၂၀၂၅ ၊ ဩဂုတ် ၁၅
မကြာသေးမီရက်ပိုင်းအတွင်းက အညာဒေသတစ်ခုက ဆန္ဒပြပွဲရုပ်သံတစ်ခုကို တွေ့မြင်ခဲ့ရသည်။ ဆန္ဒပြပွဲတွင် ပါဝင်သူ ဒေသခံများ၏ ကြွေးကြော်သံက 'တရားမျှတသော ရွေးကောက်ပွဲ ဖော်ဆောင်ပေးရေး ... ဒို့အရေး...'၊ "လူသတ်အကြမ်းဖက် PDF... အလိုမရှိ...'၊ 'ခိုးဆိုးလူသတ် (ပ) သုံးလုံး ... အလိုမရှိ...'ဟူ၍ ဖြစ်သည်။ ရုတ်တရက် အဆိုပါဆန္ဒပြပွဲ ရုပ်သံက အမှန်တကယ် ဟုတ်၊ မဟုတ် ဇဝေဇဝါဖြစ်မိပြီး ဆန္ဒပြပြည်သူများ ကိုင်ဆောင်ထားသော ဆိုင်းဘုတ်များကို ကြည့်ရှုရာတွင် အမှန်တကယ် ရင်တွင်းဆန္ဒများကို ဖော်ထုတ်နေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ထိုသို့ အသိနှင့်အတူ အညာတစ်ခွင်မှ ပြည်သူများ အမြင်ပြောင်းလာကြပြီလားဟူသော အတွေးနယ်ချဲ့မိသည်။
အညာဒေသက ပြည်သူတွေသာမက လက်နက်ကိုင်ထားသော လူငယ်အချို့ပါ ၎င်းတို့ကို မျောက်ပြဆန်တောင်းနေကြသူတို့အကြောင်း တစ်စွန်းတစ်စ သိ လာပြီဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ရုပ်သံဖိုင်တစ်ခုက ပြောကြားသည့် စကားသံများကြောင့်ဖြစ်သည်။ အဆိုပါ ရုပ်သံဖိုင်၏ တည်နေရာက သမိုင်းဝင် ဖိုလ်ဝင်တောင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသရှိ လက်နက်ကိုင်လူငယ်တစ်ဦးနှင့် အခြားသူတစ်ဦးနယ် မြေဒေသအကြောင်း ပြောဆိုနေကြခြင်းဖြစ်သည်။ လက်နက်ကိုင်လူငယ်က "ဒီဘက်လမ်းကြောက ပကဖပိုက်ဆံကောက်တဲ့ဂိတ် ဒီဘက်ကမြို့နယ် ပကဖပိုက်ဆံကောက်တဲ့ အခွန်ဂိတ်ဗျ။ ဟုတ်တယ်ဗျ။ ယင်းမာပင် YMB ပေါ့ ဗျာ၊ အခွန်ကောက်တဲ့ဂိတ် ဖြစ်တယ်ဗျ။ အဲဒီအခွန်က ပြည်သူ့လက်ထဲရောက်လား၊ ကျွန်တော်တို့ ဒေသကာ ကွယ်ရေးလက်ထဲ ကျည်တစ်တောင့်ရောက်လား လို့မေးရင် လောလောဆယ် ကျွန်တော့်လက်ထဲတော့ မရောက်လာတာ သေချာတယ်ဗျ။ တော်လှန်ရေး ကာလလေးနှစ် ပြည့်ခဲ့ပြီဗျ"ဟု ပြောကြားသည်။ ထိုလူငယ်နှင့်စကားပြော နေသူတစ်ဦးက ကင်မရာဘက် လှည့်ကာ "ဟေ့ကောင် လွင်ကိုလတ် မအေ ×××၊ သူတောင်းစား မယားငယ်နဲ့ကောင် ဒီမှာပြောနေပြီ"ဟု ပြောရာ လက်နက်လွယ်ထားသော လူငယ်က "ကျွန်တော်တို့က လပ်ဗီးဂတ်က ပြောတာ မဟုတ်ဘူး၊ ဆန်ဖရန်စစ္စကိုက ပြောတာမဟုတ်ဘူး၊ ကယ်လီဖိုးနီးယားက ပြောနေတာ မဟုတ်ဘူး။ အညာဒေသမှာ ဖြစ်ပျက်နေတာကို ပြောပြနေတာပါ"ဟု တုံ့ပြန်ပြောကြားသည့် ရုပ်သံဖိုင်က စက္ကန့်ပိုင်းသာ ဖြစ်သည်။
