သစ်ပင်စိုက်လ

၂၀၂၅ ၊ မေ ၃၁
    သစ်ပင်သည် လူတို့အတွက် အသက်ပမာ  အရေးပါလှ၏။ လူတို့တွင် အရေးတကြီး လိုအပ်ချက်သည် စားဝတ်နေရေး ဖြစ်၏။ သစ်ပင်မှ စားစရာ အစာကိုရ၏။ သစ်ပင်မှ ဝတ်ရန် အထည်ကိုရ၏။ သစ်ပင်မှ နေစရာအိမ်ရာကိုရ၏။ ထို့ကြောင့် သစ်ပင်သည် လူတို့၏ အလိုအပ်ဆုံးသောအရာ ဖြစ်၏။ ကမ္ဘာမြေကြီး စတင်ဖြစ်ပေါ်စ အချိန်ကစ၍ သက်ရှိတို့ နေထိုင်လာနိုင်ရန် ရာသီဥတု စတင်ပြောင်းလဲစကပင် ဦးစွာပေါ်လာသော လောကသည် ရုက္ခလောက ဖြစ်၏။ ဤမှအဆင့်ဆင့် ဆင့်ကဲဖြစ် ပေါ်ပြောင်းလဲတိုးတက်မှုဖြင့် သတ္တလောက ပေါ်ပေါက်လာသည်ဟု ဖွင့်ဆိုခဲ့ကြ၏။ ထို့ကြောင့်လည်း သစ်ပင်တို့၏ ကျေးဇူးကို လူသားတို့က မမေ့လျော့သောအားဖြင့် သစ်ပင်များနေ့၊ သစ်ပင်များလ ဟူ၍ ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် တစ်နှစ်တွင်တစ်လ၊ တစ်လတွင်တစ်ရက် အသီးသီးသတ်မှတ်ကြကာ သစ်ပင်စိုက်ပွဲများ ပြုလုပ်ဆင်နွှဲကြ၏။
    မြန်မာနိုင်ငံတွင် ၁၉၅၄ ခုနှစ်က စတင်၍ ကမ္ဘာ့သစ်ပင်များနေ့ကို ကျင်းပခဲ့၏။ ထိုစဉ်က ကျင်းပခဲ့သောနေ့မှာ ဇွန် ၇ ရက်ဖြစ်၏။ သစ်ပင်မျိုးပေါင်းတစ်သိန်းနှင့် သစ်စေ့ သုံးသိန်းကျော်ကို လူထု၏ အင်အားဖြင့် စိုက်ပျိုးခဲ့ကြ၏။ ကမ္ဘာ့သစ်ပင်များနေ့ဟူ၍ စတင်ပေါ် ပေါက်လာခဲ့ရသည်မှာ အမေရိကန်ပြည်၏ ပြည်နယ်တစ်ခုဖြစ်သော နီဘရက်စကား ပြည်နယ်သည် တစ်ချိန်က ခြောက်သွေ့သော လွင်တီးခေါင်ဒေသ ဖြစ်၏။ သစ်ပင်နည်းပါး၍ ရာသီဥတု ဆိုးသည်။ ထိုပြည်နယ်သားများက ၁၈၇၂ ခုနှစ်တွင် သစ်ပင်များစိုက်၍ ၎င်းတို့ပြည်နယ်၏ ရာသီဥတုကိုပြောင်းလဲရန် ကြိုးစားကြတော့၏။ သစ်ပင်ကို လူထုအားဖြင့် စိုက်ကြ၏။ ဤမှစ၍ ဇွန် ၁၇ ရက် ပြည်နယ်သားတို့ သစ်ပင်စိုက် အထိမ်းအ မှတ်နေ့ကို ကမ္ဘာ့သစ်ပင်များနေ့ဟူ၍ စတင်ပေါ်ပေါက်ခဲ့တော့၏။ ယခု နီဘရက်စကားပြည်နယ်မှာ သာယာစိုပြည်၍ စိမ်းလန်းနေပြီဖြစ်၏။
    ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကလည်း အဖွဲ့ဝင်နိုင်ငံများကို ကမ္ဘာ့သစ်ပင်ပွဲတော်များနေ့ဟူ၍ တစ်ရက် သတ်မှတ်ပြီး သစ်ပင်စိုက်ပွဲ ကျင်းပသွားကြရန် နိုင်ငံအသီးသီးကို မေတ္တာရပ်ခံခဲ့၏။ အစ္စရေးနိုင်ငံသည် ကမ္ဘာတွင် သစ်ပင်စိုက်ပျိုးမှု အတက်ကြွဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့၏။ သစ်ပင် ပေါင်းကုဋေ ၂၀ ကျော်ကို စိုက်ပျိုးခဲ့ကြ၏။ လွင်တီးခေါင်ဒေသကို သစ်ပင်စိုက်၍ သာယာစေ၏။
    မြန်မာနိုင်ငံ၏ သစ်ပင်စိုက်ပျိုးမှု အထိမ်းအမှတ်ပွဲကို ယခင်က သတ်မှတ်သော ရက်၊ လ မရှိဘဲ စာသင်ကျောင်းများ၊ အသင်းအဖွဲ့များမှ ကွက်ကျားလှုပ်ရှား၍ ဆင်နွှဲခဲ့ကြ၏။ ၁၉၅၄ ခုနှစ်က ဇွန် ၇ ရက်ကို ပြုလုပ်ခဲ့၏။ ထို့နောက် ၁၉၇၂ ခုနှစ်တွင် ဇွန် ၂၄ ရက်ကို ပြုလုပ်ခဲ့ကြဖူး၏။ ဤသို့ဖြင့် ကျင်းပခဲ့ကြသည်။ ၁၉၇၂ ခုနှစ်နောက်ပိုင်းတွင် နှစ်စဉ် တစ်ရက်ပြုလုပ်ခဲ့ကြသော်လည်း တက္ကသိုလ်ဝန်းကျင် ဘာသာရပ်ဆိုင်ရာ အဖွဲ့များကသာ လှုပ်ရှားခဲ့ကြ၏။ ပြည်သူလူထု၏ လှုပ်ရှားမှု နည်းပါးခဲ့ သေးသည်။ ၁၉၇၇ ခုနှစ်တွင် ပြည်သူလူထုတစ်ရပ်လုံး၊ တစ်နိုင်ငံလုံး ပါဝင်ဆင်နွှဲ၍ ဇူလိုင်လတစ်လ လုံးကို သစ်ပင်စိုက်လအဖြစ် သတ်မှတ်၍ တက်ကြွစွာ စိုက်ပျိုးခဲ့ကြတော့၏။ ကမ္ဘာ့နိုင်ငံအသီးသီး၏ မတူညီသော မြေအနေအထား၊ မြေသားနှင့် ရာသီဥတုကိုလိုက်၍ သစ်ပင်စိုက်လကို နိုင်ငံအလိုက် သီးခြားသတ်မှတ်၍ ဆင်နွှဲကြတော့၏။
    ကမ္ဘာပေါ်တွင် သစ်ပင်စိုက်သောလူမျိုး၊ သစ်ပင်ကို ကိုးကွယ်ပူဇော်ကြသောလူမျိုး၊ မင်္ဂလာပွဲတွင် အမှတ်တရ သစ်ပင်စိုက်ကြသော အလေ့ရှိသည့် လူမျိုးဟူ၍ အမျိုးမျိုးရှိ နေကြသည်။ ယခင် ဆိုဗီယက်ပြည် ထောင်စုကြီးတွင် 'ဘူဇပတ်'ဟုခေါ်သော ပင်စည်ဖြောင့် စင်း၍ အဖြူရောင်ရှိ သစ်ပင်ကြီးများသည် ၎င်းတို့နိုင်ငံ၏ နိုင်ငံတော်သစ်ပင်အဖြစ် သတ်မှတ်ကြ၏။ 'နေကြာပင်'ကို မျှော်လင့်ချက်ရောင်ခြည်အင်အားများ အပြည့်ပေး နိုင်သောအပင်မျိုးဟု အတိတ်ကောက်ကြ၏။  မြန်မာနိုင်ငံတွင်လည်း ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဗောဓိညောင်ပင်သည် ဘုရားရှင်နှင့်အတူ အလေးထား၍ ပြုစုစောင့်ရှောက်ကြ၏။
    သစ်ပင်သည် ဒေသတစ်ခု၏ ဥတုရာသီကို ထိန်းချုပ်ပေး၏။ သဘာဝရေတိုက်စားမှုဒဏ်၊ မြေတိုက်စားမှုဒဏ်၊ လေတိုက်စားခံရမှုဒဏ်ကို ကာကွယ်ပေး၏။ အပေါ်ယံ စိုက်ပျိုးနိုင်သော မြေဆီလွှာဆုံးရှုံးမှုကို သစ်ပင်၏ အမြစ်ဖွဲ့စည်းပုံက ကာကွယ်၏။ သစ်တောများက မြစ်ရေစီးကြောင်းပြောင်းလဲမှု၊ တိမ်ကောမှုကို ထိန်းချုပ်၏။ တောင်စောင်းများရှိ မြေသားသည် သစ်ပင်ကင်းမဲ့ပါက စီးဆင်း ရေနှင့်အတူပါသွားပြီး မြစ်ကြောင်းတွင်း နုန်းသဲဖို့ချကာ မြစ်၏ သဘာဝအနေအထားကို ပြုပြင်နိုင်၏။ ထို့ကြောင့် 'ဥတုရာသီ တောကိုမှီ၏'ဟု ဆိုထားခြင်းဖြစ်သည်။
    လူ့ယဉ်ကျေးမှုခေတ်ကြီးများ တစ်ခုပြီးတစ်ခု သမိုင်းတွင် ပေါ်ပေါက်လာခဲ့၏။ တစ်ခုပြီးတစ်ခု ပြန်လည်ပျက်သုဉ်း၍ ပျောက်ကွယ်သွားကြ၏။ ကမ္ဘာပေါ်ရှိ နိုင်ငံကြီးများနှင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ခေတ်ကြီးများမှာပင် ဤကဲ့သို့ ကြုံတွေ့ခဲ့ကြရဖူးသည်။ ဤသို့ စည်ကားစွာ ဖြစ်ပေါ်ခြင်း ပြန်လည် ပျောက်ဆုံးပျက်စီးရမှု၏ အရင်းခံသည် ရာသီဥတုကြောင့် စားနပ်ရိက္ခာခေါင်းပါး အငတ်ဘေး ကြုံတွေ့ ရမှုဖြစ်၏။ ရာသီဥတုသည် တောကို အမှီပြုရ၏။ တောသည် သစ်ပင်များ၏ စုစည်းမှုဖြစ်၏။
    ကမ္ဘာပေါ်တွင် သိပ္ပံပညာရှင်များ ပြုစုမျိုးခွဲထားပြီး မျိုးစဉ်ပေါင်းများစွာရှိသော၊ မျိုးစုမျိုးစိတ်ပေါင်း များစွာရှိသော သစ်ပင်များသည် မရေတွက်နိုင်အောင် များပြားလှ၏။ သိပ္ပံပညာရှင်များ မတွေ့ မသိသေးသည်ကလည်း အများကြီး ရှိသေး၏။ မျိုးဟောင်းသစ်ပင်များကို မျိုးစပ်၍ အထွက်တိုးလာ အောင်၊ စားနေသော အရသာ ပိုကောင်းလာအောင် သိပ္ပံပညာရှင်များသည် ရှာကြံလုပ် ဆောင်နေကြဆဲ ဖြစ်၏။
    နယူးဇီလန်နိုင်ငံသည် သစ်တောထွက်ပစ္စည်းဖြင့် တိုင်းပြည်၏ စီးပွားရေးကို ဖြည့်စွမ်း၏။ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်း ဖြည့်စွမ်းနိုင်၏။ မြေဧက ၁၅ သန်းခွဲကို ထင်းရှူးပင်များ စိုက်၏။ တိုင်းပြည်စုစု ပေါင်းဧရိယာ၏ ၂၃ ရာခိုင်နှုန်းကျော်မျှ စိုက်ကြ၏။ ထို့ကြောင့် နယူးဇီလန်သစ် တောများသည် မြောက်ဘက် ကမ္ဘာလုံးခြမ်းရှိ သစ်တောများထက် လေးဆမက ပိုမို အားကောင်း ရှင်သန်ကြ၏။ နော့သ်အိုင်းလင်း သစ်တောသည် ကိန်ဂါရိုးနိုင်ငံပိုင်ဖြစ်၍ ကမ္ဘာပေါ်တွင် လူတို့စိုက်ပျိုးသော သစ်တောများအနက် အကြီးဆုံးတွင် တစ်ခုအပါအဝင်ဖြစ် ၏။ နယူးဇီလန်နိုင်ငံထွက် သတင်းစာစက္ကူသည် အကောင်းဆုံး၊ အခိုင်ခံ့ဆုံး၊ အရောင်းရအသွက်ဆုံးဟု စာတင်ကြရ၏။
    မြန်မာနိုင်ငံ၏ မြေလွှာသည် သဘာဝသစ်တောမျိုးစုံ၊ ပေါက်ရောက်ပင်မျိုးစုံ ဖြစ်ထွန်းပြီး သီးနှံမျိုးစုံ စိုက်ပျိုးနိုင်သော စိမ်းလဲ့မြေလွှာ ဖြစ်၏။ နိုင်ငံ၏စီးပွားရေးတွင် အဓိက နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသည်ကလည်း လယ်ယာကဏ္ဍနှင့် သစ်တောကဏ္ဍတို့ ဖြစ်ကြ၏။ ထို့ကြောင့် သီးနှံမျိုးစုံ စိုက်ပျိုး၍ ဝင်ငွေတိုးအောင် ပြုလုပ်ကြရပေမည်။
    တရုတ်နိုင်ငံ၏ မြို့ကြီးများတွင် ယဉ်ကျေးမှု တော်လှန်ရေး ပြုပြင်ပြောင်းလဲမှု ခေတ်ကာလ နောက်ပိုင်း သစ်ပင်များစိုက်၍ ဥတုရာသီကို ပြုပြင်ကြ၏။ 'တိုင်းပြည်ကိုစိမ်းလန်း စိုပြည်အောင်ပြုလုပ် ကြ'ဟု ဆောင်ပုဒ်ထားခဲ့ကြ၏။ စက်ရုံ၊ အလုပ်ရုံတွင် အလုပ်သမားများက သစ်ပင်စိုက်ကြသည်။ ပြုစုစောင့်ရှောက်ကြသည်။ စာသင်ကျောင်းများတွင် ကျောင်းသူကျောင်းသားများက စိုက်ကြသည်။ မြို့ရွာ လမ်းဘေးတွင် ရပ်ကွက် ပြည်သူလူထုက စိုက်ကြသည်။ ဤသို့ဖြင့် မြို့ကြီးများ၏ လမ်းမကြီး၊ လမ်းခွဲဘေးများတွင် စားသုံးသီးပင်၊ အရိပ်ရပင်၊ ပန်းအလှပင်များ စိုက်ကြ၏။ ရသော အသီးအပွင့်ကို ကော်မတီဖွဲ့ထား၍ ဆွတ်ခူးရောင်းချ ရန်ပုံငွေရှာကြ၏။ ဆေးဖျန်းအဖွဲ့၊ အပင်ပြုစုအဖွဲ့ စသည်ဖြင့် ဖွဲ့ထား ကြ၏။
    သစ်ပင်၏တန်ဖိုးကို သိသူများက သစ်ပင်ကို ပြုစုစောင့်ရှောက် ယုယကြသည်။ သစ်ပင်သည် လူတို့၏ ကျေးဇူးရှင်ဖြစ်သည့်ပြင် စားဝတ်နေရေးအကြောင်း တရားအားလုံးကို ဖြည့်စွမ်းပေး၏။ သစ်ပင်စိုက်လ တစ်လ၊ တစ်ရက်တည်းသာ စိုက်ပျိုးရုံဖြင့် မပြီးသေး။ စိုက်ထားသောအပင် ထာဝစဉ် ဆက်လက်ရှင်သန်ရန် အခါသင့်အခွင့်သာတိုင်း သစ်ပင်ကို ဂရုတစိုက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ပျိုးပြုစုကြခြင်းဖြင့် ဥတုရာသီကို ထိန်းကြပါစို့။ မြေဆီလွှာ တိုက်စားခံရမှု၊ စိုက်ပျိုးမြေဆုံးရှုံးလေ လွင့်မှုကို ထိန်းကြပါစို့။ သစ်ပင်ကို မခုတ် လှဲခြင်းဖြင့် လက်ရှိသစ်တောများကို ထိန်းကြပါစို့။ သစ်တောဌာန၏ ပညာပေးပိုစတာ များကလည်း ပြည်သူလူထုကို အသိပေးလျက်ရှိနေပါသည်။
      သစ်ပင်များများ စိုက်ခြင်းဖြင့် လူသားတို့၏ စားဝတ်နေရေးအပြင် စာဖတ်နိုင်ရန် စက္ကူကို လည်းကောင်း၊ လူ့အသုံးအဆောင်ပစ္စည်းများကို လည်းကောင်း ဖြည့်စွမ်းလာနိုင်ပါလိမ့်မည်။ လူထုလှုပ်ရှားမှုများ ဆင်နွှဲ၍ အောင်မြင်ခဲ့ရမှုများသည် မြန်မာနိုင်ငံတွင် အကြိမ်ကြိမ်ရှိခဲ့ပြီ ဖြစ်ပါသည်။ သစ်ပင်စိုက်ပွဲ လူထုဆင်နွှဲမှုကလည်း အောင်မြင်မှုရမည် မလွဲဖြစ်ပြီး စိမ်းလန်းဝေဆာပြည်မြန်မာဟုခေါ် ဆိုမှုမှာ နိုင်ငံ၏ အဖိုးတန်သစ်တော ကြီးများ၊ ယာခင်းကြီးများ၊ စပါးရွှေဝါခင်းကြီးများ၏ အလှဆင်မှု တစ်ရပ်ပင် ဖြစ်ပါသည်။    
(ခင်ဉာဏ)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 17

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44772

© 2022 - 2025 News. All Rights Reserved.