EAO တွေကို ဖားနေရတဲ့ နှစ်ပြားမတန်သော NUG

၂၀၂၅ ၊ ဩဂုတ် ၂

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG ကြားမှာဖြစ်နေတဲ့ပြဿနာက NUG အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မယုံသလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပေါ်ကိုလည်း NUG က မယုံတာဘဲ ဖြစ်ပါတယ်။ လက်ရှိသူတို့ရဲ့ ဆက်ဆံရေးဟာ အပြန်အလှန်အကျိုးမျှော်ပြီး ခိုင်းစားနေတဲ့သဘောမှာ ရှိတယ်လို့မြင်တယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရေးဆိုတာ ကို အကြောင်းပြနေကြပေမယ့် ပြဿနာက စစ်မှန်တဲ့ ဖက်ဒရယ်ကို ဘယ်လိုအကောင်အထည်ဖော် တည်ဆောက်ကြမလဲဆိုတာပဲ ဖြစ်ပါတယ်။ 
    စစ်မှန်တဲ့ဖက်ဒရယ်စနစ်ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တဲ့ကိစ္စပါ။ စတင်ပေါင်းစည်းခဲ့စဉ်ကပင် အကျိုးစီးပွားအမြင် တစ်ခုတည်းအပေါ်မှာ မရပ်တည်ခဲ့တာက စပြောရပါလိမ့်မယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထားက CNF ဥက္ကဋ္ဌဟောင်း ဆလိုင်းကစ်(ပ်)ရဲ့ အပြောမှာ ထင်ဟပ်နေတာ တွေ့ရတယ်။ ပင်လုံညီလာခံနဲ့ တိုင်းရင်းသားတန်းတူ အခွင့်အရေး အမြင်က သူတို့ တည်ဆောက်လိုတဲ့ ဖက်ဒ ရယ်ပြည်ထောင်စုရဲ့ အခြေခံဖြစ်နေတယ်။ ဆလိုင်းကစ်အနေနဲ့ NUG နဲ့ အကြိမ်များစွာ ဆွေးနွေးခဲ့ဖူးတယ်လို့ ဆိုတယ်။ သူတို့လိုချင်တဲ့ အဖြေမရလို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ NUG အပေါ်မှာ မယုံကြတာဆိုတဲ့ အဖြေကို တွေ့ရတယ်။ NUG အနေနဲ့ ဖက်ဒရယ်စနစ် အတွက် ယတိပြတ်ကတိမပေးနိုင်တာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း မရေးဆွဲနိုင်တာ ဒါကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ သူတို့တောင်းတာက ဖက်ဒရယ် အကြောင်းပြ Confederation။ သဘောတူရေးဆွဲ အတည်ပြု လိုက်ရင် ပြည်သူတွေကြားမှာ NUG ခွေးဖြစ်ပြီ။ သမိုင်းတရားခံဖြစ်ပြီ။ ဒါကြောင့် ဟိုလိုလို၊ ဒီလိုလိုနဲ့ လုပ်နေတာ ဖြစ်တယ်လို့ မြင်ပါတယ်။ 
    NUG အနေနဲ့ ပင်လုံညီလာခံကို မကျေညက်တဲ့အတွက် စာပြန်သင်ပေးနေရတယ်လို့လည်း ဆလိုင်းကစ်(ပ်)ကပြောတယ်။ NUG နဲ့ သူတို့တွေကြားမှာ ဖြစ်တဲ့ပြဿနာက သူတို့အချင်းချင်း နှစ်ဖွဲ့ပြဿနာဆိုရင် ကိစ္စမရှိပေမယ့် ပြည်ထောင်စုအရေးဆိုရင်တော့ မြန်မာအားလုံးနဲ့ ဆိုင်ပါတယ်။ မြန်မာဆိုတာ ဗမာအပါအဝင် တိုင်းရင်းသားအားလုံးကို