တော်လှန်ရေးဟူသော ရုပ်ပြစီးပွားရေးလုပ်ငန်းတစ်ခုကို နိုင်ငံရေးစားဖားများ ဖန်တီးခဲ့ကြပြီး နောက်အညာဒေသတစ်ခွင်မှ လူငယ်များနှင့်ပြည်သူများ တော် လှန်ရေး၏ဒဏ်ကို အလူးအလဲခံစားခဲ့ကြရသည်။ တော်လှန်ရေးဒဏ်ဟုဆိုရာဝယ် စစ်ပွဲကြောင့် ဒဏ်မဟုတ်ဘဲ ကိုယ်မွေးသည့်မျောက် ကိုယ့်ပြန် ခြောက်သည့်ဒဏ်ကို ဆိုလိုရင်းဖြစ်သည်။ တပ်မတော်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် သောင်း ကျန်းသူတို့၏ နယ်မြေကျူးကျော် စစ်ပွဲများအရေး၊ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူများနှင့် PDF အကြမ်းဖက်တို့၏ ပူးပေါင်းဖန်တီးသော စစ်ပွဲများကို ကာကွယ်တိုက်ထုတ်နေရချိန်တွင် အညာဒေသဘက်ရှိ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ငယ် ပေါင်းများစွာကို စစ်ရေးအရအရေးယူရန် အချိန်ယူနေရသည်။ တစ်ဖက်တွင်လည်း PDF လူငယ်များ အမြင်မှန်ရလာ၍ လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိစေရန် အချိန်ပေးထားသည့် သဘောလည်းဖြစ်သည်။
ထိုအချက်ကို အခွင့်ကောင်းယူကာ ရပ်ရွာဒေသရှိ ပြည်သူအချို့က အကြမ်းဖက်လက်နက်ကိုင် လမ်းစဉ်ကို ယုံမှတ်မှား၍ အကြမ်းဖက်လူငယ်များသို့ လူသူလက်နက်အင်အားများ ဖြည့်ဆည်းထောက်ပံ့ ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရင်း တစ်စတစ်စ လက်နက်များ လက်ဝယ်ရောက်ရှိလာချိန်တွင် ပြည်သူ့ ကာကွယ်ရေးဟုအမည် ခံထားကြသူများ၏ ရုပ်လုံးက ပီပြင်လာခဲ့သည်။ လက်နက်များ လက်အတွင်း ရောက်ရှိလာချိန်တွင် မိမိတို့ရပ်ရွာက ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့် ညှဉ်းပန်းခြင်း၊ လူ့အခွင့်အရေးများကို တားဆီးပိတ်ပင်ခြင်း၊ အမျိုးသမီးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုများ ကျူးလွန်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ လက်နက်၏ ဘေးထွက်ဆိုးကျိုးအဖြစ် ဓားပြအဖွဲ့ငယ်များသဖွယ် အသွင်ပြောင်းလာကြပြီး တရားဥပဒေလက် လှမ်းမမီမှုကို အခွင့်ကောင်းယူကာ ထင်ရာစိုင်းခဲ့ကြသည်။
