မြန်မာတို့၏ ဆွေမျိုးတော်စပ်မှု အခေါ်အဝေါ်များ

၂၀၂၅ ၊ ဩဂုတ် ၃
    မိသားစုအတွင်းရှိ ဆွေမျိုးတော်စပ်မှု အခေါ်အဝေါ်များ၊ မိသားစုဟူသည် လူမှုအသိုက်အဝန်းတွင် အခြေခံအကျဆုံးသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ မြန်မာစာပေ စတင်ထွန်းကားလာချိန်တွင် ရေးထိုးခဲ့ကြသည့် ပုဂံခေတ် ကျောက်စာများသည် မိသားစုဖွဲ့စည်းမှုနှင့် မိသားစုအခေါ်အဝေါ်များကို ဖော်ပြရှင်းလင်းထားသော ကျောက်စာများ မဟုတ်ဘဲ အလှူကျောက်စာများ ဖြစ်ကြသည်။ သို့သော် အကြောင်းအရာ၊ အခြေ အနေနှင့် ဆက်စပ်၍ ရှေးနှစ်ပေါင်းများစွာကပင် မြန်မာတို့သည် ကျစ်လျစ်ခိုင်မာသော မိသားစု ဖွဲ့စည်းမှုရှိကြောင်းကို ကျောက်စာများကတစ်ဆင့် သိရှိနိုင်ပါသည်။ 
    မြန်မာ့ယဉ်ကျေးမှုတွင် ဆွေမျိုးသားချင်းဆိုင်ရာ အခေါ်အဝေါ်ကို ကြားသည်နှင့် မိမိ၏ မိဘများ ထက်ကြီးသူ သို့မဟုတ် ငယ်သူ၊ မိမိထက်ကြီးသူ သို့မဟုတ် ငယ်သူ ဆိုသည်ကို ချက်ချင်းသိနိုင်လောက်အောင် မြန်မာ့ဝေါဟာရတို့၏ အနက်အဓိပ္ပာယ် လေးနက်လှပါသည်။ မြန်မာ့လူနေမှု အဖွဲ့အစည်းတွင် အမိ၊ အဖနှင့် သားသမီးတစ်အုပ်ဖြစ်သော အိမ်ထောင်စုသည် အရေးအပါဆုံး အဖွဲ့အစည်း၊ တစ်နည်း အားဖြင့် ချစ်ခြင်းမေတ္တာဖြင့် နှောင်ဖွဲ့ထားသော အဖွဲ့အစည်းတစ်ရပ်အဖြစ် ပေါ်ထွန်းခဲ့ကြောင်း တွေ့ရသည်။ 'မိသားစု'ဟူသော ဝေါဟာရသည် အလွန်ချစ်ဖွယ်၊ နှစ် သက်ဖွယ် လေးနက်မှုကို ဖော်ပြနေသည်။ ဤစကားစု အဖွဲ့အစည်း၌ 'မိ'သည် မိဘနှစ်ပါးလုံးကို ဆိုလိုသည်။ 'သား'ဟူသည် ကြင်ဖက်နှစ်ဦးမှ မွေးဖွားလာသော အသွေးအသား၊ ရင်သွေးငယ်များဟု အဓိပ္ပာယ်ဆောင်သည်။ 'စု'သည် စုစည်းသည်၊ ညီညွတ်သည်၊ ကျစ်လျစ်လျက်ရှိသည်ဟူသော သဘောပင်ဖြစ်သည်။ ထို့ကြောင့် မိသားစုဆိုသည်မှာ အမိအဖနှင့်တကွ ၎င်းင်းတို့မှ မွေးဖွားလာသော သမီး၊ သား အစုအဝေး အဖွဲ့အစည်း တည်ဆောက်မှုကို ဖော် ပြသည့် ဝေါဟာရပင် ဖြစ်သည်။ 
    ရှေးမြန်မာများသည် ပုဂံခေတ်ကတည်းကပင် လင်နှင့်မယား အစုံအလင်ရှိလျှင် လင်စုံ ဟူ၍လည်းကောင်း၊ ကြင်ဖက်ဟူ၍ လည်းကောင်း၊ လင်မယား၊ ဇနီးမောင်နှံဟူ၍ လည်းကောင်း ခင်ပွန်း၊ မျောက်သား (ဘုရင်၊ မင်းသား၊ မင်းသမီးတို့၏ ကြင်ယာတော်) ဟူ၍လည်းကောင်း ခေါ်ဆိုသည်။ 'လင်စုံမယားဖက်' ဟူသော စကားကို နောင်တွင် ပြောဆိုလာကြသည်။ ချစ်စွာသော မယားကို ပယ်မယားဟု ခေါ်သည်။ သားသမီးများပါ ပါဝင်လာသောအခါ ကြင်ဖော်ကြင်ဖက်တစ်စုံနှင့် သား သမီးများကို လင်မယားသားစုံဟု ခေါ်ခြင်းဖြင့် မိသားစုဖွဲ့တည်မှုကို ရည်ညွှန်း ခေါ်ဝေါ်ထားသည်။
    'အမိ'ဟူသော ဝေါဟာရသည် မြန်မာ့ဆွေမျိုး တော်စပ်မှုတွင် အရေးပါဆုံးနှင့် အရင်းအမြစ်အကျဆုံး ဝေါဟာရ တစ်ခုပင်ဖြစ်သည်။ မိမိကိုမွေးသော ကျေးဇူးရှင်ကို 'အမိ၊ အမေ၊ မအေ၊ မိခင်၊ အမယ်'ဟု ဖော်ကျူးခြင်းဖြစ်ပြီး ဒေသအလိုက်အမိ၊ အမေကိုအမဟုလည်း ခေါ်သည်ကို တွေ့ရသည်။ မိန်းကလေး အချင်းချင်း ရင်း နှီးလာသောသဘောဖြင့် တစ်ဦးကိုတစ်ဦး အမိ၊ အမဟုလည်း ခေါ်လာသည်။ ပုဂံခေတ်၏ အစောဆုံးပေါ်တော် မူဘုရားကျောက်စာတွင် အမိ၊ အဖ၊ သားအမိ(သမီး)၊ နှမဟူ၍ ဖော်ပြထားသည်။ ထို့ပြင် ငရကျောက်စာတွင် အမိရင်းထက် နောက်ကျသူဟု အဓိပ္ပာယ်ဖော်ဆောင်ပြီး 'နှောင်းအမိ'ဟူသော အသုံးအနှုန်းကို ချစ်စဖွယ်ခေါ်ဝေါ်သည်။ ယခုခေတ်အခါ ]မိထွေး} ဖြစ်သည်။
    'အဖ'၊ 'ခမည်း' ဟူသော ဝေါဟာရသည် မိမိ ကိုမွေးသော အမိ၊ အဖတွင် ဖခင်ကိုခေါ် ခြင်းဖြစ်သည်။ ပေါ်တော်မူဘုရား ကျောက်စာတွင် အစောဆုံးတွေ့ရ သည်။ အဖ၊ အဖေ၊ ဖအေ၊ ဖေဖေ၊ မွေးသဖခင်ဟူ၍ နှစ်သက်ဖွယ် ခေါ်စမှတ်ပြုကြသည်။ မိသားစုဖွဲ့စည်းမှု၏ အရင်းအမြစ်သည် အမိအဖဖြစ်၍ ထိုကြင်ဖော်နှစ်ဦးမှ မွေးဖွားလာသူလေးများကို သားသမီးဟုခေါ်သည်။ ပုဂံ ခေတ်ကျောက်စာများအရ ကျားမ မရွေး 'သား'ဟု စတင်ခေါ်သည်။ နောင်အခါ လိင်အားဖြင့် ခွဲခြားလိုက်သော အခါ 'သား'ကို 'မိ'နှင့် ပေါင်းစပ်၍ သားအမိ၊ ထိုမှ 'သမီး'ဟု ခေါ်လာသည်။ မိခင်နို့ မစွန့်လွှတ်ရသေးသော ငယ်စွာသော ကလေးကို 'နို့စို့'ဟု ခေါ်ကာ နို့စို့အထက် ငယ်သောကလေးကို 'နို့ညှာ'ဟု ခေါ်သည်။ 
    တစ်မိသားစုတည်း၌ သားယောကျ်ားချင်း တော်စပ်ပုံကို ဖော်ပြရာ၌ ယောကျ်ားသားချင်းကို 'နောင်' ဟုသုံးနှုန်းထားပြီး သားအကြီးကို 'အငယ်က'အစ်ကိုဟု ခေါ်ပြီး၊ သားယောကျ်ားအငယ်ကို အကြီးက 'ညီ' သို့မဟုတ် 'နောင်ငယ်၊ နောင်ထွေး၊ ညီလေး၊ ညီထွေး'ဟုခေါ်သည်။ အထက်၊ အောက် ယောကျ်ားသားချင်းများ ဖွဲ့စည်းမှုကို ညီနောင်ဟုခေါ်သည်။ ထို့ပြင် ယောကျ်ားလေးက မိမိအထက် မိန်းကလေးအကြီးကို အစ်မ၊ မိမိ အောက်ငယ်သူမိန်းကလေးကို 'နှစ်မ'ဟုခေါ်သည်။ 'နှစ်'ဝေါဟာရသည် နှစ်သက်တွယ်တာအပ်သော အဓိပ္ပာယ်ဆောင်သဖြင့် ချစ်စွာသော မိန်းကလေးဟု ခေါ်ဆိုခြင်းသည် ယဉ်ကျေးလှသည်။ တစ်မိသားစုတည်း သားယော ကျ်ားလေးနှင့် သမီးမိန်းကလေးတော်စပ်မှုကို 'မောင်နှမ'ဟုခေါ်တွင်သည်။ မောင်နှင့်နှမ ချစ်ခင်တွယ်တာစေရန် ရည်ရွယ်ရင်းဖြင့် အခေါ်အသုံးမှာပင် မိသားစုတွင်း စည်းလုံးညီညွတ်မှုကို ဦးတည်ဖော်ညွှန်းတတ်သော ရှေး မြန်မာကြီးများ၏ စိတ်ဓာတ်ကို သိနိုင်ပါသည်။
    တစ်မိပေါက်သားချင်းတွင် မိန်းကလေးတစ် ဦးက သားချင်းများကို ခေါ်သောအခါ သမီးအကြီးက ငယ်သောမိန်းကလေးကို 'ညီမ'၊ ယောကျ်ားလေးကို 'မောင်'ဟု ခေါ်သည်။ 'ညီမ'ဆိုသည်မှာ မိန်းကလေးချင်း တော်စပ်မှု အသုံးစကားဖြစ်ပြီး ယောကျ်ားနှင့် မိန်းကလေးတော်စပ်မှုကို 'နှစ်မ'ဟုသာ ခေါ်သည်ကို သတိ ပြုရာသည်။ (အချိန်ကာလ ရွေ့လျောလာသည့်အခါ နှမဟု ပြောင်းလဲခေါ်ဆိုလာခဲ့ကြသည်။) မောင်တစ်ဦးထက် ပိုလာသည့်အခါ မောင်အကြီးကို'မောင်ကြီး'၊ မောင်အလတ်ကို 'မောင်လတ်'၊ မောင်အ ငယ်ကို 'မောင်ငယ်၊ မောင်ထွေး'ဟု ခေါ်ဝေါ်လေ့ရှိသည်။ အငယ်မိန်းကလေး၊ ယောကျ်ားလေးများက အကြီးမိန်းကလေး၊ ယောကျ်ားလေးတို့ကို 'အစ်ကို'၊ 'အစ်မ'ဟုခေါ်ဝေါ်သည်။ ပုဂံခေတ်တွင် အနော်ရထာ မင်းသားအား စုက္ကတေးမင်းက 'ညီသား၊ နောင်မယ်'ဟု ကျီစယ်သည့်စကားတွင် ယင်းအခေါ်အဝေါ်များ အားလုံးသည် ပုဂံခေတ်ကပင် ရှိခဲ့ပြီးဖြစ်ကြောင်း သက်သေပင် ဖြစ်သည်။ ပုဂံခေတ်မှ ယနေ့ မြန်မာ မိသားစု အဖွဲ့အစည်းသို့တိုင် သက်ဆင်း တည်မြဲလျက်ရှိသည်။
    တစ်မိတည်းဝမ်းမှ ပေါက်သူများကို တစ်အူထုံ့ဆင်း 'မောင်နှမအရင်း'ဟုခေါ်၍ အမိ၏ ညီမ၊ အစ်မ၊ အစ်ကိုအရင်း၊ အဖ၏ နှမအရင်းမှ မွေးဖွားသဖြင့် တစ်ဝမ်းသာ ကွဲသေးသောကြောင့် 'တစ်ဝမ်းကွဲ'၊ တစ်ဝမ်းကွဲမှ မွေးဖွားလျှင်၊ နှစ်ဝမ်းကွဲ စသည်ဖြင့်ခေါ်၏။ 'တစ်နို့ခြား၊ နှစ်နို့ခြား'ဟုလည်း ခေါ်သည်။ ပုဂံခေတ်ကပင် တစ်ဝမ်းကွဲ၊ နှစ်ဝမ်းကွဲ၊ တစ်နို့ခြား၊ နှစ်နို့ခြား၊ တူ၊ တူမဟူသော ဝေါဟာရအဆန်းတို့ တီထွင်ခဲ့သည်မှာ နှစ် သက်စရာပင် ဖြစ်သည်။ ထိုဝမ်းကွဲများကို အမိ၊ အဖ၏ မောင်နှမများက တူ၊ တူမ ဟူသော ဝေါဟာရအသုံးဖြင့် ခေါ်ဝေါ်သည်။ 'တူ'ဝေါဟာရသည် တူသည်၊ မျှသည်၊ တစ်မျိုးတစ်စားတည်း ဖြစ်သည်ဟု အဓိပ္ပာယ်ရရာ မိမိရင်သွေးနှင့်မခြား၊ တစ်ပြေးညီချစ်အပ်သူဟု ဆိုလိုရင်း ဖြစ်သည်။ လိင်အရ ခွဲလိုက်သော် 'တူ၊ တူမ'ဟု ညွှန်း သည်။
    ဤသို့ဖြင့် မြန်မာမိသားစုတို့သည် ခိုင်ခံ့ကျစ်လျစ်သော မေတ္တာတရား၊ လေးစားမှုနှင့် ရိုသေမှုတို့ဖြင့် နှောင်ဖွဲ့ထားသော မိသားစုတစ်စုအဖြစ် ဖွဲ့စည်းတည် ဆောက်ထားလျက် ရှိကြသည်။
(ခင်ဉာဏ)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48524

© 2022 - 2025 News. All Rights Reserved.