ဆိုလိုတာပါ။ ပင်လုံညီလာခံဟာ ပြည်ထောင်စုဖွဲ့စည်းတည်ဆောက်ဖို့အတွက် အခြေခံအဖြစ် တစ်သမတ်တည်း စွဲကိုင်ထားဖို့ လိုမလား ဆိုတာကိုလည်း ချဉ်းကပ်ဖို့ လိုပါလိမ့်မယ်။ တစ်သမတ် တည်းဆိုရင် ဥပမာအားဖြင့် ချင်းက သီးခြားပြည်နယ်မယူဘဲ ဗမာနဲ့ပေါင်းပြီး ပြည်ထောင်စုထဲမှာ နေမယ်ဆို တဲ့အချက်ကို အခုချိန်မှာ ယူလို့ရပါဦးမလား။ ယူမလား လို့မေးရင် ဘယ်လိုဖြေမလဲ။ ပင်လုံမှာ အဓိကဆွေးနွေးတာ ဗမာ၊ ရှမ်း၊ ချင်းနဲ့ ကချင်ပဲ ဖြစ်ပါတယ်။ စာချုပ်လက်မှတ်ထိုးတော့လည်း ဒီအဖွဲ့တွေပါပဲ။ 
    နောက်တစ်ချက်က ပင်လုံညီလာခံမှာ အပြန်အလှန် သဘောတူခဲ့ကြတဲ့ နောက်ကွယ်က ဆွေးနွေးမှုတွေကိုကြည့်ရင် ကိုယ်ကျိုးစီးပွားကို အခြေခံနေတာ တွေ့ရပါလိမ့်မယ်။ ဖေဖော်ဝါရီ ၁၂ ရက်မှာ လက်မှတ်ရေးထိုးခဲ့တာ မှန်ပေမယ့် ရှမ်းစော်ဘွားအုပ်စုရဲ့ ခွဲထွက်ခွင့်ကိစ္စအရ ပင်လုံညီလာခံကနေ ဗိုလ်ချုပ်အောင်ဆန်း လှည့်ပြန်ဖို့ ပြင်ပြီးသွားပြီ။ ဗမာနဲ့အတူ ပေါင်းထားတဲ့ တိုင်းရင်းသားတွေနဲ့ပဲ သီးခြားလွတ်လပ်ရေးယူဖို့ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရတယ်။ ကချင်နဲ့ချင်းကတော့ ပါလာမယ့်သဘောမှာ ရှိတယ်။ ဒီလိုသာလုပ်ခဲ့ရင် ပြည်ထောင်စုထဲမှာ ရှမ်းတွေပါလာမှာ မဟုတ်သလို ပြီးပြည့်စုံတဲ့ ပြည်ထောင်စုလည်းဖြစ်လာမှာ မဟုတ်ဘူး။ ရှမ်းတွေအနေနဲ့ အင်္ဂလိပ်ကျွန်သက် ရှည်သွားမှာပဲ ဖြစ်ပါတယ်။ ရှမ်းတွေက ကျွန်သက်ရှည်သွားမှာ ဖြစ်သလို ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ကျန်တိုင်းရင်းသားတွေက သဘောက် အဆင့်ကကို တက်မှာ မဟုတ်တော့ဘူးလို့ ဆိုရပါလိမ့်မယ်။ ဘယ်လိုပဲ အင်္ဂလိပ်က အခွင့်အရေးပေးထားပေးထား ပဏ္ဍာဆက်ပြီး သူ့ကွပ်ကဲမှု၊ သူ့သဘောထားကို လိုက်ခဲ့ရတာပဲ မဟုတ်ပါလား။ နိုင်ငံရေး အမြင်ကျယ်တဲ့ ရှမ်းလူငယ်တွေနဲ့ ကချင်ဒူဝါတွေက ညီလာခံပျက်ပြီး အခွင့်အရေးဆုံးရှုံးသွားမှာ စိုးရိမ်တဲ့ အတွက် ဗိုလ်ချုပ်အောင်ဆန်းကို ဖျောင်းဖျခဲ့ကြရာမှာ ဗိုလ်ချုပ်အောင်ဆန်းက ပြည်နယ်ခွဲထွက်ရေးကို မူအားဖြင့်သဘောတူခဲ့တာပဲ ဖြစ်ပါတယ်။ မပေါင်းခင်ကတည်းက ခွဲချင်နေကြတာ ဘယ်သူတွေလဲ။ ဘာကြောင့် ခွဲချင်နေကြတာလဲ။ အဓိကက စော်ဘွားအာဏာ ကျဆုံးသွားမှာ ပဲဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ဒီလိုဘာကြောင့်သဘော တူခဲ့ရသလဲဆိုတာကို ဗိုလ်ချုပ်အောင်ဆန်းက ပြင်ဦးလွင် ခရီးစဉ်မှာ ပြန်ရှင်းပြခဲ့ဖူးပါတယ်။ "တို့က သဘောထားမှန်ရင် ပူးပေါင်းပါဝင်လာကြမှာဖြစ်ပြီး သဘောထားမှန် ရဲ့သားနဲ့ ကဖျက်ယဖျက်လုပ်ရင်တော့ ချရုံပဲရှိတယ်"  ဆိုတဲ့သဘောမျိုး အဲဒီခရီးစဉ်မှာ ပြောခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ 
    ပင်လုံစာချုပ်နဲ့ ပင်လုံကတိကဝတ်ကို "ဗမာတွေ မလိုက်နာကြဘူး၊ လူမျိုးကြီးဝါဒကို ကျင့်သုံးတယ်" ဆိုတဲ့အသံနဲ့ အခြေအနေက တကယ်ရော ဟုတ်ရဲ့လား။ စဉ်းစားစရာဖြစ်ပါတယ်။ ပင်လုံစာချုပ်ရဲ့ အဓိကအသက်က ဗြိတိသျှဘုရင်ခံကောင်စီ၊ ကြားဖြတ်အစိုးရအဖွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တောင်တန်းဒေသသားတွေပါဝင်စေဖို့၊ ထိုမှတစ်ဆင့် အတူတကွ တိုင်ပင်ဆွေးနွေးပြီး လွတ်လပ်ရေးအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲဖို့ပဲ ဖြစ်ပါတယ်။ ပင်လုံညီလာခံအရ အတူတကွ လွတ်လပ်ရေးပေးဖို့ အင်္ဂလိပ်က သဘောတူခဲ့တယ်။ အဲဒီသဘောတူညီချက်အရ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲစေခဲ့တယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း ဒီပင်လုံညီလာခံမှာ ပူးပေါင်းခဲ့ကြတဲ့သူတွေကပဲ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေခံဥပဒေကို အားလုံးက သဘောတူပြီးနောက်  အင်္ဂလိပ်ကို တင်ပြရတယ်။ အင်္ဂလိပ်က သဘောတူလို့ ဒီ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ လွတ်လပ်ရေး ပေးခဲ့တာပဲဖြစ်ပါတယ်။ သဘောသဘာဝကို ကြည့်ရင် ပင်လီုညီလာခံက အချက်အလက် တွေအရ အခြေခံဥပဒေရေးဆွဲ သဘောတူခဲ့ကြလို့၊ ဒီအပေါ်မှာလည်း အင်္ဂလိပ်က သဘောတူလို့ အတူတကွလွတ်လပ်ရေး ရခဲ့တာ ဆိုတာ ရှင်းပါတယ်။ ဘယ်ကိစ္စ၊ ဘယ်အချက်က မတရားဖြစ်တာလဲ။ 
    နောက်မှ စော်ဘွားအာဏာ ကျဆင်းလာတဲ့ အပေါ်မှာ အာဏာကို ဒီမိုကရေစီနည်းလမ်းကရ ယူမယ့်အစား အာဏာကို ဆုပ်ကိုင်ထားနိုင်ဖို့ တန်းတူအခွင့်အရေး အကြောင်းပြပြီး ခွဲထွက်ခွင့်တောင်း လာခဲ့ကြတာ ပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ  ပင်လုံညီလာခံမှာ မပါတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုပါ ကူးစက်သွားခဲ့ကြတာပဲ ဖြစ်ပါတယ်။ သာမန်အားဖြင့် ပင်လုံညီလာခံအရဆိုရင် ခွဲထွက်ခွင့်က ရှမ်း၊ ကချင်နဲ့ ချင်းသာလျှင် ဆိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ သို့သော်ခွဲထွက်ချင်တိုင်း ခွဲထွက်လို့ မရပါဘူး။ ဒါ့အပြင် ကချင်ကပြည်နယ်ပေးရင် ခွဲမထွက်ဘူး၊ ချင်းက ဗမာနဲ့ပေါင်းပြီး ခွဲမထွက်ဘူးဆိုပြီး ကတိပေးထားကြတဲ့အတွက် ခွဲထွက်ခွင့်ဟာ ဖြစ်လာနိုင်စရာ မရှိဘူး။ ကချင်က ခွဲမထွက်ပါဘူး ပြောလို့ ပင်လုံမှာကတည်းက မြစ်ကြီးနားခရိုင်နဲ့ ဗန်းမော်ခရိုင်တို့ကို ကချင်ပြည်နယ်ထဲ ထည့်သွင်းဖွဲ့စည်းဖို့  သဘောတူခဲ့ကြတာပဲ ဖြစ်ပါတယ်။ 
    လွတ်လပ်ရေးပေးဖို့ ဘာလို့ ပင်လုံညီလာခံ ကျင်းပပြီး တိုင်းရင်းသားအဖွဲ့တွေနဲ့ ပူးပေါင်းဖို့ဆွေးနွေးစေခဲ့သလဲဆိုတော့ အင်္ဂလိပ်က ဒေသတစ်ခုဆီကို ဥပဒေပြုပြီး အုပ်ချုပ်ခဲ့တဲ့အတွက် သီးခြားလိုဖြစ်နေတာကို ပြန်လည်ပူးပေါင်းစေဖို့ပဲ ဖြစ်ပါမယ်။ သူတို့သိမ်းစဉ်အခါက ဗမာမင်း အာဏာစက်ရှိတဲ့ ဒေသတွေကို သီးခြားဥပဒေပြုပြီး ခွဲခြားအုပ်ချုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကိုပဲ သွေးခွဲအုပ်ချုပ်မှု Divided in Rule လို့ ခေါ်ကြတာပါ။ ၁၈၉၅ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ Kachin Hills Tribes Regulation၊ ၁၈၉၆ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ Chin Hills Regulation ၊ ၁၈၈၈ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ Shan States Act ကို ၁၉၂၂ ခုနှစ်မှာ ပြန်လည်ပြင်ဆင် ရေးဆွဲခဲ့တဲ့  Federated Shan States Act ၊ ၁၉၃၅ ခုနှစ်မှာ ရေး ဆွဲခဲ့တဲ့ Burma Act တွေအရ  မြန်မာနိုင်ငံကို ပုံစံလေးမျိုးနဲ့ ခွဲခြားအုပ်ချုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကျန်တိုင်းရင်းသားတွေကိုတော့ ဗမာထဲမှာ ထည့်ခဲ့တာပဲ ဖြစ်ပါ တယ်။ 
    ဆလိုင်းကစ်(ပ်)ရဲ့အပြောမှာ "NUG က တိုင်းနဲ့ပြည်နယ်တွေကို စွဲကိုင်ထားပြီး ခုထက်ထိ ၂၀၀၈ ခုနှစ်အခြေခံဥပဒေက မထွက်သေးဘူး။ ဗမာပြည်နယ် ဆိုတဲ့အသံကြားတာနဲ့ ကြောက်နေတဲ့ သဘောမှာ ရှိတယ်။ တိုင်းနဲ့ပြည်နယ်မရှိဘဲ ပြည်ထောင်အချင်းချင်း ပေါင်းတာမျိုးသာ တိုင်းရင်းသားတွေက လိုချင်ကြတာ"လို့ ပြောသွားတာ တွေ့ရတယ်။ သူတို့လိုချင်တဲ့ တိုင်းနဲ့ပြည်နယ်တွေမဟုတ်ဘဲ ပြည်ထောင် အချင်းချင်းပေါင်း မယ်ဆိုတာကို လက်ခံနိုင်တဲ့ အတိုင်းအတာ ရှိ၊ မရှိ ဗမာတွေရော၊ ပြည်ထောင်စုတိုင်း ရင်းသားတွေရော စဉ်းစားသင့်တယ်။ သူ့ရဲ့အပြောက ဖက်ဒရယ်မဟုတ်ဘူး။ ကွန်ဖက်ဒရေးရှင်း ဖြစ်နေ ပြီ။ ပြည်နယ်ခွဲထွက်ခွင့် မရတဲ့အခါ ရှမ်းစော်ဘွားတွေ ဝါဒဖြန့်ပြီး တောင်းဆိုခဲ့တဲ့ ရှစ်ပြည်နယ်မူထက်ပင် ဆိုးနေတာကို တွေ့ရပါလိမ့်မယ်။ ဘယ်လိုမှ လက်ခံလို့မရပါဘူး။ 
    ရှစ်ပြည်နယ်မူပင်လျှင် မဖြစ်သင့်တဲ့မူအဖြစ် ဗမာတွေက လက်ခံထားသလို ပြည်ထောင်စုအမြင်ကျယ်ပြီး ပြည်ထောင်စုမပြိုကွဲလိုတဲ့ တိုင်းရင်းသားခေါင်း ဆောင်တွေကပင် လက်ခံခဲ့ကြတာ သမိုင်းကို ပြန်ကြည့်ရင် တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးဖို့ ပြည်ထောင်စုဖွဲ့စည်းချိန်မှာ တိုင်း နဲ့ပြည်နယ်ဖွဲ့စည်းထားတာဟာ အင်္ဂလိပ်ခေတ်က အတိုင်းသာလျှင်ဖြစ်ပါတယ်။ ထူးပြီး ဗမာက ပိုယူထား တာ မရှိဘူး။ ဒီအပေါ်မှာ ပြဿနာက ကျန်တိုင်းရင်းသားတွေဖြစ်တဲ့ ကရင်၊ မွန်နဲ့ ရခိုင်အရေးပဲ ဖြစ်ပါ တယ်။ ကရင်ကို ပြည်နယ်ပေးမယ်လို့ အခြေခံဥပဒေမှာ ဆိုထားပေမယ့် လွတ်လပ်ရေးရချိန်မှာ တိတိပပ ပေးထားတာမရှိတဲ့အတွက် သီးခြားနယ်မြေ လိုချင်တဲ့ ကရင်တွေ လက်နက်ကိုင်လမ်းစဉ်နောက်ကိုလိုက် ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ၁၉၅၀ ပြည့်နှစ်မှာ ဖြစ်သင့်တဲ့အတိုင်း ကရင်ပြည်နယ်ပေးခဲ့ပေမယ့် လက်နက် ကိုင်ထားပြီး နယ်မြေစိုးမိုးထားတဲ့ ကရင်တွေက လက်မခံခဲ့ကြပါဘူး။ အခုမှသာ စစ်အာဏာရှင် ဘာညာ အကြောင်းပြနေတာပဲ ဖြစ်ပါတယ်။ ကရင်လက်နက်ကိုင်  အဖွဲ့တွေရဲ့ တပ်ဖွဲ့စည်းမှုနဲ့ လက်ရှိနေရာယူ ထားမှုတွေကိုကြည့်ရင် ပေးထားတဲ့ ကရင်ပြည်နယ်ထက် နယ်မြေပိုယူထားတာကို ရှင်းရှင်းလင်းလင်း တွေ့ရမှာဖြစ်ပါတယ်။ ပြည်ထောင်စုအတွက် ဖြစ်သင့်သလားဆိုတာ စဉ်းစားရမယ့်ကိစ္စလို့သာ ဆိုရပါလိမ့်မယ်။ 
    ကရင်လက်နက်ကိုင်တော်လှန်ရေးဟာ လက်ရှိဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေရဲ့ ပြဿနာအစသာ ဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တန်းတူအခွင့်အရေးရဖို့ တော်လှန်နေတဲ့ တော်လှန်ရေးဆိုတာဟာ ပြည်ထောင်စုထဲက ခွဲထွက်လိုတဲ့အတွက် လက်နက်ကိုင် လမ်းစဉ်နောက် လိုက်ခဲ့ကြတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ လုပ်ရပ်ကတစ်ဆင့် ကူးစက်လာတဲ့ ကူးစက်မှုတစ်ခုသာ ဖြစ်ပါတယ်။ 
    လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ ပင်လုံညီလာခံ သဘောတူညီချက်အတိုင်း မလုပ်ဆောင်ခဲ့လို့ မဟုတ်ဘူးဆိုတာ တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့တွေအပါအဝင် တိုင်းရင်းသား ပြည်သူလုထုအား လုံး နားလည် လက်ခံကြဖို့လိုပါတယ်။ ပင်လုံညီလာခံကတစ်ဆင့်  ဖြစ်သင့်တဲ့ အခြေအနေတွေကို ဆင့်ကဲ တိုးတက်ပြောင်းလဲမှုအဖြစ် လက်ခံကြဖို့ လိုပါလိမ့်မယ်။ ဥပမာအားဖြင့် ပင်လုံညီလာခံမှာ မပါတဲ့ တိုင်းရင်းသားတွေကို ပြည်နယ်ပေးထားတဲ့ကိစ္စတွေ၊ တိုးတက်လာတဲ့ တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ အခြေအနေတွေအပေါ်မှာ ဘယ်လိုသဘောထားကြမလဲ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရလို့ဆိုပြီး ကြွေးကြော်နေကြသူတွေအနေနဲ့ သက်ဆိုင်ရာ ပြည်နယ်အတွင်းမှာ တိုးတက်လာနေတဲ့ တိုင်းရင်းသားတွေအရေးကို ဘယ်လိုစဉ်းစားကြမလဲ။ လက်ရှိအခြေအနေတွေအရ တည့်မေးရရင် ရှမ်းပြည်နယ် အတွင်းမှာရှိတဲ့ 'ဝ'နဲ့ကိုးကန့်အဖွဲ့တွေကို ဘယ်လိုထားမလဲ။ ပင်လုံညီလာခံအရဆိုရင် ဘာနေရာမှပေးစရာ မလိုဘူး မဟုတ်ပါလား။ လက်ရှိအချိန်မှာ ဖြစ်နိုင်ပါ့မလား။ 
    ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ ပင်လုံသဘောတူညီချက်နဲ့ ရှစ်ပြည်နယ်မူဆိုတာ ခေတ်မမီတော့ဘူး။ ပြည်ထောင်စုအချင်းချင်း ပေါင်းဖို့လိုတယ်ဆိုတဲ့ ဆလိုင်းကစ်(ပ်)ရဲ့စကားအရ မေးလိုတာက ချင်းပြည်ထောင်ဘယ်လိုဖွဲ့မလဲ။ ချင်းအချင်းချင်းရော စည်းလုံးကြရဲ့လား။ အရင်ညှိဖို့ရော အဆင်ပြေပါ့ မလား။ ရှမ်းပြည်နယ်အတွင်းမှာ ပြည်ထောင်တွေ ဘယ်လိုဖွဲ့မလဲ။ 'ဝ'ပြည်ထောင်၊ ပလောင်ပြည်ထောင်၊ ကိုးကန့်ပြည်ထောင်၊ ရှမ်းပြည်ထောင်စသဖြင့် ပြည်ထောင်တွေ အရင်ဖွဲ့မှာလား။ ဒါမှမဟုတ် ရှမ်းပြည် ထောင်အတွင်းမှာ ကျန်တိုင်းရင်းသားတွေက ပင်လုံညီလာခံ မတိုင်ခင် စော်ဘွားခေတ်ကလို မော်မဖူးရတဲ့ အနေအထားနဲ့ ရှမ်းတွေကိုခစားရမှာလား။ သူတို့က လက်ခံပါ့မလား။ ကျန်ပြည်နယ်တွေ တစ်ခုချင်းတော့ မမေးတော့ပါဘူး။ ပေ ရှည်နေမှာဆိုးလို့။ Evolution အရခေတ်တွေ၊ စနစ်တွေ ပြောင်းလဲလာတဲ့အချိန်မှာ တိုးတက်လာတဲ့ အခြေအနေအတိုင်း Realism အရသာ စဉ်းစားသင့်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေ ခံဥပဒေတွေကို ကြည့်ရင် တိုင်းရင်းသား အခွင့်အရေးကို  ခေတ်အခြေအနေအလိုက် တိုးပေးခဲ့တာ တွေ့ရမှာ ဖြစ် ပါတယ်။ ၁၉၇၄ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်အခြေခံဥပဒေတွေဟာ ပင်လုံသဘောတူညီချက်ထက် အများကြီး သာပါတယ်။ ဒီအခြေခံဥပဒေတွေ ရေးဆွဲတိုင်းမှာလည်း သြဇာရှိတဲ့ တိုင်းရင်းသားအကြီးအကဲတွေ၊ ပညာတတ်တွေ ပါပါတယ်။ ပင်လုံညီလာခံရဲ့ အနှစ်သာရကို ယူချင်ရင်တော့ ဆွေးနွေးချက်တွေထက် 'ပေါင်းစည်းညီညွတ်ရေး'တစ်ခုကိုသာ ယူသင့်ပါတယ်။ 
    လက်ရှိအခြေအနေတွေနဲ့ ဆလိုင်းကစ်(ပ်)ရဲ့ အပြောအရဆိုရင် NUG နဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေကြား ဆက်ဆံရေးဟာ အပြန်အလှန် ယုံကြည်မှုအပြည့်နဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးမဟုတ်တာ သေချာပါတယ်။ သေချာပေါက်ပြောရရင် NUG အနေနဲ့ သူ့ကိုသူ အစိုးရသာ ကြေညာထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ်မှာ ဘာသြဇာမှမရှိပါ။ NUG ဝန်ကြီးဆိုတဲ့ ဇော်ဝေစိုး က KIA ဒုဥက္ကဋ္ဌ ဂွမ်မော်နဲ့ တွဲရိုက်ထားတဲ့ပုံကို သူရဲ့ Facebook Account မှာ တင်ပြီး ဂွမ်မော်ကို 'ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ရဲ့ ခေါင်းဆောင်'ဆိုပြီး တင်ထားတာကိုကြည့်ရင် NUG ရဲ့  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပေါ်မှာ သြဇာညောင်းတာလား၊ ဖားနေရတာလားဆိုတာ အဖြေပေါ်ပါတယ်။ သီးခြား ဝမ်ပေါင်နိုင်ငံထူထောင်ဖို့ ရည်မှန်းချက်ထားနေတဲ့အဖွဲ့က ခေါင်းဆောင်တစ်ဦးကို ဒီလိုပြောတာ သူကိုယ်တိုင်ပင် သီးခြားနိုင်ငံတွေအနေနဲ့ ပူးပေါင်းမယ့် Confederation စနစ်ကို သဘောကျနေတာလား၊ ဆေးသာကုတတ်ပြီး နိုင်ငံရေးမသိတာလား ဒါမှမဟုတ် သူတို့လိုဘပြည့်အောင် ဖားနေတာလားဆိုတာကတော့ ကာယကံရှင်သာ အသိဆုံး ဖြစ်ပါလိမ့်မယ်။ အရှက်ဗြန်းဗြန်းကွဲတာကတော့ KIA လော်ဘီ GSA HP Account က ဇော်ဝေစိုးကို ဒီလိုအသုံးမချဖို့ နှစ်ပြားမတန်အောင် တုံ့ပြန်ပြောဆိုတာပဲ ဖြစ်ပါတယ်။  အလားတူ TNLA က တာဘုန်းကျော်ကိုပါ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်၏ ခေါင်းဆောင်ဆိုပြီး ထပ်တင်တာတွေ့လိုက်ရတော့ သေချာတယ်။ NUG အနေနဲ့ EAO အဖွဲ့ တွေကို ဖားနေရတာက ပိုသေချာမယ် ထင်တယ်။ 
    လက်ရှိအခြေအနေတွေအရ သေချာပေါက် ပြောလိုတာကတော့ သူတို့ပြောတဲ့ နွေဦးတော်လှန်ရေးသာ အောင်မြင်ခဲ့ရင် မြန်မာပြည် ပြိုကွဲပြီ'ဆိုတာပါပဲ။ 
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 31

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48477

© 2022 - 2025 News. All Rights Reserved.