ထိုဒေသရှိ ပြည်သူများ၏ တော်လှန်ရေး ကာလဟုဆိုသော အချိန်ကာလလေးနှစ်ကျော်ကြာ အချိန်အတွင်း အတိဒုက္ခများက များပြားခဲ့သည်။ ပုံမှန်စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းသွားခြင်း၊ ကလေးသူငယ်များ၏ ပညာရေး အခွင့်အလမ်းများ ရပ်တန့်သွားခြင်း၊ ကျန်းမာရေးကဏ္ဍများ ကျဆင်းသွားခြင်း စသည့် တော်လှန်ရေးဒဏ် ရိုက်ခတ်မှုများကို နဖူးတွေ့၊ ဒူးတွေ့ ခံစားလာရသည်။ ထို့အပြင် ပညာရေး အားနည်းခဲ့သော လူငယ်လူရွယ်များကိုယ်တိုင်ကလည်း တော်လှန်ရေးစားဖား ကြီးများ၏ တော်လှန်ရေး ယုံတမ်းစကားများကို ယုံကြည်ကာ လက်နက်ကိုင်ဆောင်ခွင့်ကို မက်မော၍ တိုင်းရင်းသား လက်နက်ကိုင်များ၏ နယ်မြေချဲ့ထွင်ရေး စစ်ပွဲများတွင် အကျိုးမဲ့အသက်များ စတေးခဲ့ရသည်။ လက်နက်အားကောင်း သူက လက်နက်အင်အားနည်းသူတို့အပေါ် အနိုင်ကျင့်ဗိုလ်ကျ သတ်ဖြတ်ခြင်းများ စသည့် ဇာတ်တူသားစားသည့် ဇာတ်လမ်းများကလည်း အညာတခွင် မြင်တွေ့နေရသည်။ မကြာသေးမီရက်ပိုင်းက ကြည့်ရှုခဲ့ရသော အညာဒေသက ရုပ်သံဖိုင်တစ်ခုက ဇာတ်တူသားစားမှု၏ သက်သေပင် ဖြစ်သည်။ ရုပ်သံဖိုင်တွင် ဆိုင်ကယ်တစ်စီးနှင့်အတူ မီးရှို့သတ်ဖြတ်ခြင်းခံရသော ရုပ်အလောင်းတစ်ခု၏ ဘေးတွင် မိခင်ဖြစ်သူက "ငါ့သားလေး ငါ့သားလေး"ဟု ယူကျုံးမရ ငိုကြွေးနေသည်။ ဖော်ပြထားသောသတင်းအရ PDF လူငယ်အ ချင်းချင်း ဆိုင်ကယ်ရပ်တန့်ရန် တားဆီးရာမှ အချင်းများ၍ သတ်ဖြတ်ကာ ဆိုင်ကယ်နှင့်အတူ ရုပ်အလောင်းကို မီးရှို့သွားခြင်းဟုသိရသည်။ မိဘဆွေမျိုးများ၏ သောကက တော်လှန်ရေးအမည်ခံကာ မင်းမဲ့ စရိုက်ဆိုးများကို အထင်အရှားပြသကဲ့သို့ ဖြစ်သည်။
ထို့အပြင် အညာဒေသတစ်ခွင်က အမျိုးကောင်းသမီးတို့အပေါ် လက်နက်အားကိုးဖြင့် လိင်ပိုင်း ဆိုင်ရာ ကျူးလွန်စော်ကားမှုများကလည်း ၎င်းတို့တော်လှန်ရေးကို အားပေးထောက်ခံသော တရားမဝင် မီဒီယာများနှင့် နယ်မြေခံတို့၏ ရင်ဖွင့်သံများမှတစ်ဆင့် မကြားဝံ့မနာသာများ ကြားသိရသည်။ အကြောင်းပြချက်မျိုးစုံဖြင့် မတရားဖမ်းဆီးထားသော အမျိုးသမီးငယ်များကို အဓမ္မပြုကျင့်သည့် ပကဖခေါင်း ဆောင် တဏှာဘီလူးတို့၏ အကြောင်းများ၊ လက်နက်အားကိုးဖြင့် အမျိုးသမီးငယ်များကို ခြေတော်တင်သည့် PDF အမည်ခံအကြမ်းဖက်များ၏ အကြောင်းက အထူးအထွေ သက်သေပြစရာ မလိုသော သတင်းအကြောင်းအရာများ ဖြစ်သည်။ ထို့ကြောင့်လည်း အညာဒေသတစ်ခွင်က အကြမ်းဖက်တို့၏ နင်းပြားပြည် သူတို့ အသံများက လေးနှစ်ကျော်ကြာချိန်တွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ရခြင်းပင် ဖြစ်သည်။ အကြမ်းဖက်များ လက်အတွင်းက ရုန်းထွက်နိုင်ရန် ကြိုးပမ်းလာခဲ့ကြသည်။
