန်နှင့်စက် အတက်ရှိသမျှ ဖျက်နေတော့မည်သာ'လို့ သတိပေးထား ပါတယ်။ (စာ-၂၇-ရှု)
    'သင်၏ သတိတစ်ချက်အပြတ် ကြိုက်စိတ်ကပ် လာပြီ မဟုတ်လော။ သင်၏ ကြိုက်စိတ်အကပ် သူ့စိတ်ပတ်လာပြီ မဟုတ်လော။ တစ်နေ့ တစ်နေ့ သင့်စိတ်နှင့် ကိလောသာစိတ် အဘယ်စိတ်ကများသနည်း၊ သင့်စိတ်နှင့်သူ့စိတ် အဘယ်စိတ်က များသနည်း'လို့ စစ်တမ်းထုတ် အသိပေးကာ ကိလေသာ အားကြီးသလောက် ကိုယ့်ဘက်ကလည်း လုံ့လဝီရိယ ကြီးကြီးထားပြီး တုံ့ပြန်သွားရမယ်လို့ သွန်သင်ညွှန်ပြထားပါတယ်။
    ကိလေသာရန်ဘေးတို့မှ ကင်းဝေးရာ နိဗ္ဗာန်ဟူသည် အမှန်ရှိတယ်၊ ရှိလို့သာ သွားနေကြတယ်။   'အာရုံငါးတန် လွတ်ရန်ကြံ နိဗ္ဗာန်အမှန်ရှိ၊ ဆင်းရဲပူပန် တွန်းဖယ်ကန် နိဗ္ဗာန်အမှန်ရှိ}လို့ ဖော်ပြထားပါ တယ်။ တဏှာ၊ မာန၊ ဒိဋ္ဌိ အစွဲအငြိတွေက လွတ်မြောက်မှသာ တကယ်အမှန်ရှိတဲ့ နိဗ္ဗာန်ကို ရောက်နိုင် တယ်။ 'စိတ်လျှင်ဦးစီး မပြီးမရှိ'ဆိုတဲ့ နီတိစကားအားဖြင့် နိဗ္ဗာန်တံခါးကို ဖွင့်ပြခဲ့ပါတယ်။ လောဘ၊ ဒေါသ၊ မောဟတို့ဟာ အိုခြင်းဇရာ၊ နာခြင်းဗျာဓိ၊ သေခြင်းမရဏ တို့ကို ဖြစ်ပျက်စေခဲ့ပေပြီ။ အို၊ နာ၊ သေဆိုတဲ့ မီးတွေလောင်နေ တာတောင် မငြှိမ်းသတ်ဘဲ ဘာကြောင့် အလောင်အကျွမ်း ခံနေရသနည်းလို့ မေးခွန်းထုတ်လိုက်ရင်း ... သီလ၊ သမာဓိ၊ ပညာဆိုတဲ့ တရားရေအေးနဲ့ ပက်ဖျန်း ငြှိမ်းသတ်ဖို့လိုကြောင်း ညွှန်ပြထားပါတယ်။ ကိလေသာရန်မီးတို့ကို အပြီးသတ် ငြိမ်းအေးစေမှာ ပညာသာဖြစ်လို့ 'ပညာဦးစီး မပြီးမရှိ}လို့ လမ်းညွှန်စကား ဆိုထားပါတယ်။ (စာ-၃၀-ရှု)
    အတွင်းထ ကိလေသာရန်သူဆိုတာ တစ်ဖက် အာရုံပြု အကူရမှသာ ထကြွလေ့ရှိသည်က တစ်ကြောင်း တစ်ဖက်နှင့်ပေါင်း အကောင်းထင်မှသာ သောင်းကျန်း လေ့ရှိသည်ကတစ်ကြောင်း၊ တစ်ဖက်နှင့်ဝေးက အတွေးမျှဖြင့်သာ ပြီးပြေသွားသည်ကတစ်ကြောင်းတို့ကြောင့် 'ဝေးဝေးနေလေ ငါ့မိတ်ဆွေ'လို့ နီတိစကား ဆိုထားပါတယ်။ 'ဝေးလျှင်ပြတ် အပတ်ပျက်နေသောကြောင့်တည်း၊ နီးလျှင်ပတ် အပြတ်ဆက်ပေးနေသောကြောင့်တည်း'လို့ ညွှန်ပြထားပါတယ်။ (စာ-၆၃)
    'ကြိုက်လို့လာ လာလို့ကြိုက် မည်သူ၌အပြစ်ရှိ' ဆိုတဲ့ နီတိစကားမှာတော့ ဆရာတော်ကြီးဟာ မိမိကိုယ်ကို ဥပမာပေးထားတာ တွေ့ရပါတယ်။
    'အာရုံသည် ညှို့ဓာတ်ပါသော အရာမျိုးပင် ဖြစ်ချေရာ တိုက်လည်းတိုက်၊ စွဲလည်း ဆွဲငင်လေ့ရှိ၏။ အာရုံညွှတ် လက်မလွှတ်နိုင်သေးသော လူသားတိုင်းသည်လည်း အာရုံလာ အာသာငင် အခင်ဖြစ်လေ့ရှိ တော့သည်။ ငါသည် ကွမ်းဓာတ်စာခိုက်၏။ ကွမ်းမြင်လျှင် မနေသာ၊ ကွမ်းပင်သည် ကွမ်းရှင်၏ အမြှောက် အပင့်ဖြင့် ငါ့ထံဝင်လာ၏။ ထိုစဉ် ငါသည် ကွမ်းအစ်ကို ကြည့်လျက်က ရှိလို့ဝါးသည်ဟု ဆင်ခြေပေး လိုက်ရာ ကွမ်းအစ်ကြီးထဲရှိ ကွမ်းများကလည်း ဝါးလို့ရှိသည်ဟူ၍ပင် ဆင်ခြေပေးနေ တော့သည်သာ။ ဤသို့ ဤနှယ်ကွမ်းနှင့်ငါ အပြန်အလှန် စွပ်စွဲနေကြရာ ငါသည်ပင် တစ်တရားခံလော၊ သူသည် ပင် တစ်တရားခံလော၊ အဖြေမှန် ဧကန်ကိုကား ကြားနေတို့ကသာ ဝေဖန်ပေးကြပါကုန်။' (စာ-၆၅)
    ချစ်သူနှင့်မုန်းသူတို့ကို 'ရာဇဝတ်မှုနှင့် တရားမမှု'တို့ဖြင့် တင်စားထားပုံကလည်း ထူးခြားပါတယ်။
    'မုန်းသူနှင့်ဖြစ်သော ရန်သည် ရာဇဝတ်မှုခင်းများပမာ တစ်ခါနှင့်ပင် ကင်းရှင်း၏။ စာရင်းတာ မရှည်၊ ချစ်သူနှင့်ဖြစ်သော ဒဏ်သည်ကား တရားမမှုများပမာ တစ်သက်နှင့်လည်း မပြီးစီး၊ နှစ်သက်နှင့် လည်းမပြီးစီး၊ ခရီးတာရှည်လှချေ၏။ လူတို့သည် မုန်းသူကို ရန်သူထင်၍ ချစ်သူကို မိတ်ဆွေ ထင်တတ်ကြသည်။ စင်စစ်မုန်း သူပေးသော ရန်ကား အခံရခက်သောကြောင့် မည်သူမျှ တသသလည်း မစွဲ၊ တဖွဖွလည်း မကဲချေ။' (စာ-၆၆)
    ဒီလောကကြီးထဲကနေ 'အနိုင်ဖြင့်သာ ပိုင်းထွက်ထွက် အရှုံးပွဲ မဆက်မိစေနဲ့'ဆိုတဲ့ နီတိစကားနဲ့ ဆုံးမထားတာလည်း မှတ်သားဖွယ်ကောင်းလှပါတယ်။
    'လောကဿ-ဥတ္တရော လောကုတ္တရော ဟူ၍ ဆိုထားလေရာ လောကထဲမှ ခွဲထွက်သွားခြင်းသည် 'လောကုတ်'ဟူ၍ပင်။ လူသားတိုင်းတစ်နေ့ လူ့လောကထဲမှထွက် သေဘက် သက်ကြရဦးမည်သာ။ ထိုသို့ လူ့လောကထဲမှ ခွဲထွက်ထွက်ကြရာ၌ အချို့ကား လူ့ရွာသူ့ ဘာသာဖြင့် လူ့ကာမဂုဏ် ကစားကွက် အကြား မိမိခန္ဓာ အရှုံးထားလျက်က လုံးပါးပါးကာ ထွက်ခွာသွားရရှာသည်။ အချို့ကား ကာမနွံ အကျွံမခံ ဓမ္မလွန်တန်ပြန်ဖြင့် ကာမပေါ် ဓမ္မဖက်အနိုင်ဖြင့် ပိုင်းထွက်ထွက်ခွင့်ရသွားကြသည်။ ထိုတွင် ကာမ လောင်းကစားအကြား ကိုယ့်ကိုယ်ကိုယ် ရွေးမသွားနိုင်သူက များပြား၏။
    ကံကြွေးဟောင်း တောင်းစား ကိုယ့်ကိုယ်ကိုယ် ရောင်းမစားသူက နည်းနည်းပါးပါး၊ ထိုကံကြွေးဟောင်း တောင်းစားရုံမျှ ရယူခံစားနေသူသည် သဘာဝ၊ ကာမမဖက် ဓမ္မဆို ဓမ္မသက်သက်မျှဖြင့်လည်း ကောင်း၊ စရဏ မှာ ဝိဇ္ဇာဖက် မုတ္တိ၊ ဝိမုတ္တိ လက်ကိုင်လျက်က လည်း ကောင်း၊ အရှုံးအထိလည်း မဆိုင်၊ အနိုင်မျှဖြင့်လည်း မပိုင်လေဘဲ အနိုင်အပိုင်ကိုင် မည်သည့်ကာလ၊ မည်သည့် ဘဝမှာမှ အရှုံးမပေါ်စေနိုင်သော နိုင်နည်းဖြင့် ပိုင်းချထွက်ခွာခွင့် ရသွားသောကြောင့် ထိုသူသည်သာ လောကုတ္တရာသမား စစ်စစ်တည်း၊ ထိုသူသည်သာ သခင်မျိုး စစ်စစ်တည်း။ (စာ-၇၀)
    လောကမှ မလွတ်မြောက်မီ ဘဝတစ်ခု မျက်မှောက်ပြုချိန်မှာ သဒ္ဓါဆိုတဲ့ ယုံကြည်ချက်နှင့် ပညာဆိုတဲ့ အကြောင်းအကျိုး၊ အဆိုးအကောင်း၊ အမှားအမှန် ဝေဖန်ပိုင်းခြား သိမြင်နိုင်တဲ့ဉာဏ် ရှိဖို့လိုပါတယ်။ သဒ္ဓါနှင့်ပညာ ဘယ်လောက်ထိ အတွဲညီသလဲဆိုတာ ဆရာတော်ဘုရားကြီး နီတိတစ်ပုဒ်ရေးပြီး အသိပေးထားပါတယ်။
'သဒ္ဓါမှာ ရာဇာထီး ပညာပါမှ အာဏာကြီး'
    သဒ္ဓါစိတ်သည် တစ်ဖက်အယုံတိုးစေသည်။ ပညာစိတ်သည်ကား တစ်ဖက်အမှား တားဆီးပေးနိုင်သည်။ သင်သည် မယားသားသမီးမျှကိုသာ သဒ္ဓါကြည်ဖြူအံ့၊ ထိုသင့်အဖို့ တစ်အိမ်ထောင်မင်းဖြစ်ဖို့ သေချာပြီ။ သို့သော် ပညာကင်းက မိဖုရားညှဉ်းသလောက် အထိနာ စေ့မည်။ သင်သည် တစ်ရွာ၊ တစ်ရပ်ကွက်မျှကိုသော်လည်းကောင်း၊ မြို့နယ်တစ်ခု၊ တိုင်းတစ်ခု၊ ပြည်တစ်ပြည်ကို သော်လည်းကောင်း သဒ္ဓါအံ့၊ သင့်စေတနာ သင့်သဒ္ဓါ အတိုင်းပင်လျှင် ထိုထို တစ်ပိုင်အတွင်းနေ လူအားလုံးတို့ကလည်း သင့်အား ယုံကြည်အံ့၊ သဒ္ဓါသည်လသရုပ်၊ တဏှာတိမ်ပုပ်မထိုးသောကြောင့်၊ သို့သော် ...ထို အားလုံးက ယုံသဖြင့် ခေါင်းဆောင် တင်မြှောက်ကြည့်သော် ...
    သင်သည် အတွေးအခေါ်ပညာ ကင်းမဲ့နေက ရှေ့နောက်တွက် အကွက်ဟာနေသဖြင့် သင်သည် ကျွမ်းကျင်ပညာချို့တဲ့နေက လက်တွေ့ပွဲ အတွဲလွဲနေသဖြင့် သာသာလုံးလည်း ဂါရဝမရ၊ ရိုသေခြင်းမှ အရုံးပြစေ့မည်။ အာဏာသုံးလည်း အာဏာထက်မပြ၊ အာဏာတုံးသာရ စေ့မည်။ သဒ္ဓါပညာ ဘက်ထမ်း မညီ သူလောက်ကမောက် ကမဖြစ်တတ်သူ လောက၌ မရှိတော့ပြီ။' (စာ-၉၆)
    သဒ္ဓါနှင့်ပညာ အတွဲညီဖို့ လိုအပ်သလို ဝီရိယ နှင့် သမာဓိလည်း အတွဲညီဖို့ လိုတယ်လို့ ဆိုပါတယ်။
'ဝီရိယနှင့် သမာဓိ တွဲမထုတ် 
တရားသူကြီးချုပ် မဖြစ်စေနိုင်'
    'ဝီရိယသည် ရဲရင့်ပြတ်သားခြင်းကို တာဝန်ခံ၏။ သမာဓိသည်ကား တည်ငြိမ်ဖြောင့်မတ်ခြင်းကို တာဝန်ခံ၏။ သင်သည် ဝီရိယအားကို အပြည့်အသုံးချ၍ ဘာမဆို ရဲရင့်ပြတ်သားစွာ အလုပ်လုပ်၏။ သို့သော် ထိုသို့သော်ကား သမာဓိ၏ လက်ကူဖြင့် စိတ်ကို တည်ငြိမ်စွာ စည်းရုံးပေးမထားခဲ့သော် စိတ်၏ လန့်စင်ပျံ့စင်စင် ထွက်သွားကြပြီ ဖြစ်လေသောကြောင့် ခုတ်ရာတခြား ရှရာတစ်လွဲ ဖြစ်သွားခြင်းပင်။ သမာဓိ၊ ဝီရိယအတွဲမညီသမျှ သင်ဘာလုပ်လုပ် လုပ်မောဖြင့် ပွဲသိမ်းရမည်သာ။' (စာ-၉၇)
    သဒ္ဓါဆိုတဲ့ ယုံကြည်ချက်နဲ့ ပတ်သက်ပြီး အနုအရင့် အနိမ့်အမြင့် ကွဲပြားနေပုံကို ပြဆိုထားပါသေး တယ်။
'ဘုန်းကံ ထုံးစံဖြင့် ဖောက်
ပန္နက်တိုင်ပင် ပျောက်မည်'
    ရှေးလူတို့၏ ယုံကြည်ခြင်းသည် ကိုယ်ကိုးကွယ်ရာ ကိုယ့်ဘုရား လက်တွေ့မျက်မြင် အထင်အရှား၊ သူ့စကားကြားခွင့်ရ၊ သူ့အမူအကျင့်ထူး ဖူးခွင့်ရရာမှ ဖြစ်ပွင့်လာသော သဒ္ဓါဖြစ်သဖြင့် သဒ္ဓါ၏ နောက်ပညာ အရောက်မြန်လေ့ ရှိတတ်သည်။ ပုဂ္ဂိုလ်ခင်၍ တရား မင်လာခြင်း။
    ယနေ့ နောက်လိုက်တို့၏ ယုံကြည်ခြင်းမှာမူကား ဘုရားလည်းမမြင်၊ တရားလည်း မဆင်ခြင်၊ ဘုရား သွေးဝင် အရိယာထေရ်ရှင်များကိုလည်းမမြင် (မြင်သော်မှ အရိယာမထင်၊ ထင်သော်မှ ပုဂ္ဂိုလ်၌သာ မေးတင်ထား တတ်ရကား) မိဘရိုးရာရှိ သဒ္ဓါပွား အငှားသုံး သုံးစားနေခြင်းကြောင့် သဒ္ဓါနောက်တွင် ပညာမဝင်သာ။ ပညာမပါသော သဒ္ဓါသည်လည်း ရေအောင်မျိုးထားမဖြစ်နိုင်။ ထိုသဒ္ဓါသည် ဗလ၀ သဒ္ဓါအားကြီးသောအရာ မဟုတ်ရကား ပြုစုသော ပုညသိုး ဘုန်းတန်ခိုးပင် မပေါက်နိုင်၊ စောင့်ထိန်းသော သီလသိုး ဘုန်းတန်ခိုးပွင့် မပွင့်စေနိုင်။' (စာ-၁၈၄)
    သဒ္ဓါတရား အသက်ဝင် အသက်ရှင်အောင် ဘယ်လို တည်ဆောက်သင့်တယ်ဆိုတာ ကိုလည်း လမ်းညွှန်ထားပါတယ်။
'ကိုင်းကူးကိုင်းဆက်ပင်
မြေစာကျွေးမှ အသက်ဝင်ရှင်မည်'
    'ဘုရားအရိယာတို့၏ ဓမ္မဓာတ်အား မိမိ၏ သဒ္ဓါတရားဖြင့် ပွားထုံကာ မိမိ၌ လောကုတ်လောကီ နှစ်လီသော ဥစ္စာများ တိုးပွားလိုလျှင် သီလနှင့် သဒ္ဓါတို့၏အကြား မေတ္တာနှင့် ပစ္စည်းလေးပါး ပံ့ပိုးမှ နှစ်ဖက် အကျိုးတိုးပွားမည်။ သည့်အတူ ဆရာနှင့်တပည့်တို့၌ ချီးမြှောက်ခြင်းနှင့် ပြုစုခြင်းများ ပံ့ပိုးရမည်။ မိဘနှင့်သား သမီးတို့၏ ဦးဆောင်ခြင်းနှင့် နောက်လိုက်ခြင်းများ ပံ့ပိုးရမည်။ မည်သည့် အတွဲမဆို အကျင့်နှင့် ယုံကြည်ခြင်း တို့အကြား သူ့ဆိုင်ရာ အထောက်အပံ့ ပိုးမထားက တိုးပွားသင့်သလောက် တိုးပွားမလာတတ်။' (စာ-၁၈၅)
    ဘယ်လိုပဲဖြစ်စေ သဒ္ဓါဆိုတဲ့ ယုံကြည်ချက်သာလျှင် အသက်သွေးကြောပမာ အရေးပါလှပုံကို 'သဒ္ဓါမပါ သာသနာမကြုံ လူ့အမြုံ}ဆိုတဲ့ နီတိစကားဖြင့် အသိဉာဏ်ဖွင့်ပေးခဲ့ပါတယ်။
    'သတ္တဝါတို့တွင် သံသရာမြေ ခြေစချသော တိရစ္ဆာန်မျိုးနှင့် သံသရာမြေ ခြေဆုံးစေသော လူမျိုးသာ အဓိကရ ဒွေမူလ။ ထိုတွင်လူ၌ နတ်၊ ဗြဟ္မာထည့် လူသုံးပါးဖြစ်ဘိ၏။ တိရစ္ဆာန်၌ကား ပိုးရွခြပုန်းမှသည် လူယောင်ဆောင်စွမ်းနိုင်သော နဂါး၊ ဂဠုန်၊ ဘီလူးအထိ စုံ၏။ ထိုသို့ မူလတွဲကွဲချေရာ တွင် လူသည် အဆင့်အမြင့်ဆုံး၊ အသိအလိမ္မာ ဉာဏ်ပညာ အသာလွန်ဆုံး၊ သို့စဉ်လျှင် လူ့ရွာတစ်ခေါက် ရောက်ရှိနေစဉ် ဘုရားစကား အရိယာကြီးများ ကြိုသော်မှ အယုံကင်းနေခဲ့သော် သို့မဟုတ် မည်သည့် ယုံကြည်ချက်မှမူအဖြစ် မထားခဲ့သော် သို့မဟုတ် သာသနာဆိတ်သုဉ်းကာလ လူ့ဘဝရောက်လာခဲ့သော် အမှန်မမြင် လူ့သမ္ပဇဉ်မလှုံ၊ လူကျင့်ဖြင့် မထုံသောကြောင့် 'လူ့အမြုံ'ဟူ၍သာ ဆိုထိုက်လှချေသည်။' (စာ-၁၉၁)
    'ဓမ္မနီတိကထာ' ကျမ်းစာအုပ်ရဲ့ နိဂုံးမှာ 'ငါသည် နေရာဌာနတိုင်းက အခြင်းအရာများစွာကို သဘာ၀က ပြသောအတိုင်းလျှင် အချိန်နေရာ လုံ့လသို့လိုက်ကာ ဝန်ချီဝန်ရုန်းလျက်ရှိသော လောကလူ သားများ၏ ဖြစ်စဉ်ဖြင့် ကပ်၍ တပ်အပ်ထင်ထင် မြင်လည်းမြင်ခဲ့၊ ကြားလည်း ကြားခဲ့ရပါကုန်ပြီ။ ထိုမြင်ခဲ့ရ၊ ကြားခဲ့ရသော ပစ္စက္ခတင် မျက်မြင်များကို စာရှုသူ သူတစ်ပါးတို့ သုတမယဉာဏ် အမြင်သန်စေရန် အလို့ငှာလည်း ကောင်း၊ ဖတ်မိသမျှသော စာအတွေ့၌ သာယာပျော်မွေ့ စိတ်ချမ်းမြေ့ စေရန်အလို့ ငှာလည်းကောင်း၊ ထိုအားလုံးကို တစုတည်းတဝေးတည်း ပေါင်းရုံးကာ တရားသဘော သဘာ၀အရော အနှောတို့ဖြင့် ငါတို့ ရေးပေးခဲ့ပြီးပြီ၊ သင်တို့ဘက်ကသာ ယောနိသော မနသိကာရ အစွန်းအငြိကင်း၊ ပင် ကိုနှလုံးသွင်းဖြင့် ရှုကြည့်အားရ လိုရာရာ အရယူကြဖို့သာ'လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာ တော် ဘုရားကြီးက အမှာစကား ပါးခဲ့ပါတယ်။
(မောင်သွေးချွန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48524

© 2022 - 2025 News. All Rights Reserved.