ယူနွတ်စ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ဘာကြောင့် ရုန်းကန်နေရသလဲ

၂၀၂၅ ၊ မေ ၃၀

    ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ရဲ့ အကြီးအကဲ မူဟာမက်ယူနွတ်စ်ဟာ ရာထူးက နုတ်ထွက်တော့မယ်ဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အတော်လေး ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါတယ်။ ဒီစကားကို ယူနွတ်စ်ကိုယ်တိုင်က ပြောခဲ့တာ မဟုတ်ဘဲ သူ့ရဲ့ အတွင်းစည်းထဲက နိုင်ငံရေးမဟာမိတ်တွေက သတိပေး ခြိမ်းခြောက်မှုဆန်ဆန် ပြောဆိုခဲ့ကြတာပါ။ တင်းမာမှုတွေ၊ အငြင်းပွားမှုတွေနဲ့ ဒယီးဒယိုင်ဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးရပ်ဝန်းမှာ ယာယီအစိုးရခေါင်းဆောင် ယူနွတ်စ်ကသာ နုတ်ထွက်သွားမယ်ဆိုရင် အခြေအနေတွေ ပိုဆိုးသွားမယ်ဆိုတာ ခက်ခက်ခဲခဲ တွေးကြည့်နေဖို့တောင် မလိုပါဘူး။
    မေ ၂၅ ရက်မှာတော့ ယူနွတ်စ်ရဲ့ စီမံကိန်းရေးရာ အကြံပေးအရာရှိ ဝါဟီဒူဒင် မာမွတ်က ယူနွတ်စ်ဟာ ရာထူးက နုတ်ထွက်ဖို့ စီစဉ်နေပြီဆိုတဲ့ သတင်းတွေကို ပယ်ချသွားခဲ့ပါတယ်။ ပြီးတော့ နုတ်ထွက်မယ့်အကြောင်းကို ယူနွတ်စ်ကိုယ်တိုင် ပါးစပ်ကထုတ်ပြောတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးလို့လည်း မာမွတ်က ပြောပါတယ်။ အတားအဆီးတွေ အများကြီး ရှိနေပေမယ့်လည်း အဲဒီစိန်ခေါ်မှုတွေကို ကျော်လွှားရင်း ယူနွတ်စ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရဟာ ပြည်သူတွေက ယုံကြည် အပ်နှင်းထားတဲ့ တာဝန်တွေကို ကျေကျေပွန်ပွန် ဆက်လက် ထမ်းဆောင်သွားမယ်လို့ မာမွတ်က အာမခံခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရဟာ နိုင်ငံရေးပါတီတွေနဲ့ ညှိနှိုင်းမှုတွေကိုလည်း လုပ်ဆောင်နေပြီး ကွဲပြားတဲ့ အင်အားစုတွေဆီက ထောက်ခံမှုတွေကို ရယူနိုင်ဖို့ ကြိုးစားနေပါတယ်။ 
    ယူနွတ်စ်က နုတ်ထွက်မှာမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်အစိုးရကို ဆက်လက် ဦးဆောင်မယ်လို့ အတည်ပြု ကြေညာခဲ့ပေမယ့် သူ့ရဲ့အစိုးရဟာ ဘက်ပေါင်းစုံအကျပ်အတည်းတွေနဲ့ ရုန်းကန်နေရတယ်ဆိုတဲ့ အရှိတရားကတော့ ပြောင်းလဲမသွားပါဘူး။ ပြီးခဲ့တဲ့နှစ်က ဘင်္ဂလားဒေ့ရှ်မှာ တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုအုံကြွမှုကြီးကြောင့် ဝန်ကြီးချုပ်(ဟောင်း) ရှိတ်ခ်ဟာဆီနာရဲ့ အစိုးရ ပြုတ်ကျသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တက္ကသိုလ်ကျောင်းသားတွေရဲ့ တောင်းဆိုမှုကို လက်ခံပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်၊ ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးလည်းဖြစ်တဲ့ အသက် (၈၄) နှစ်အရွယ် ယူနွတ်စ်ဟာ ရွေးကောက်ပွဲ အသစ်တွေ မကျင်းပသေးခင် ကြားကာလ ဘင်္ဂလားဒေ့ရှ် အစိုးရကို ဦးဆောင်ခဲ့ပါတယ်။ ပြည်တွင်းမှာ အများလေးစားခံရပြီး ကောင်းသတင်းနဲ့ ကျော်ကြားခဲ့သူ တစ်ဦးဖြစ်တဲ့ ယူနွတ်စ်ရဲ့ ခေါင်းဆောင်မှုအပေါ် အများစုက မျှော်လင့်တကြီး စောင့်ကြည့်ခဲ့ပေမယ့် လောလောဆယ်တော့ သူ့ရဲ့အစိုးရဟာ နိုင်ငံအာဏာကို တာဝန်ယူ အုပ်ချုပ်နေတဲ့ သက်တမ်းတစ်လျှောက် အခက်ခဲဆုံးကာလတွေကို ရုန်းကန် ဖြတ်သန်းနေရပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ ရှုပ်ထွေးတဲ့ နိုင်ငံရေးနဲ့ လူမှုရေး နောက်ခံအခြေအနေတွေ၊ ပြည်ပနိုင်ငံကြီးတွေရဲ့ အားပြိုင်မှုတွေ၊ ယူနွတ်စ်ကိုယ်တိုင်ရဲ့ အန္တရာယ်များတဲ့ မူဝါဒရေးရာ ဆုံးဖြတ်ချက်တွေဟာ လက်ရှိ မတည်ငြိမ်မှုတွေရဲ့ အခြေခံအကျဆုံး အကြောင်းတရားတွေလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ယူနွတ်စ်နဲ့ နိုင်ငံရေးပါတီများ
    ဘင်္ဂလားဒေ့ရှ်ကို ဝန်ကြီးချုပ်အဖြစ် ၁၅ နှစ် လောက် တာဝန်ယူအုပ်ချုပ်ခဲ့တဲ့ ဟာဆီနာရဲ့ ကြီးစိုးမှုဟာ ပြီးခဲ့တဲ့နှစ် သြဂုတ် ၅ ရက်တုန်းက အိန္ဒိယကို ထွက်ပြေးတိမ်းရှောင်သွားချိန်မှာ အဆုံးသတ်သွားပါတယ်။ ဟာဆီနာ ဦးဆောင်ခဲ့တဲ့ အေဝါမီအဖွဲ့ချုပ် (AL) ပါတီဟာလည်း အခုအခါမှာတော့ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကနေ တားမြစ်ပိတ်ပင်ခံရမယ့် အခြေအနေမျိုး ဖြစ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ အင်အားအတောင့်တင်းဆုံး ပါတီတစ်ခုဖြစ်တဲ့ AL သာ မပါရတော့ဘူးဆိုရင် လာမယ့်ရွေးကောက်ပွဲမှာ ပိုပြီး ဘက်မျှတဲ့ပြိုင်ဆိုင်မှုတွေကို မြင်လာရနိုင်ခြေ ရှိနေပါတယ်။ ဒါပေမဲ့ ပြဿနာက ရွေးကောက်ပွဲကျင်းပမယ့်အချိန်ပါ။ အဲဒီကိစ္စကပဲ ယာယီအစိုးရနဲ့ နိုင်ငံရေးပါတီတွေကြား အမြင်ကွဲလွဲမှုတွေ ပေါ်ပေါက်စေတဲ့ အဓိကအကြောင်း တရားဖြစ်လာခဲ့ပါတယ်။
    AL ကို ဖယ်ထားလိုက်မယ်ဆိုရင် အရင်က အဓိက အတိုက်အခံပါတီဖြစ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ဟာ ရွေးကောက် ပွဲအတွက် ရေပန်းအစားဆုံး ဖြစ်လာပါတယ်။ BNP နဲ့ တချို့သော ပါတီတွေက ၂၀၂၅ နှစ်ကုန်ပိုင်းကျရင် ရွေးကောက်ပွဲ ကျင်းပပေးဖို့ ယူနွတ်စ်ရဲ့ ယာယီအစိုးရကို ဖိအားပေး တောင်းဆိုနေတယ်။ အဲဒီလို ရွေးကောက်ပွဲကျင်းပပေးဖို့ အတွက်လည်း လမ်းပြမြေပုံတစ်ရပ် ရေးဆွဲထုတ်ပြန်ပေးဖို့ BNP က ယူနွတ်စ်ကို တိုက်တွန်းထားတယ်။ ဒါတင်မကသေးဘဲ ယာယီအစိုးရအဖွဲ့ထဲမှာ ဆန္ဒပြကျောင်းသားခေါင်းဆောင်တွေ ပါဝင်နေတဲ့အပေါ် BNP က ကန့်ကွက်ပြီး ကျောင်းသားခေါင်းဆောင် နှစ်ယောက်ကို အစိုးရအဖွဲ့ထဲကနေ ထုတ်ပယ်ပေးဖို့ ဆန္ဒပြခဲ့ပါတယ်။ ယူနွတ်စ်တော့ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲရေး အစီအမံတွေ ရေးဆွဲမှု မပြီးမချင်း ရွေးကောက်ပွဲ မကျင်းပသင့်သေးဘူးလို့ပြောပြီး ၂၀၂၆ နှစ်လယ်လောက်ထိ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ မရှိသေးဘူးလို့ ပြောထားပါတယ်။ ဒီတော့ ယူနွတ်စ်နဲ့ BNP ကြားမှာ သဘောထားကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေပြီး BNP က အစိုးရကို တိုက်ရိုက်ကျကျ စိန်ခေါ်ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေကို အစပြုလာပါတယ်။
    တခြားတစ်ဖက်မှာတော့ ဟာဆီနာ အစိုးရပြုတ်ကျပြီး နောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ် တက္ကသိုလ် ကျောင်းသားတွေ စုပေါင်းဖွဲ့စည်းခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများပါတီ (BCP)နဲ့ အစုအဖွဲ့ တချို့က ပြုပြင်ပြောင်းလဲရေးတွေ အကောင်အထည်မဖော်ခင် ရွေးကောက်ပွဲ မကျင်းပသင့်ဘူးဆိုတဲ့ ယူနွတ်စ်ရဲ့ သဘောထားကို ထောက်ခံတယ်။ နောက်ပြီး လူထုအုံကြွမှု ကာလအတွင်း အင်အားသုံး ဖြိုခွင်းမှု တွေရှိခဲ့တဲ့ AL ခေါင်း ဆောင်တွေကို အရေးယူ တရားစွဲဆိုတာတွေကိုလည်း ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြီးပြတ်အောင် လုပ်သင့်တယ်လို့ BCP က ဆိုတယ်။ 
    ယူနွတ်စ်က ရာထူးကနေ နုတ်ထွက်ဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာဟာ အစိုးရကို BNP ရဲ့ ဆန္ဒပြမှုတွေ အရှိန်ရလာတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ တစ်နည်းအားဖြင့် ယူနွတ်စ်ဟာ BNP ရဲ့ ခြေလှမ်းတွေကို ဟန့်ဖို့အတွက် ရာထူးကနေ သူနုတ်ထွက်နိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးကို သတင်းလွှင့်ခဲ့ပုံပါပဲ။

ယူနွတ်စ်နဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်
    ယူနွတ်စ်ဟာ ဘင်္ဂလားဒေ့ရှ် စစ်တပ်နဲ့လည်း သဘောထားကွဲလွဲမှုတွေ ရှိနေပြီး အထူးသဖြင့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဝါကာအူဇာမန်နဲ့ ဆက်ဆံရေးက သိသိသာသာ အေးစက်နေပါတယ်။ ယူနွတ်စ်ရဲ့ ယာယီအစိုးရဟာ စစ်တပ်ရဲ့ခေါင်းဆောင်တွေနဲ့ ပုံမှန်အစိုးရအဖွဲ့ အစည်းအဝေးတွေ ပြုလုပ်နေကြ၊ ဆွေးနွေးနေကြပေမယ့် အကြောင်းသိတွေကတော့ နှစ်ဖက်ကြား ဆက်ဆံရေးဟာ စစ်ရေးတိုက်ပွဲလို ဖြစ်နေတယ်လို့ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ လူထုအုံကြွမှုတွေ ဖြစ်ပေါပြီးတဲ့နောက် နိုင်ငံရဲ့လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ မြို့ရွာတွေထဲမှာ ဖြန့်ကြက်ထားရပါတယ်။ စစ်တပ်က နိုင်ငံရဲ့လုံခြုံရေးတာဝန်ကို ရယူရတာဟာ ဓမ္မတာပဲဖြစ်ပြီး ဗိုလ်ချုပ်ကြီး ဝါကာရဲ့ သဘောအရတော့ ရွေးကောက်ပွဲ ကျင်းပပြီးချိန်၊ ခိုင်မာတဲ့ အစိုးရတစ်ရပ် ပေါ်ထွန်းလာတဲ့အခါ စစ်တပ်ရဲ့ လက်ရှိလုံခြုံရေး ဖြန့်ကြက်မှုတွေကို ရုပ်သိမ်းပြီး စစ်တန်းလျား ပြန်သွားဖို့ စဉ်းစားထားပါတယ်။
    ဒါပေမဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ နှောင့်နှေးနေတဲ့အခါ စစ်တပ်ဟာ လုံခြုံရေး ဖြန့်ကြက်ထားမှုကို နည်းမှန်လမ်းမှန် ရုပ်သိမ်းလို့ မရပါဘူး။ ယူနွတ်စ်ရဲ့ အစိုးရက ဘင်္ဂလားဒေ့ရှ်မှာ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ ပုံမှန်လည်ပတ်နေပြီ ဖြစ်တဲ့အတွက် စစ်တပ်ရဲ့ လုံခြုံရေး ဖြန့်ကြက်မှုကို ဆက်ပြီး မလိုအပ်တော့ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အမြဲတမ်းအစိုးရတစ်ရပ် မရှိသေးတဲ့ကာလမျိုးမှာ စစ်တပ်က လုံခြုံရေးယူထားဖို့ တာဝန်ရှိနေပြီး အဲဒါကို ပြောင်းလဲဖို့ဆိုရင် ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့လိုကြောင်း ဗိုလ်ချုပ် ကြီး ဝါကာက ယူနွတ်စ်ကို အသိပေးထားပါတယ်။ယူနွတ်စ်ကတော့ အဲဒီသဘောထားဟာ ဗိုလ်ချုပ်ကြီး ဝါကာက BNP အပါအဝင် အတိုက်အခံတွေဘက် ယိမ်းတာလို့ ယူဆတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေက ယူနွတ်စ်ဟာ ဗိုလ်ချုပ်ကြီး ဝါကာကို ဖြုတ်ချဖယ်ရှားဖို့တောင် ကြံစည်အားထုတ်နေကြောင်း ဖော်ပြကြပါတယ်။ ဒါပေမဲ့ ရွေးကောက်ခံ နိုင်ငံ့ခေါင်းဆောင် မဟုတ်တဲ့ ယူနွတ်စ်မှာ တကယ်တမ်း အဲဒီလောက်ထိ အားကောင်းတဲ့ လုပ်ပိုင်ခွင့်ရော၊ သင့်တော်တဲ့ အကြောင်းပြချက်ရော မရှိပါဘူး။ နိုင်ငံရဲ့ အားကောင်းတဲ့ အဓိက ကျောထောက်နောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ စစ်တပ်နဲ့ သင့်မြတ်ရမယ့်အစား ပဋိပက္ခဖြစ်နေတာဟာ ယူနွတ်စ်ရဲ့ ယာယီအစိုးရကို နိုင်ငံရေးအရ ပိုပြီး အားနည်းလာစေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ယူနွတ်စ်နဲ့ အိန္ဒိယအစိုးရ
    ရူးမိုက်တယ်ပဲ ပြောရမလား၊ သတ္တိကောင်းတယ်ပဲ ဆိုရမလား။ ယူနွတ်စ်ဟာ ဘင်္ဂလားဒေ့ရှ် အစိုးရအဆက်ဆက် ကျင့်သုံးခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒ တစ်ရပ်ကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် ပြောင်းလဲခဲ့ပါတယ်။ မတ်လတုန်းက ယူနွတ်စ်က တရုတ်နိုင်ငံ ဘေဂျင်းမြို့ တော်မှာ လေယာဉ်ပေါ်က ဆင်းလာတဲ့အခါ သူ့ကို အိမ်ရှင်နိုင်ငံက ကော်ဇောနီခင်းပြီး တခမ်းတနား ကြိုဆိုခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ ယူနွတ်စ်အနေနဲ့ အစဉ်အလာတွေကို ချိုးဖျက်လိုက်ရုံသာမကဘဲ ဒေသတွင်း စူပါပါဝါ နိုင်ငံကြီး နှစ်ခုကြားက အားပြိုင်ပွဲထဲကို မျက်စိစုံမှိတ်ပြီး ခုန်ချလိုက်တဲ့ အဓိပ္ပာယ်လည်း ဖြစ်လာပါတယ်။
    ပုံမှန်အားဖြင့် ဘင်္ဂလားဒေ့ရှ်မှာ ခေါင်းဆောင်သစ်တစ်ဦး အာဏာရလာတိုင်း အိမ်နီးချင်း အင်အားကြီး နိုင်ငံဖြစ်တဲ့ အိန္ဒိယဆီ အရင်ဆုံး သွားရောက်လေ့ ရှိပါတယ်။ နောက်ပြီး တရုတ်၊ အိန္ဒိယတို့နဲ့ ဆက်ဆံရေးမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တွေဟာ အတတ်နိုင်ဆုံး ဟန်ချက်ညီညီနဲ့ ကြိုးတန်းလမ်းလျှောက်ဖို့ အားထုတ်လေ့ရှိကြတယ်။ ဒါပေမဲ့ သူ့ရဲ့ မဟာဗျူဟာ ပြည်ပခရီးစဉ် အဖြစ် တရုတ်ကို ဦးဆုံးရွေးချယ်လိုက်တာဟာ ယူနွတ်စ်က အိန္ဒိယကို အတိအလင်း အာခံပြလိုက်တဲ့ သဘောပါပဲ။ သူ့ဘက်က ကြည့်ရင်လည်း အိန္ဒိယဟာ ဟာဆီနာကို ခိုလှုံခွင့်ပေးထားပြီး ဟာဆီနာနဲ့ AL ကို အားပေး ထောက်ခံနေတယ်လို့ ယူဆပြီး မျက်မုန်းကျိုးနေတာ ဖြစ်နိုင်ပါတယ်။
    ဒါပေမဲ့ တရုတ်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ကတော့ သူ့အနေနဲ့ လွန်လွန်ကဲကဲကြီး ပုံအောပြီး လောင်းကြေးထပ်ရာ ရောက်နေပါတယ်။ အဲဒီခရီးစဉ်အပြီးမှာ အိန္ဒိယဟာ ယူနွတ်စ်ရဲ့အစိုးရကို ချိန်ကိုက်ဗုံး တစ်လုံးလို သေချာပေါက် ရှုမြင်လာမှာပါ။ ဘင်္ဂလားဒေ့ရှ်ဟာ ပထဝီဝင်နိုင်ငံရေးအရ အိန္ဒိယရဲ့ လုံခြုံရေးနဲ့ မဟာဗျူဟာ အစီအမံတွေအတွက် အရမ်းအရေးကြီးတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း တရုတ်က ရလာတဲ့အခွင့်အရေးကို လက်လွတ်မခံခဲ့ပါဘူး။ တရုတ်အစိုးရဟာ ဘင်္ဂလားဒေ့ရှ်အတွက် ထောက်ပံ့ကြေးတွေ၊ ချေးငွေတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ စုစုပေါင်း ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံဖိုးလောက် ကူညီပေးမယ်လို့ ယူနွတ်စ်ကို ကတိပြုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယအတွက် လုံခြုံရေးရှုထောင့်ကနေ အရေးပါတယ်ဆိုရင် တရုတ်အတွက်တော့ ရပ်ဝန်းနဲ့လမ်းကြောင်း အခြေခံအဆောက်အအုံ စီမံကိန်း (BRI) အတွက် အင်မတန် အချက်အချာကျတဲ့ နိုင်ငံတစ်ခု ဖြစ်နေပါ တယ်။ ယူနွတ်စ်ရဲ့ ခရီးစဉ်အတွက် တရုတ်ဟာ အကြီးအကျယ် အမြတ်ထွက်ခဲ့ တာတစ်ခုကတော့ ဘင်္ဂလားဒေ့ရှ်ရဲ့ ဒုတိယအကြီးဆုံး ပင်လယ်ဆိပ်ကမ်းဖြစ်တဲ့ မုံဂလာဆိပ်ကမ်းမှာ ဒေါ်လာ သန်း ၄၀၀ တန် မွမ်းမံအဆင့်မြှင့် တည် ဆောက်မှု ပရောဂျက်အတွက် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရနဲ့ သဘောတူညီမှု ရခဲ့ခြင်းပဲ ဖြစ်ပါတယ်။
    လွယ်လွယ်ပြောရရင် ယူနွတ်စ်ရဲ့ ဘေဂျင်းခရီးစဉ်အတွင်း အိန္ဒိယအခက်၊ တရုတ်အချက် ဆိုတာမျိုး ဖြစ်ခဲ့ပါတယ်။ ဒီနေရာမှာ ယူနွတ်စ်ရွေးချယ်တဲ့ လမ်းကြောင်းဟာ မှန်တယ်၊ မှားတယ် ဆိုတာကို ပြောဖို့ စောလွန်းနေသေးပေမယ့် စူပါပါဝါ နှစ်နိုင်ငံကြားမှာ ဟန်ချက်ညီအောင် ထိန်းသိမ်း ဆက်ဆံမယ့်အစား တစ်ဖက်ကို အလေးပေးလိုက်တဲ့သဘောထားကတော့ တော်တော်လေး အန္တရာယ် ကြီးပါတယ်။ ယူနွတ်စ်ကိုယ်တိုင်က ဘင်္ဂလားဒေ့ရှ်-တရုတ် ဆက်ဆံရေးဟာ ခေတ်သစ်တစ်ခုဆီ ကူးပြောင်းဝင်ရောက်နိုင်ခဲ့ပြီလို့ ကြွေးကြော်ခဲ့ပါတယ်။ ဒီအခြေ အနေမှာ ဒေလီမြို့တော်က အိန္ဒိယအစိုးရ အရာရှိတွေဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နေရာအတွက် ဟာဆီနာ၊ ဒါမှမဟုတ် အိန္ဒိယနဲ့ နီးစပ်သူ တစ်ယောက်ယောက်ကို လိုလားနေမှာ၊ အဲဒီအတွက်လည်း နောက်ကွယ်ကနေ အားထုတ်နေမှာ သံသယရှိစရာ မလိုပါဘူး။

ယူနွတ်စ်ရဲ့ အစိုးရ တည်မြဲနေဦးမလား
    ယူနွတ်စ်ဟာ ရာထူးက နုတ်ထွက်ဖို့ ပြင်ဆင်နေပြီဆိုတဲ့ သတင်းတွေကို သူ့ရဲ့အကြံပေးအရာ ရှိကိုယ်တိုင်က ငြင်းဆိုခဲ့ပေမယ့် သို့လောသို့လော တွေးစရာတွေက ဆက်ပြီးတည်ရှိနေပါလိမ့်မယ်။ ယူနွတ်စ်ဟာ အစိုးရတစ်ရပ်ကို ဦးဆောင်နိုင်တဲ့ အုပ်ချုပ်ရေး အတွေ့အကြုံကင်းမဲ့ပြီး နိုင်ငံရဲ့ အခက်ခဲဆုံးကာလတစ်ခုမှာ ဘင်္ဂလားဒေ့ရှ်ကို လမ်းမှန်တစ်ခုဆီ ပဲ့ကိုင်ပေးဖို့ တာဝန်ပေးအပ်ခံရတဲ့အခါ သူ့အတွက် ဖိအားတွေအများကြီး ရှိမှာကိုတော့ စာနာပေးလို့ ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့မူဝါဒရေးရာ ရွေးချယ်မှုတွေ၊ ကိုင်တွယ်ပုံတွေမှာလည်း အငြင်းပွားစရာတွေ၊ နားလည်ရခက်တာတွေ အများကြီး ရှိနေပြန်ပါတယ်။ လာမယ့်လပိုင်းတွေထိ သူဟာ ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ကို ဆက်လက်ခေါင်း ဆောင်နေ မှာလားဆိုတာကို တိတိကျကျ ခန့်မှန်းဖို့ခက်ပေမယ့် သူဦးဆောင်တဲ့ အစိုးရရဲ့ ရုန်းကန်ရမှုတွေဟာ လက်ရှိထက် ပိုခက်ခဲလာရင်လည်း မထူးဆန်းတဲ့ အခြေအနေလို့ပဲ သုံးသပ်ရမှာ ဖြစ်ပါတယ်။ 
(ညိုစိမ်း)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 15

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44754

© 2022 - 2025 News. All Rights Reserved.