မြန်မာ့အရေး အာဆီယံ ရပ်တည်ချက်၊ ရွေးကောက်ပွဲနဲ့ လုံခြုံရေးမှာ ဘယ်အရာတွေက ဦးစားပေး ဖြစ်လာမလဲ

၂၀၂၅ ၊ မေ ၃၁
     ပြီးခဲ့တဲ့ မေ ၂၆ ရက်မှာ လုပ်ခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ လက်ရှိ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ယူနေတဲ့ မလေးရှား ဝန်ကြီးချုပ် ဒါတွတ်ဆရီ အန်ဝါအီဘရာဟင်မ်ပြောတဲ့ စကားတွေက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒီအစည်းအဝေးမှာ သူပြောခဲ့တဲ့ အကြောင်းအရာတွေထဲက ဒေသတွင်း နိုင်ငံတွေနဲ့သက်ဆိုင်တဲ့ အကြောင်းအရာရယ်၊ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ နှစ်ခုကို Highlight ထုတ်ပြောချင်မိတယ်။ သူအဓိက ပြောခဲ့တဲ့ ဒေသတွင်း အာဆီယံနိုင်ငံတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာထဲက တချို့ကို ကောက်နုတ်ရရင် 'ဒေသတွင်းနိုင်ငံတွေ အားလုံးပါဝင်တဲ့ အခင်းအကျင်းဖြစ်ဖို့၊ တရားဥပဒေစိုးမိုးရေးနဲ့ ပွင့်လင်းတဲ့ ကုန်သွယ်မှုတွေဟာ လက်ရှိ အာဆီယံနိုင်ငံတွေ ခံစားနေရတဲ့ ဘုံပြဿနာ ဖြစ်နေတယ်'လို့ လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့တာ တွေ့ရတယ်။ တစ်ဆက်တည်း သူ့ရဲ့ အဖွင့်မိန့်ခွန်းထဲမှာ 'လွတ်လပ်စွာ ကုန်စည်စီးဆင်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတဲ့ အခြေခံအုတ်မြစ်တွေဟာ ဖိအားပေးခြိမ်းခြောက် ခံနေရပြီ၊ တစ်နည်းအားဖြင့် ဖြိုဖျက်ခံနေရပြီ'ဆိုပြီး ပြောခဲ့တာ သတိထားမိတယ်။ မလေးရှားဝန်ကြီးချုပ်ရဲ့ ဒီပြောကြားချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အာဆီ ယံဒေသတွင်း နိုင်ငံတွေအပေါ်မှာ ကုန်စည်အခွန်တိုးမြှင့်ကောက်ခံတဲ့ကိစ္စကို သွယ်ဝိုက်ပြောကြားလိုက်တာပဲ ဖြစ်တယ်။
    ဒုတိယအချက်ကတော့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက် ငါးရပ်နဲ့ပတ်သက်ပြီး ဖြစ်ချင်တဲ့အရာတွေကို သွယ်ဝိုက်ပြောခဲ့တာမျိုးရှိတာ တွေ့ရတယ်။ ပထမဆုံးအချက်ကတော့ မြန်မာနိုင်ငံနဲ့ အာဆီယံဒေသတွင်းနိုင်ငံတွေ ထိတွေ့မှုအားကောင်းဖို့ အမြဲတမ်း အထူးသံတမန်တစ်ဦးကို သုံးနှစ်သက်တမ်းနဲ့ ခန့်အပ်ဖို့ဆိုတဲ့ အစီအမံတစ်ခုကိုချပြခဲ့တာ တွေ့ရတယ်။ ဒုတိယတစ်ချက်ကတော့ ဒီနှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်ပြုခံထိုက်တဲ့ ရွေးကောက်ပွဲ တစ်ခုဖြစ်ပေါ်ဖို့အတွက်ဆိုရင် အဖွဲ့အစည်းတွေအားလုံးပါဝင်တဲ့ အခင်းအ ကျင်းမျိုးဖြစ်ဖို့ လိုအပ် တယ်ဆိုပြီး ဖိအားပေးတာ တွေ့ရတယ်။ မလေးရှား ဝန်ကြီးချုပ်ပြောတဲ့ ဒုတိယအချက်ကတော့ ဘုံသဘောတူ ညီချက်ငါးရပ်ထဲက All Inclusive ဆိုတဲ့ အခင်းအကျင်းကို သွယ်ဝိုက် ဖိအားပေးတဲ့ ပုံစံပါပဲ။ 
    လက်ရှိ အာဆီယံက ဖိအားပေးနေတဲ့ ဘုံသဘောတူညီချက် ငါးရပ်ဆိုတာက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက် ဂျာကာတာမှာ ပြုလုပ်တဲ့အစည်းအဝေးမှာ ချမှတ်ခဲ့တာဖြစ်တယ်။ ဒီငါးရပ်ထဲက တချို့အချက်တွေဟာ လက်ရှိ နစကအစိုးရဘက်ကိုပဲ သီးသန့်ဖိအားပေး နေတာမျိုးကတော့ မဖြစ်သင့်ဘူးလို့ပဲမြင်မိတယ်။ အထူးသဖြင့် ပထမဆုံးအချက်ဖြစ်တဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူ အားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ဆိုတဲ့အချက်ဟာ လက်ရှိ NUG လက်အောက်ခံ PDF တွေအနေနဲ့ မြင်းခြံ၊ တောင်သာတစ်ဝိုက်က မြို့ကြီး ငါးမြို့မှာ စစ်ရေးတစ်ပြိုင်နက်တည်း ဖော်ဆောင်နေတာမျိုး၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်တဲ့ KIA တပ်ဖွဲ့က ဗန်းမော်မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ဖို့ ဆောင်ရွက်နေတာမျိုး၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်နဲ့ ကြေညာခြင်းခံထားရတဲ့ AA တပ်ဖွဲ့တွေဟာ NUG လက်အောက်ခံ PDF တွေနဲ့ ပူးပေါင်းပြီး မကွေးနဲ့ ဧရာဝတီ တိုင်းဒေသကြီးတွေမှာ တိုက်ပွဲဖော်ဆောင်နေတဲ့ကိစ္စတွေကို ကြည့်ရင် တပ်မတော်က စစ်ရေးဖော်ဆောင်နေတာလား၊ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေက စစ်ရေးဖော် ဆောင်နေတာလားဆိုတာ ကွဲကွဲပြားပြား မြင်နိုင်မှာဖြစ်တယ်။ တကယ်တော့ ဒီအချက်အလက်တွေကို အာဆီယံဒေသတွင်း နိုင်ငံတွေက မသိတာတော့ မဟုတ်ဘူး။ တမင်မသိချင်ဟန်ဆောင်နေကြတာသာ ဖြစ်တယ်။ ဒါကြောင့်လည်း ခုလက်ရှိ နောက်ပိုင်း ဒေသတွင်း နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ နစကဝန်ကြီးချုပ်က တခုတ်တရ ပေးနေတဲ့ Information Sheet ဟာ ဒီသတင်းမှားတွေကို ချေဖျက်ဖို့ ကြိုးစားတာလို့ပဲ မြင်မိတယ်။ အထူးသဖြင့်တော့ မဲခေါင်-လျန်ချန်း အစည်းအဝေးနဲ့ မော်စကို ခရီးစဉ်တွေမှာ ဒီစာအုပ်တွေကို ကိုယ်တိုင်ကိုယ်ကျ ပေးခဲ့တဲ့ သတင်းဓာတ်ပုံ မြင်ကွင်းတွေ ခပ်စိတ်စိတ် တွေ့မြင်နေခဲ့ရတယ်။ 
    အာဆီယံဒေသတွင်းနိုင်ငံတွေက တောင်းဆိုတဲ့ ဘုံသဘောတူညီချက် ငါးရပ်ထဲက အားလုံး ပါဝင်တဲ့ အခင်းအကျင်း ဖြစ်ဖို့ဆိုတာ တစ်ဖက်အဖွဲ့အစည်းက ဥပဒေမဲ့ လူသတ်၊ အကြမ်းဖက်တာတွေ လုပ်မထားရင်တော့ တစ်မျိုးပေါ့။ ခုဟာက NUG အဖွဲ့အစည်းကိုယ်တိုင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဆို တဲ့ PDF တွေကို တရားဝင် ထူထောင်ပြီး နိုင်ငံပိုင် အဆောက်အအုံတွေနဲ့ လမ်း/တံတားတွေကို ဖျက်ဆီးတာ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို ဒလန်ဆိုတဲ့ခေါင်းစဉ်မျိုးနဲ့ အကြောင်းမဲ့ အကြမ်းဖက် သတ်ဖြတ်နေတာတွေကို  လျစ်လျူရှုပြီး နိုင်ငံရေး အဝန်းအဝိုင်းထဲ ပြန်ထည့်ဖို့ဆိုတာ (ဖြစ်နိုင်ပေမယ့်) အတော်လေး မလွယ်လှတဲ့ကိစ္စလို့ မြင်မိတယ်။ ဒီနေရာမှာ ထင်ရှားတဲ့ ဥပမာတစ်ခု ထောက်ပြမယ်။ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒ တိမ်းညွှတ်မှုများနဲ့ သရုပ်ခွဲ ဆန်းစစ်သုံးသပ်‌ရေးစင်တာ (Global Terrorism Trends and Analysis Center - GTTAC) အဖွဲ့က အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြမ်း ဖက်ဝါဒ တန်ပြန် တိုက်ဖျက်ရေးဗျူရို (BCT)ကို  တင်သွင်းထားတဲ့ သီးသန့်စာရင်းအင်း သတင်းအချက်အလက်များ (Annex of Statistical Information) ဆိုတဲ့ အစီရင်ခံစာမှာ 'မြန်မာနိုင်ငံက ၂၀၂၂ ခုနှစ် မှာ အကြမ်းဖက်တိုက်ခိုက်ခံရမှု စုစုပေါင်း ၃၉၁ ကြိမ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၁၃၀  သေဆုံးခဲ့ရတယ်။ အကြမ်းဖက်တိုက်ခိုက်မှုရဲ့ ရာခိုင်နှုန်း ၅၀ ကို PDF လက်နက်ကိုင်တွေက ကျူးလွန်ပြီး၊ ချင်း လက်နက်ကိုင် တပ်ဖွဲ့နဲ့ ကရင်နီ လက်နက်ကိုင်အဖွဲ့ (KNDF) အဖွဲ့က ၇ ရာခိုင်နှုန်းစီ ကျူးလွန်ခဲ့တယ်} လို့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ဖူးတယ်။ ဆိုတော့ ကမ္ဘာလုံးဆိုင် ရာထုတ်ပြန်ခဲ့တဲ့ ဒီအချက်အလက် ကိန်း ဂဏန်းတွေကို ဒေသတွင်း အာဆီယံနိုင်ငံတွေအနေနဲ့ တမင်မသိတာမျိုး မဖြစ်နိုင်ဘူးလို့ပဲ ကောက်ချက်ချရမှာပါ။ ဒီတော့ အဖြေက ရှင်းပါတယ်။ အာဆီယံနိုင်ငံတွေထဲက တချို့ဟာ နစက အစိုးရကို ဖိအားပေးဖို့၊ နစကအစိုးရ ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲကို တရားမဝင်တဲ့ ပုံစံဖြစ်အောင် ကြိုတင် ကောက်ကြောင်းပေးနေတယ်လို့ပဲ ယူဆရမှာ ဖြစ်တယ်။
    တကယ်တော့ နစက အစိုးရဆီမှာလည်း မပြေးသော်လည်း ကံရာရှိဆိုသလို မတူညီတဲ့ နိုင်ငံရေးလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လက်နက်ကိုင် ဆန့်ကျင်မှုတွေကို ခါးစည်းခံနေရတာ တွေ့ရမှာ ဖြစ်တယ်။ တစ်ဖက်က ဒီမိုကရေစီအရေး အကြောင်းပြပြီး အာဏာလက်လွှဲယူချင်တဲ့ NUG ဆိုတဲ့ အဖွဲ့အစည်းရယ်၊ တစ်ဖက်မှာလည်း ဖက်ဒရယ်ခေါင်းစဉ်တပ်ပြီး နိုင်ငံရေးအရ အားနည်း နေချိန်မှာ အချိန်ကိုက် စစ်ရေးဖော်ဆောင်ပြီး နယ်မြေထပ်တိုး ရယူလိုတဲ့ (ဒါမှမဟုတ်) တိုင်းရင်းသား လက်နက်ကိုင်တွေက ဖွဲ့စည်းပုံအရ သွေဖည်တဲ့ နည်းလမ်းတွေသုံးပြီး ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းမယ့် အခင်းအကျင်းကိုလည်း ကြုံနေကြရတာ ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြီးခဲ့တဲ့အပတ်က ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ထဲမှာ လွှတ်တော်တွေ အထမြောက်နိုင်မယ့် ခြေ/ဥ ပေးထားချက်တွေက ဒီရွေးကောက်ပွဲအတွက် အသက်ဖြစ်လာပါလိမ့်မယ်။ ဖွဲ့စည်းပုံရဲ့ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေ အထမြောက်နိုင်မယ့် ပုဒ်မ ၈၅၊ ပုဒ်မ ၁၂၈ နဲ့ ၁၅၅ အရ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိနေတဲ့ အနေအထားမှာ ဘယ်နည်းနဲ့မဆို အထမြောက်နိုင်မယ့် အခင်းအကျင်းမျိုး တွေ့နေရတယ်။ ဒါ့အပြင် ရွေး/ကော်က အသုံးပြုလာမယ့် ရွေးကောက်ပွဲစနစ် ပြောင်းလဲအသုံးပြုမှုကလည်း တိုင်းရင်းသားဒေသတွေကို ကိုယ်စားပြုမယ့် ပါတီငယ်တွေအတွက် နေရာရနိုင်ဖွယ်ရှိလို့ တစ်ပါတီတည်း ကြီးစိုးတဲ့ လွှတ်တော်ကို လည်း ရှောင်ရှားနိုင်ဖွယ် ရှိတယ်လို့လည်း သုံးသပ်ရမယ်။ 
    ဒေသတွင်း အာဆီယံနိုင်ငံတွေနဲ့ပတ်သက်ရင် အပစ်အခတ်ရပ်စဲမှု သက်တမ်းတိုးရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်အရာ အကူအညီပေးရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေပဲ မလွဲမသွေ ချဉ်းကပ်လာကြမှာပါပဲ။ ဒီနေရာမှာ အစိုးရဘက်က ကြည့်ရင် NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ဖြစ်စဉ်နှစ်ခုမှာ ဘယ်အရာက ချဉ်းကပ်ဖြေရှင်းလို့ ပိုလွယ်မလဲဆိုတာ မျိုးနဲ့ နှိုင်းယှဉ် သုံးသပ်ရလိမ့်မယ်လို့ ယူဆမိတယ်။ NUG ဘက်ကကြည့်ရင် လာမယ့် ရွေးကောက်ပွဲအထမြောက်မှုဟာ သူတို့အတွက် နိုင်ငံရေးအရ ကျရှုံးမှု ဖြစ်စေနိုင်တာမို့ ရွေးကောက်ပွဲ မအောင်မြင် အောင် မဖြစ်မနေ အဖျက်အမှောင့်တွေ လုပ်လာကြမှာပါပဲ။ တစ်ဖက်က EAO တွေကလည်း နစက အစိုးရအနေနဲ့ ရွေးကောက်ပွဲ အထမြောက်ဖို့ကို အားစိုက်မှာဖြစ်လို့ လုံခြုံရေးအားနည်းမှုတွေကို အခွင့်ကောင်းယူပြီး နယ်စပ်စခန်းငယ်တွေကို တိုးမြှင့်သိမ်းပိုက်ရယူမှာ မလွဲမုချလို့ တွေးထားလို့ရတယ်။ ဒါမှသာ နောက်တက်လာမယ့် အစိုးရလက်ထက်မှာ ဒီနယ်မြေတွေကို ဖက်ဒရယ်ခေါင်း စဉ်တပ်ပြီး အတိုးအလျှော့၊ အပေးအယူကစားနိုင်ဖို့ ကြိုးစားလာကြလိမ့်မယ်။ ဒါ့ကြောင့်လည်း ဒီကနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ဘယ်တိုင်းရင်းသားလက်နက်ကိုင်တွေကမှ အစိုးရ  ဖိတ်ခေါ်ထားတဲ့ နိုင်ငံရေးစကားဝိုင်းကို ရောက်မလာဘဲ စစ်ရေးတိုးမြှင့်ဖော်ဆောင်နေတဲ့အချက်ကို ထင်ထင်ရှားရှား တွေ့နိုင်တယ်။ 
    အချုပ်ဆိုရရင်တော့ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ရွေးကောက်ပွဲက ပထမဆိုပေ မယ့်လည်း ဒေသတွင်းလုံခြုံရေးနဲ့ နိုင်ငံတော်လုံခြုံရေးက ပိုပြီးအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာ ထင်ထင်ရှားရှား တွေ့ပါလိမ့်မယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ ရှမ်းပြည် နယ်(အရှေ့ပိုင်း) ခရီးစဉ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က 'တပ်မတော်အနေနဲ့ တာဝန်ယူထားရတဲ့ နယ်မြေတွေမှာ စစ်ဆင်ရေး၊ လုံခြုံရေးနဲ့ နယ် မြေစိုးမိုးရေးလုပ်ငန်းစဉ်တွေကို အောင်မြင်အောင် လုပ်ကြဖို့လိုတယ်'ဆိုပြီး အလေးအနက်ထားမှာကြားသွားခဲ့ တာဖြစ်တယ်။ ဒါက တစ်နည်းအားဖြင့် ရွေးကောက်ပွဲ အထမြောက် အောင်မြင်ဖို့အတွက် ဘယ်မြို့နယ်၊ ဘယ်ကျေးရွာတွေဟာ လုံခြုံရေးအရ အာမခံ ပေးနိုင်ပါတယ်ဆိုတဲ့ အစီရင်ခံစာမျိုးထွက်နိုင်အောင် ကြိုပြင်ထားကြဖို့ လိုတယ်ဆိုတာကို မီးမောင်း ထိုးပြလိုက်တာ ဖြစ်တယ်။ နောက်ဆုံး အရေးကြီးတဲ့ အချက်ကတော့အပေါ်မှာ ဆိုခဲ့သလို နိုင်ငံရေး လားရာမတူတဲ့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ ဆုံးဖြတ်ချက် ကသာ ရွေးကောက်ပွဲအောင်မြင်ဖို့အတွက် အထောက်အကူပြုလိမ့်မယ်လို့ ယူဆရတယ်။ ဒီလိုကိုင် တွယ်တဲ့နေရာမှာလည်း နိုင်ငံရေးစကားဝိုင်းသီးသန့်တင် မဟုတ်ဘဲ စစ်ရေးနဲ့ သံတမန် နည်းလမ်းတွေနဲ့ပါ ဖိအားပေးနိုင်ရင်တော့ အကောင်းဆုံးလို့ ယူဆမိတယ်။  သေချာတာကတော့ သွေးမထွက်တဲ့ နိုင်ငံရေးနည်းလမ်းကို ကျင့်သုံးဖို့ နည်းမျိုးစုံတော့ သုံးရပါလိမ့်မယ်။ မဟုတ်ရင် နယ်မြေထပ်တိုးသိမ်း ပိုက်လိုတဲ့ တိုင်းရင်းသားလက် နက်ကိုင်တွေရဲ့ ရည်မှန်းချက်တွေ၊ ရွေးကောက်ပွဲ မဖြစ်အောင် ကြိုးပမ်းအားထုတ်မယ့် NUG ရဲ့ အစီအမံတွေ အောက်မှာ နစကရဲ့ ရှေ့လုပ်ငန်းစဉ်ငါးရပ်ထဲက လွတ်လပ်ပြီး တရားမျှတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ဆိုတဲ့ စီမံချက်ဟာ အဟန့်အတားတွေ ဖြစ်လာပါလိမ့်မယ်။ (နရီမိုး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 10

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44772

© 2022 - 2025 News. All Rights Reserved.