အညာဒေသတစ်ခွင်က ပြည်သူလူထုသည် အသုံးချခံဖြစ်လာကြောင်း ယခုနှစ်အတွင်း ပိုမို သိသာလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော တော်လှန်ရေးကို စီးပွားဖြစ်လုပ်သူ ပြည်ပြေးနိုင်ငံရေးစားဖားတို့၏ မျက် ကွယ်ပြုမှုက ပိုမို သိသာလာသည်။ အညာဒေသတစ်ခွင်က မြောက်မြားလှစွာသော လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို ၎င်းတို့ကိုယ်တိုင် အစိုးရဟု အမည်ခံထားသူတို့က လျစ်လျူရှုလာကြသည်။ ၎င်းတို့ လက်သပ်မွေးထားသော တော်လှန်ရေးတောကြောင်များ၏ လက်ခမောင်းခတ်မှုများကို ထိန်းသိမ်းပေးနိုင်ခြင်း မရှိ၊ ၎င်းတို့ကိုယ်တိုင် မြှောက်ပင့်ပေးခဲ့ကြသော အညာတစ်ခွင်က လူငယ်ထု၏ လက်နက်အဆိပ်သင့်မှုများကို တာဝန်ယူတာဝန်ခံမှု မပေးနိုင်တော့သည်ကို တွေ့မြင်ရသည်။ ၎င်းတို့ ကိုယ်တိုင်ဖန်တီးထားသော တော်လှန်ရေးဟူသည် သန္ဓေမမှန်ခြင်းကြောင့် ကျရှုံးနေရခြင်းကို သိ၍ ၎င်းတို့၏ဘ၀ ဆက်လက်ရပ်တည်နိုင်ရေးအတွက် လက်ကျန်မီးစာကုန် ဆီခန်းချိန်တွင် ရသလောက် အကျိုးအမြတ်ရစေရန် ကြိုးပမ်းနေကြသည်။ ထို့ကြောင့် ဘယ်သူသေသေ ငတေမာရင် ပြီးရော စိတ်ဓာတ်ရှိသည့် လူတစ်စုမှာ ယနေ့အချိန်ထိ မျက်နှာပြောင်တိုက် အလှူခံကာ စီးပွားရှာနေကြခြင်း ဖြစ်သည်။
ယခုအခါ နိုင်ငံတော်အစိုးရက ၎င်းတို့၏ ရည်မှန်းချက်အတိုင်း အထွေထွေရွေးကောက်ပွဲကြီး ကျင်းပ၍ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် သို့ရောက်ရှိစေရန် ဆောင်ရွက်နေပြီဖြစ်သည်။ အပြောင်းအလဲ ပြုလုပ်ထားသည့် အစိုးရအဖွဲ့ကလည်း ရွေးကောက်ပွဲအောင်မြင်စေရန် ကြိုးပမ်းလာသလို ယခုရက်ပိုင်းတွင် ရွေးကောက်ပွဲနည်းဥပဒေများ ထုတ်ပြန်ကြေညာခြင်းတို့ဖြင့် နိုင်ငံရေးလမ်းကြောင်း ကို သိသိသာသာ ပြောင်းလဲပေးခဲ့သည်။ တစ်ဖက်တွင်လည်း တိုင်းပြည်တာဝန်ကို အလုံးစုံ ရယူထားရာမှ ပခုံးပြောင်းတာဝန်အရ ဝန်ပေါ့သွားသော တပ်မတော်ကလည်း အစိုးရ၏ရွေးကောက်ပွဲ အောင်မြင်စေရေး နယ်မြေဒေသမတည် မငြိမ်ဖြစ်နေသော ဒေသများကို အရေးပေါ်အခြေအနေ ရက်ပေါင်း ၉၀ သတ်မှတ်၍ ဆောင်ရွက်နေခြင်းကလည်း အင်တိုက်အားတိုက်ဆောင်ရွက်မည့် အလားအလာများ တွေ့ မြင်လာရသည်။ ထိုသို့ အပြောင်းအလဲပြုလုပ်ခဲ့ပြီး နောက်ရက်ပိုင်းအတွင်း PDF အမည်ခံအကြမ်းဖက်များ ပိတ်ဆို့မှုကြောင့် ကုန်စည်စီးဆင်းမှု နှေးကွေးနေသော မြို့များမှ မြို့နေပြည်သူလူထု၏ တောင်းဆို ချက်အရ ကုန်စည်စီးဆင်းမှု လမ်းကြောင်းများကို ရှင်းလင်းပေးမှု သတင်းများတွေ့မြင်လာရသည်။
'ကိုယ်ရပ်ကိုယ့်ရွာကို မစွန့်ခွာချင်တာကြောင့် ကျိတ်မှိတ်နေရတာခုဆို လေးနှစ်ကျော်လာပြီပေါ့ဗျာ။ ရွာပတ်ဝန်းကျင်မှာ PDF တွေနေကြတယ်။ လမ်းတွေပိတ်ထားတော့ စီးပွားရေးက မတွင်ကျယ်ဘူး။ ဟိုပိတ်ဒီပိတ်ဆိုတော့ ကုန်ဈေးနှုန်းက ကြားမကောင်းအောင် တက်လာတယ်။ ကျုပ်တို့ တောနေလူတွေ ဆိုတော့ မြို့မှာလို အင်တာနက်တွေ၊ ဘာတွေမသိ ဟိုလူပြောကြား၊ ဒီလူပြောကြားနဲ့ ဒီနေ့ပြီးမယောင်၊ ဟိုနေ့ပြီးမယောင်နေ ကြရတာပေါ့။ ကြာလာတော့ စောစောကပြောသလို စီးပွားရေးကလည်း အလုပ်မဖြစ်တော့ဘူး။ စီးပွားရေးမ ကောင်းမှတော့ ကျန်းမာ ရေးကလည်း မကောင်းတော့ ဘူးပေါ့ဗျာ။ ဆေးဝါးကုသဖို့ကလည်း ဟိုပိတ်၊ ဒီပိတ်ဆိုတော့ သွားရလာရမလွယ်ဘူး။ မြို့ပေါ်တက်ဖို့တောင် ဟိုလမ်းက မသွားနဲ့၊ ဒီလမ်းကမသွားနဲ့ဆိုတာတွေ ရှိလာတယ်။ ပညာရေးကျတော့လည်း ဆရာ ဆရာမ မရှိတော့တာကြောင့် ကလေးတွေလည်း ဘာပညာမှ မသင်ရဘူး။ ဒီတော့ မဖြစ်ချေတော့ဘူးဆိုပြီး ကိုယ့်ရွာသား အချင်းချင်း ပြောနေကြတာပေါ့။ ခုလလည်းရောက်ရော တပ်မတော်ကဝင်လာပြီး တိုက်ကြခိုက်ကြ ဖြစ်လာပြီးကျုပ်တို့ ကြားရသလောက်ကတော့ လမ်းတွေပြန်ပွင့်အောင် ရှင်ပေးတယ်ဆိုတာပေါ့လေ။ ဒါနဲ့ရွာနားမှာ တိုက်ပွဲသံတွေကြားတော့ ရသလောက် သယ်ပြီး ကိုယ့်အိမ်၊ ကိုယ်ယာလည်း စွဲလမ်းမနေတော့ပါဘူး။ မိသားစုခေါ်ပြီး ရွာကနေ နွားထိုးကြီးကို ထွက်ပြီးတော့ တောလမ်းကနေ အမြန်လမ်း ရောက်အောင်လာပြီး ရန်ကုန်က ဘကြီးဘုန်းကြီးကျောင်းကို ရှောင်လာရတာပါပဲ"ဟု မြင်းခြံမြို့နယ်မှ ရှောင်တိမ်းလာသော အသက်(၆၀)အရွယ် ပြည်သူတစ်ဦးက ပြောသည်။
အထက်ပါနေရပ်မှ ရှောင်တိမ်းလာသူ၏ ပြောကြားချက်အရ PDF အမည်ခံ အကြမ်းဖက်များ၏ ပြုမူဆောင်ရွက်ချက်မှာ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူများ၏ နယ်မြေချဲ့ထွင်ရေး စစ်ရေး ဗျူဟာများအတိုင်း ဖြစ်သည်။ ရပ်ရွာများကို အခြေပြုကာ ပြည်သူများကို လူသားတံတိုင်းသဖွယ် ပိတ်ဆို့ ကာရံထားပြီး တပ်မတော်ကို ခုခံရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ၎င်းတို့ရှိရာဒေသမှ ပြည်သူများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးများက ကျဆင်းလာ ခဲ့ပြီးနောက် တော်လှန်ရေးဒဏ်ကို မခံနိုင်ကျသည့်အဆုံး ပြည်သူများ ရုန်းထွက်လာကြခြင်း ဖြစ်သည်။ "ကြာတော့ မခံနိုင်တော့ဘူး လေ။ တပ်ကလည်း ကျုပ်တို့ရှိလို့ထင်တယ် အချိန်ယူတယ်။ ကျုပ်တို့ကလည်း ကိုယ်ရွာကနေ တစ်နယ်တစ်ကျေးသွားဖို့ အရမ်းစဉ်းစားရတယ်ဗျာ။ ကိုယ့်အရပ်၊ ကိုယ့်ဒေသ မက်တာကိုး။ ခုတော့ ဘယ်လို မှမခံနိုင်တဲ့အဆုံး ထွက်လာကြရတာပဲ။ နယ်မြေတည်ငြိမ်ရင်တော့ ရွာပဲပြန်တာပေါ့။ အိမ်တွေကတော့ ဒီအတိုင်းပဲ ကံပေါ့ဗျာ"ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
မြင်းခြံမြို့နယ်အတွင်းမှ ရန်ကုန်မြို့ ဘုန်း တော်ကြီးကျောင်းတစ်ကျောင်းသို့ တိမ်းရှောင်လာသော သက်ကြီးရွယ်အိုနှင့် ကျောင်းနေအရွယ်လူရွယ်လူငယ်များ၏ မျက်နှာပေါ်မှာ အရိပ်အယောင်များက မြို့ကြီးပြကြီးဖြင့် စိမ်းနေသော်လည်း ကျီးလန့်စာစားဘဝများမှ လွတ်မြောက်နေသဖြင့် စိတ်အေးချမ်းသာနေမှုကို တွေ့မြင်ခဲ့ရသည်။ ကလေးသူငယ်များ၏ ပညာရေးအတွက် နီးစပ်ရာ ကျောင်းများတွင် ပညာသင် ကြားခွင့်ရရေး၊ လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်း၊ သက်ကြီးရွယ် အိုများ၏ ကျန်းမာရေးတို့ အဆင်ပြေစေမည့် ဒေသတစ်ခုကို ရောက်ရှိနေခြင်းကြောင့် ဖြစ်မည်ထင်သည်။ တစ်ဖက်တွင်လည်း မိမိရပ်ရွာ၏ အခြေအနေကို နားစွင့်နေကြပြီး စိတ်အေးချမ်းသာစွာ ပြန်လည် နေထိုင်ရမည့်ရက် များကို စောင့်မျှော်နေသည့် အရိပ်အယောင်များက အထင်းသား မြင်တွေ့နေရသည်။ လေးနှစ်ကျော်ကြာကာလအတွင်း တော်လှန်ရေး၏ဒဏ်ကို ကျောကော့အောင် ခံခဲ့ရသည့် အညာသားသုမနတို့၏ ကျောပြင်က ဒဏ်ရာများကိုလည်း အထင်းသားမြင်တွေ့ရသည်။ များမကြာမီ ကာလတွင် ဒီမိုကရေစီရထားကြီးက ထွက်ခွာတော့မည် ဖြစ်သည်။ ပြည်သူအားလုံးလည်း လိုက်ပါခွင့်ရှိသည်။ တော်လှန်ရေးဝါဒမှိုင်းများကြောင့် လက်နက် ကိုင်သံသရာကြော နစ်မွန်းနေကြသူများလည်း အချိန်ကာလတစ်ခု အရောက်တွင် ဆိုးကျိုးများကို ကောင်းစွာ သဘောပေါက်နားလည်ကြပြီဖြစ်သည်။ တော်လှန်ရေးဟုဆိုကာ အကြမ်းဖက်ဝါဒကြီးစိုးရေး ဆောင်ရွက်ခဲ့ကြသူတို့၏ စနက်ကြောင့် နောက်ကျကျန်ခဲ့ရသည့် လူနေမှုဘဝများ၊ ၎င်းင်းတို့၏ လက်ပါးစေများ၏ ဖိနှိပ်မှုကြောင့် ဆုံးရှုံးခဲ့ရသည့် လူ့အခွင့်အရေးများကို နဖူးတွေ့၊ ဒူးတွေ့ တွေ့ခဲ့ရသူပြည်သူများအဖို့လည်း တော်လှန်ရေးဒဏ်ရာများ ကုစားနိုင်ရန် အချိန်ကျခဲ့ပြီ ဖြစ်သည်။ (ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )