၂၀၂၅ ၊ မေ ၃၁
'လူမျိုး၊ ဘာသာ၊ လူတန်းစား ဘယ်လိုပင် ကွဲပြားနေပါစေ 'ကာမဓလေ့' မှာတော့ အတူတူပဲလို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက ညွှန်ပြခဲ့ပါတယ်။ နှာသီးဝမှာ လေကလေး တိုးဝင်တိုး ထွက်သွားတာကို အထူးတလည် လေ့ကျင့်သင်ကြားပေးနေရတယ်။ တရားအားထုတ်နည်းကို ဘယ်လိုပင် သင်ကြားပြသပေမယ့် ကျွဲပါးစောင်းတီးသကဲ့သို့လည်း ကြုံရတတ်ပါတယ်။ ကာမဓလေ့ ဆိုတာ အထူးသင်ကြားပေးစရာမလို လူဖြစ်စေ၊ ခွေးဖြစ်စေ၊ ဝက်ဖြစ်စေ သူ့အလိုလို တတ်မြောက်သွား တယ် မဟုတ်ပါလား။ ဓမ္မဆိုတာ သံသရာမှာ အထုံအလေ့ နည်းပါးခဲ့တဲ့အတွက် သင်ပေမယ့် မတတ်၊ ကာမကား ဘဝသံသရာ အဆက်ဆက် အထုံအလေ့များခဲ့တဲ့အတွက် မသင်ဘဲလည်း တတ်မြောက်တော့သည်သာ။ ကာမဘုံသားတို့ရဲ့ ဉာဉ်၊ စရိုက်၊ ဝါသနာကို မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး မီးမောင်း ထိုးပြခဲ့ပုံက ဒီလိုပါ။
အစရှိ အစ မိတော့မည်
အစသည် အစမျှသာဖြစ်၏။ အဆုံးကား မဟုတ်ချေပြီ။ ဉာဉ်သည် အာရုံတစ်ခုမြင်ရာမှ ပါလာသော အသိတည်း။ စရိုက်သည် အာရုံတစ်ခု နှိုက်ရာမှ ပါလာ သော အကျင့်တည်း။ ဝါသနာသည် အာရုံအကြိုက် ပိုက်မိရာမှ ပါလာသော အကိန်းဓာတ်တည်း။ မည်သည့်ဘုံ ဘဝရောက်ရောက် တော်လျှောက် စ,စ ပေးနေမည်သာ။ မည်သည့်အမျိုးထဲဝင်ဝင် အစတွင် ပေးနေတော့သည်သာ။
ဘဝပေး သွေးဆူသဖြင့် ဘေးလူကို ဖျက်ဆီး မိမှားခဲ့သော ထိုဉာဉ်၊ ထိုစရိုက်၊ ထိုဝါသနာအလိုက် သုံးမျိုးတို့သည်ကား ယနေ့ သင့်အား မည်သည့်အချိန်တွင် အအား အနားပေးထားပါသနည်း။ (၁၉၉၉၊ ဇူလိုင်ထုတ်၊ သာရဏီယကထာ စာ-၁၄)
ထိုပုထုဇဉ်တို့ရဲ့ ဉာဉ်၊ စရိုက်၊ ဝါသနာဆိုတာ ကာမအပေါ်မှာ အားပြုထားကြောင်း သိသာလှပါ သည်။ ကာမဆိုတာ အဆွဲကောင်းသလောက် 'အစွဲ' ကလည်း အငမ်းမရ၊ ဒီအစွဲနဲ့ သံသရာလည်ရင်း အပါယ်ဘုံတွေဆီ ချဉ်းနင်း ဝင်ရောက်ခဲ့ပေါင်း များလှပေပြီ။
ခေါင်းတစ်ညိတ်လှိမ့်ခံ အနိမ့်စံလျှင် လမ်းဆုံးမည်
ဘဝအကူးသည်ကား တစ်ချက်မျှ အစွဲက တစ်ဖက်တည်းသို့ ကူးဝင်လာခြင်းတည်း။ ထိုတစ်ချက်စွဲသည် တစ်သက်လုံးကြီးကိုလျှင် တွဲရရွဲခို လိုက်ပါနေတော့ရာ ထိုဘဝရှင်ခမျာ တစ်သက်လုံးလုံး ဘဝသမုဒယ၊ ဘဝဒုက္ခဝဋ်များမှလည်း ပြေးမလွတ်တော့ပြီ။ ကာမ သမုဒယ၊ ကာမဒုက္ခဝဋ်များမှလည်း ချွတ်ခွင့်မသာပြီ။
ကာလသားအနှူး တစ်ကွက်မှ မြူးမိသော ကာလသမီး၏ တစ်ချက်မျှ ခေါင်းအညိတ်က တစ်သက်လုံးလှိမ့်ခံရခြင်းကား ကွာရှင်းလိုသော် ကွာရှင်းသာသေး၏။ ဘဝကူးခါနီးရှိ မိမိ၏ တစ်ချက်အစွဲသည်ကား တစ်သက်နှင့်လည်း ခွဲမရတော့ပြီ။ သံသရာ ဟိုတစ်ဖက်တက် ခါနီးအထိပင် စွဲမြဲနေတော့မည်သာ။ (၎င်း၊ စာ-၁၆)
အောက်ရပ်အောက်ဘုံများဆီသို့ အစွဲက ခေါ်သွားခြင်း ဖြစ်ပါသည်။ ဘဝအောက်တန်းကျပေမယ့် ကာမခံစားခွင့် ရနေပါသေးတယ်။ ဒါကြောင့် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက ပျစ်ပျစ်နှစ်နှစ်ကြီး ဟောဖူးတာ မှတ်မိနေပါတယ်။ လူဖြစ်မှ ကာမအရသာ ခံစားရတာမဟုတ်၊ ခွေးဖြစ်လည်း ခံစားရ၊ ဝက်ဖြစ်လည်း ခံစားရမှာပါ။ မခံစားရမှာ မပူပါနဲ့။ ဓမ္မအရသာသည်က လူဖြစ်တုန်း၊ သာသနာ တော်နှင့်ကြုံတုန်း ခံစားခွင့်ရသည်။ ကာမက ဘုံစာ၊ ဓမ္မသာလျှင် လူစာအစစ်သည်။
ဘုံစာနှင့်လူစာ ယူပါလျှင် လူမှာသာရစမြဲ
သတ္တဝါအားလုံးတို့သည် အာရုံငါးပါး ကာမအရသာကို မိမိတို့ဘဝပေး ဓမ္မတာအရ ခံစားနေကြသည်သာ။ စိတ်သည် ကာမဘုံ အာရုံစိုက်၊ မကောင်းမှု၌သာ မွေ့တတ်သောကြောင့် ကာမအာရုံကြား၊ ဓမ္မအာရုံထားလိုက်က ဓမ္မရသဘက် နှစ်သက်စွာ ခံစားခွင့်ကား လူတစ်ဦးတည်းသာ။ စိတ်ကို မှန်ရာ လှည့်၊ မှန်စွာသိသိခြင်း၊ လူ၌ ထင်လင်းရှိသောကြောင့် ယနေ့ အသင်လူသား၏စိတ် ကာမအရသာနှင့် ဓမ္မအရသာ မည်သည့် ဘက် စွာနေသနည်း။ အကယ်တိတိ ကာမစိတ် လက်သပ်မွေး၊ ကာမကိုချည်း သင်လွေးနေသော် 'ခွေးမစင် လူထမင်း' သည်မျှသာ ကွာခြားခြင်းရှိပြီး သင်ကား လူ့ပြည်ဆင်း ဘုံစာဖြင့် တင်းတိမ်နေခြင်းတည်း။ (၎င်း၊ စာ-၂၆)
လူတွေဟာ လူစာ (ဓမ္မအရသာ)ကို မခံစားဘဲ ဘုံစာ (ကာမအရသာ)ကိုသာ ဘာကြောင့် မြိန်ရေယှက်ရေ စားသုံးနေကြပါသလဲ။ အဖြေကတော့ အလွယ်လိုက် နေခြင်း။
အခက်ကိုဆောင် အလွယ်ကို မယောင်စေနှင့်
ကာမအခက် ကာမကြော နှောကြည့်လွယ်၏။ ဓမ္မအခက်၊ ဓမ္မသဘော မျောကြည့်လွယ်၏။ မည်သည့် အရာမဟူ သော့ချက်ဟူသည် ရှိစမြဲသာ။ ထိုတွင် အခက်တကာ့ အခက်ဆုံးကား မိမိစိတ် မိမိဆုံးမရာ၌တည်း။ ထိုအခက်ဆုံးသော စိတ်ကို ဆုံးမရန် မကြိုးစား၊ သူကျလိုရာ ကာမကြော မျောပေးထားမိသော် စိတ်သည် သက်သာသည်ကိုသာ နှစ်သက်သည်ကတစ်ကြောင်း၊ မကောင်းမှု၌ မွေ့လျော်သည်ကာ တစ်ကြောင်းတို့ကြောင့် စွဲစိတ်ဆွယ် လွယ်ရာလိုက် နောက်ဆုံးအပါယ်တိုက် ဦး ခေါင်းဆိုက်ကြရသည်ချည်းသာ။ (၎င်း၊ စာ - ၃၃)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက လောကဓမ္မနှစ်ဌာနလုံးကို မွှေနှောက်၍ မှတ်လောက်သားလောက်သော နီတိစကားတို့ဖြင့် ထင် ရှားအောင် ပြဆိုတော်မူခဲ့ပါသည်။ 'ဘုံစာ'လို့ ခေါ်တဲ့ 'ကာမ အစားအစာ'နဲ့ စပ်လျဉ်းပြီး ဟောဒီလို ရှင်းလင်းညွှန်ပြတော်မူခဲ့ပါတယ်။
သဒ္ဓါ၍ပေး သေဆေးမှန်းသိ ပါးစပ်ထဲ မထည့်မိစေနှင့်
ကာမနယ်ပယ်မှ မိဘများတို့သည်ကား မိမိတို့သားသမီးများကို ကာမအစားအစာကိုချည်း စားစေလို၊ သောက်စေလိုကြသည်မှာ ဓမ္မတာ။ ကာမပွဲစား လင်ယောကျ်ားကလည်း မိမိကိုင် မယားကို ကာမအစားအစာများဖြင့်သာ အသင့်ကြိုဆို စားစေလို၊ သောက်စေလိုသည်မှာ ဓမ္မတာ။ ကာမဈေးလှည့်မယား တစ်မိကလည်း မိမိပိုင်လင်သားကို ကာမအစားအစာကောင်းဖြင့်သာ ဖြားယောင်းကြိုဆို စားစေလို၊ သောက်စေလိုသည်မှာ ဓမ္မတာ။ စင်စစ် ကာမအစားအစာတို့၏ အတွင်းမှာ အဆိပ် ပိုးတစ်သင်း ပါဝင်နေကြသည်သာ။
ထိုအဆိပ်ပိုး စိတ်ဝယ်ထိုးကျင့် နင့်ခနဲ တစ်ချက်အဖြစ်သည် တစ်သက်နှင့်လည်း ကုစား၍မရ၊ တစ်ဘ၀ တစ်ကမ္ဘာမျှဖြစ်ပင် ကုစား၍မရတတ်ချေရာ စားပါဆိုနေလည်း မစားဘဲ 'ပေ'နေလျှင် အကောင်းဆုံး၊ သောက်ပါပြောလည်း မသောက်ဘဲ ကြောနေလျှင် အကောင်းဆုံး၊ ကာမသဒ္ဓါသည် ကာမရွာသားများကို အဆိပ်ကျွေးသတ်ရာ၌ ပါရဂူကြီးပေတည်း။ (စာ-၆၂)
လောကသဘာဝ၊ လူ့သဘာဝကို ဆရာတော် ကြီး ပြဆိုထားပုံက မှတ်သားစရာ၊ အရသာခံ ဖတ်ကြည့်ပါ။
အသံတိတ်၏အဟန့် လက်နက်ပြသည်ထက် လန့်၏
တစ်ယောက်အပေါ် တစ်ယောက်အလိုမကျ အားမရသဖြင့် စိတ်ကောက်၍ ဆန္ဒပြခြင်းသည် တစ်ဖက်သား၏ စိတ်ဝယ် ရေနွေးအဖျောခံနေရသော ကြမ်းပိုးတစ်ကောင်ထက် အထိနာ၏။ ရန်သူ၏ လက်သည်း အခွံခွာအညှဉ်းဆဲ ခံရသည်ထက်လည်း အထိနာ၏။ အသက်ရှူလမ်းကြောင်း အရာဝတ္ထုတစ်ခု၏ ဆို့ပိတ်ခံရသည်ထက်လည်း ဆိုး၏။ စင်စစ် ထိုစိတ်ကောက်ခြင်းသည် မိမိမကျေနပ်သော စကားများကို တစ်ဖက်သား ထုချေခွင့် အလျဉ်းမပေးဘဲ တစ်ဖတ်သက် ပြောကြားနေခြင်းပင်။ (၎င်း၊ စာ-၆၉)
အကြိုက်စောင်း၊ မကောင်းမသက်သာ
လောကတွင် အကြိုက်ပေး ဖျက်ဆီးရာမှ ပျက်စီးခဲ့ရသော ဒဏ်ရာဒဏ်ချက်ကား သက်သာရာကို မပေးစေတတ်၊ အတွင်းဝယ် အသွေးလည်းပျက်၊ အသားလည်းပျက်၊ မျက်လုံးစုံ အကုန် ဟောက်ပက်၊ အရိုးပေါ် အရေတင်လျက်၊ အပြင်ဝယ် နေရေး၊ ဝတ်ရေး၊ စားရေး မှသည် သားရေး သမီးရေး၊ မင်းရေးစိုးရေးဘက် အနေခက်။ တဏှာအခုအခံဖြင့် သက်သာရာ ရှာကြံပါသော်လည်း...
လောဘဖိစီး သောကမီးကြီး တောက်လောင် လျက်ကသာ၊ ဒေါသဖိစီး မာနမီးကြီး တောက်လောင်လျက်ကသာ၊ မောဟဖိစီး ဒိဋ္ဌိမီးကြီး တောက်လောင် လျက်ကသာ၊ ကောင်းသလောက် မသာ သက်၊ ပေါင်းသလောက် ရက်မကွာကြပြီ။ (၎င်း၊ စာ-၅၇)
လူဆိုတာ မိမိကိုယ်ထက် သူတစ်ပါးကို ပိုပြီး စိတ်ဝင်စားလေ့ ရှိတတ်ပါတယ်။ လူလူချင်း ပေါင်းသင်း ဆက်ဆံရေးဟာ လောကရဲ့ မရိုးနိုင်တဲ့ အခြင်းအရာတစ်ခု ဖြစ်ပါတယ်။ လူမှုဆက်ဆံရေး မျက်နှာစာအတွက် ဆရာတော်ဘုရားကြီးက နီတိတစ်ပုဒ် ရေးခဲ့ပါသေးတယ်။
သဘောသိချင် အပြောကြည့်၊ အကြောသိချင် ရောကြည့်
လူတို့၏ စိတ်နေသဘောထားတို့ ထားသို သောနေရာသည် မျက်နှာမှာသာရှိပြီး တစ်ဖက်နှင့် ဆက်ဆံရလေသောအခါထိုမျက်နှာရှိ စိတ်နှင့် သဘောထားများသည် လျှာဖျား စကားအဖြစ်ဖြင့် ပါးစပ်ကြား လမ်းအတိုင်းထွက်ခဲ့၍ ဆက်ဆံတတ်ကြ၏။ သို့ကြောင့် သူ့အပြောစကားသည် သူ့သဘော များဟူ၍ အတပ်သိနိုင်ပေသည်။ အကယ်တိတိ စရိုက်ခေါ် သူ့ဓလေ့၊ သူ့ထုံးစံများကို သိလိုပါ မူကား ကိုယ်ကိုယ်ချင်း အဖက်ပေး၍ ဆက်သွယ်ကြည့်မှသာ အကြမ်းကြိုက်၊ အနုကြိုက်ဟူ၍ သူ့စရိုက် နှိုက်မိ ပိုက်မိနိုင်ခြေသည်။ (စာ-၇၈)
ဆရာတော်ကြီးက ဟာသငွေ့ငွေ့လေးဖြင့် လူတို့ရဲ့ စရိုက်သဘာဝကို ဆက်လက်ဖော်ပြထား ပါသေးတယ်။
အကြောင်းသိချင် ပေါင်းကြည့်၊ အစောင်းသိချင် ချောင်းကြည့်
လူတို့၏ အတွင်းနေသဘောသည် အသက်ကြီးလေ ပျက်စီးလေ ဖြစ်သော်လည်း အသက်ကြီးလေ အရှက်ကြီးလေလည်း ရှိတတ်ပြန်သေးရာ အဝေးကြည့် ခဏရောဖြင့် သူ့သဘောပေါလော မပေါ်စေနိုင်။ အနီးကပ်ပေါင်း ပေါင်းမှအကြောင်းပေါ်လာသည်။ ကွယ်ရာမှ ချင့်တွက်လေ့လာမှ သူ့အကျင့်ပျက်က တွေ့လာသည်။ လူကြီးတို့၏ လူရှေ့အဝတ်ဖြင့် ဖုံးဝှက်ထားသော အရာမှန်သမျှ ကွယ်ရာမှာ ဖျက်ခဲ့သောအချက် ရှက်ကြလွန်း၍ ချည်းသာ။ (၎င်း၊ စာ - ၇၉)
လူ့လောက ပတ်ဝန်းကျင်က အဖြစ်အပျက်များကို ရှုမြင် ဆင်ခြင်ထားပုံကလည်း မှတ်သား စရာပါ။
ရွှေဝယ်ရာ ငါးပိချိန်သလို မလောနှင့်
တစ်သက်လုံးကိစ္စ ချိန်ဆ ဆုံးဖြတ်မည်ကို တစ်ရက်တည်းနှင့် မဆုံးဖြတ်မိရာ။ တစ်ချက်မှား ခရီးသည် တစ်သက်သွားလို့ ပြီးဆုံးမည် မဟုတ်တော့ချေပြီ။
(၁၉၉၆၊ အောက်တိုဘာထုတ်၊ သာရဏီယ ကထာ (စာ-၂၀)
ပုထုဇဉ်တို့ရဲ့ အာရုံကို ခင်မင်တတ်သော သဘော၊ အာရုံနောက်က ကပ်ပါလာတဲ့ ကိလေသာ ရေယဉ်ကြော မျောတတ်တဲ့ သဘောတို့ကိုလည်း မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက နီတိရေး ပြီး သတိပေးတော်မူခဲ့ပါတယ်။
သုံးရုံသာသုံးသွား အစွဲမထားနှင့်
ရဟန်းဖြစ်လျှင် ရဟန်းနှင့်ထိုက်တန်သော အာရုံကို ခံစား၊ လူဖြစ်ကလည်း လူနှင့်ထိုက်တန်သော အာရုံကို ခံစားရမည်သာ။ ခံစားလေတိုင်း အာရုံပေါ် အသိရောက်အောင် သတိဖြင့် ထောက်ထားလျှင် မြင် မြင်ရုံ၊ ကြား ကြားရုံ စသည်ဖြင့် ပြတ်၏ မငတ်။
အကယ်တိတိ သတိနည်း၍ အစွဲသိကပ်လာသော် ဘာလဲဆိုသည်နှင့် အာရုံနောက် ပညတ်ရောက်ပြီး ကိလေသာထောက်၍ စွဲငြိတတ်သည်။ သုံးရုံကားအရင်းသာ ဆပ်ရပြီး စွဲလျှင်ကား အတိုးနှုန်းကြီးကြီးဖြင့် ဆပ်ရလေလေ ကြွေးမကျေလေ ဖြစ်တတ်သည်။ (၎င်းစာ-၄၇)
အပျော်ကူး အရူးသာ နှူးရာမမိစေနှင့်
အပျော်ကို ခုံမင်နေသူသည် လောက၏ ရှေ့ကြောင်း၊ နောက်ကြောင်း ဘာဆိုဘာမှ မမြင်၊ ဖဲနှင့်ပျော် သူအား ဖဲနှင့်ပြမြှူစားလျှင် ပါသွားသည်။ အရက်နှင့် ပျော်သူအား အရက်ပြမြှူ စားလျှင် ထို့အတူ၊ ရမ္မက်နှင့် ပျော်သူအား ရမ္မက်နှင့်ဆွ မြှူစားလျှင် သည်အတိုင်း၊ အပျော်လွန်၍ နှူးသည့်နောက် နွံပေါက်လာလျှင် ကျွန်အောက်သား ဖောက်ခံရတော့မှာ သေချာပြီ။ (၎င်း၊ စာ-၄၇)
အပျော်လွန် ကျွန်ဖြစ်
အပျော်လှူသောအလှူ၊ အပျော်ကျင်းပသည့်ပွဲ၊ အပျော်လိုက်စားသည့် ဓလေ့ ထိုသုံးမျိုးတို့သည် အလုပ်ဖျက်ပြီး အပျော်ထွက်လာသဖြင့် ဝင်ငွေလည်းပျက်၏။ လက်ထဲရှိကို သုံးစားပစ်သဖြင့် စုငွေလည်း ကုန်၏။ တစ်ကျပ်သုံးက နှစ်ကျပ်ဆုံး စီမံကိန်းဖြင့် ထိန်းမရသိမ်းမနိုင်အခြေယိုင်ကာ လူမျိုးခြားထံ ကျွန်ခံရတတ်သည်။ (၎င်းစာ-၂၆)
စိတ်အလိုလိုက် အကြိုက်နှင့်ပျော်ခြင်းသည် မိမိတစ်ဦးတည်းကိုသာမက တိုင်းပြည်နှင့် လူမျိုးရဲ့ ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းစေကြောင်း မဟာဗောဓိမြိုင်ဆရာ တော်ဘုရားကြီး နီတိစကားဖြင့် ဆုံးမထားခြင်း ဖြစ်ပါတယ်။
(မောင်သွေးချွန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )