၂၀၂၅ ၊ ဇူလိုင် ၁၈
"ပြည်တွင်း အသေးစား၊ အလတ်စား (SME) လုပ်ငန်းရှင်တွေအတွက် ရင်းနှီးမြှုပ်နှံဖို့ကတော့ အရေးကြီးဆုံးပေါ့။ ရေရှည် ရင်းနှီးမြှုပ်နှံဖို့လည်း အရေးကြီးတယ်။ အဆင့်ဆင့်တိုးမြှင့်ဖို့ကလည်း ငွေကြေးအရင်းအနှီးက လိုအပ်ပါတယ်။ အဲဒါအပြင် အဓိက လိုအပ်နေတာ နည်းပညာ အခက်အခဲပေါ့ဟု ပြောကြားသည့် NEW A1 Family ကုမ္ပဏီလိမိတက် ဒါရိုက်တာ ဒေါက်တာအေးခိုင်စိုးနှင့် ပြည်တွင်းထုတ်ကုန် လုပ်ငန်းရှင်များ၏ အခက်အခဲများနှင့် လိုအပ်ချက်များကို တွေ့ဆုံမေးမြန်း၍ ပြန်လည် ဖော်ပြလိုက်ပါသည်။
TREND ။ ။ A1 Family မှာ ဘယ်လိုမျိုး ထုတ်ကုန်တွေကို ထုတ်လုပ်ဖြန့်ချိနေတယ်ဆိုတာကို မိတ်ဆက်ပေးပါဦး။
Dr.AKS ။ ။ A1 Family က အကောင်းစား ငရုတ်သီးမှုန့်၊ နနွင်းမှုန့်နဲ့ ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုးကို ထုတ်လုပ်ပါတယ်။ ပြည်တွင်းရော၊ ပြည်ပရော ဖြန့်ချိပေးပါတယ်။ ထုတ်ကုန်အနေနဲ့က မဆလာ၊ ငရုတ်ကောင်းမှုန့်၊ အရသာမှုန့်နဲ့ အခုလတ်တလော ခေတ်စားနေတဲ့ မာလာဟော့ပေါ့၊ မာလာမောက်ချိုက်၊ မာလာရှမ်းကော၊ စွယ်စုံမာလာဟင်းတွေကိုလည်း ထုတ်သလို ကျွန်မတို့စက်ရုံနဲ့ ပွဲရုံပင်ရင်းက မြစ်သားမှာ ရှိတဲ့အတွက်ကြောင့် မြစ်သားကြက်သွန်နီကြော်နဲ့ ရှမ်းပြည်အောင် ပန်းကထွက်တဲ့ ကြက်သွန်ဖြူကြော်ကိုလည်း ထုတ်လုပ်နေတယ်။ သူက နိုင်ငံတကာ ဈေးကွက်ကိုလည်း ယှဉ်ပြိုင်နိုင်တယ်။ အချိုအာဟာရကလည်း အများကြီးရှိတဲ့အတွက် အဲဒါကိုလည်း အိမ်ရှင်မတံဆိပ်နဲ့ ထုတ်လုပ်နေ တာတွေ ရှိပါတယ်။ နိုင်ငံတကာဈေးကွက်က စိတ်ဝင်စားလို့ အမြဲမှာယူနေတာတွေ ရှိပါတယ်။

TREND ။ ။ ငရုတ်၊ ကြက်သွန်ကုန်ကြမ်းရရှိမှု အခြေအနေလေးကိုလည်း ပြောပြပေးပါဦး။
Dr.AKS ။ ။ ကုန်ကြမ်းယူတာကတော့ ကျွန်မတို့အနေနဲ့က ပွဲရုံရှိပါတယ်။ ပွဲရုံက ၁၉၈၂ ခုနှစ်က တည်းက စတင်ခဲ့ပြီးတော့ ငရုတ်၊ ကြက်သွန်တွေကို ရောင်းဝယ်ခဲ့တာပေါ့။ မြန်မာနိုင်ငံမှာရှိတဲ့ ငရုတ်၊ ကြက်သွန် ထွက်ရှိတဲ့ဒေသတွေ အကုန်လုံးဖြစ်တဲ့ မြစ်သား၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ ပြီးရင် ဧရာဝတီ အဲဒီဒေသတွေ အကုန်လုံးမှာ ပွဲရုံခွဲတွေရှိပါတယ်။ အဲဒီ ပွဲရုံခွဲကနေတစ်ဆင့် ငရုတ်၊ ကြက်သွန်တွေကို တောင်သူတွေဆီက တိုက်ရိုက်ဝယ်ပြီးတော့မှ ကုန်ကြမ်းရရှိပါတယ်။ နောက်ကျွန်မတို့အနေနဲ့ တောင်သူတွေနဲ့ စပ်တူသွားတာကတော့ ရှမ်းပြည်(တောင်ပိုင်း)မှာလည်း ရှိတယ်။ အဲဒီလိုမျိုးကနေ ကုန်ကြမ်းကို ရရှိပါတယ်။ ငရုတ်သီးက လွန်ခဲ့တဲ့ နှစ်နှစ်က Export များတဲ့အတွက် ဈေးအရမ်း ထိုးတက်သွား တာရှိတယ်။ ကျွန်မတို့က စက်ရုံ၊ ပွဲရုံတွေ ရှိတဲ့အတွက် ခြောက်လစာလောက် ဝယ်ယူထားရင် ဈေးနှုန်းထိုးတက် သွားတာ၊ ကျသွားတာတွေမှာ အတတ်နိုင်ဆုံး ညင်ညင်သာသာလေးဖြစ်အောင် လုပ်ကိုင်နိုင်တယ်။ အခြားကုန်စည်တွေတော့ ဈေးနှုန်းအတက်အကျလေးတွေ ရှိတယ်။
TREND ။ ။ တောင်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး ကုန်ကြမ်းဝယ်ယူတာဆိုတော့ တောင်သူတွေ ဘက်မှာရော ဘယ်လိုမျိုး အခက်အခဲလေးတွေရှိလဲ။
Dr.AKS ။ ။ တောင်သူတွေနဲ့ ကျွန်မတို့ အနီးကပ် အလုပ်လုပ်ကိုင်တဲ့အခါမှာ သူတို့ဆီမှာ နည်းပညာ လိုအပ်ပါတယ်။ ကျွန်မတို့အနေနဲ့ ပူးပေါင်းပြီးလုပ်ကိုင် သွားတဲ့အချိန်မှာလည်း နည်းပညာတွေ မျှဝေပေးတာရှိတယ်။ သူတို့မှာ ရင်းနှီးမြှုပ်နှံမှု စိုက်စရိတ်တွေ မျှဝေပေးတာရှိတယ်။ နည်းပညာ အခက်အခဲတွေနောက် တောင်သူတွေက GAP လက်မှတ်တွေ လိုချင်တယ်။ အဲဒီအတွက် GAP သင်တန်းတွေ လိုအပ် နေတာတွေ ရှိတယ်။ အဲဒါတွေကို ကျွန်မတို့အနေနဲ့ ပူးပေါင်းပြီး သင်တန်းဆရာတွေ ငှားပြီးတော့ GAP သင်တန်းတွေ ပို့ချတာမျိုးတွေ ရှိပါတယ်။ တောင်သူတွေဆီက ကုန်ကြမ်းကိုလည်း ဈေးကွက်ပေါက်ဈေးအတိုင်း ပြန်ဝယ်ယူပေးပါတယ်။ သင်တန်းချတာကတော့ တစ်ပိုင်းပေါ့နော်။
TREND ။ ။ အခုလက်ရှိပိုင်းမှာရော ထုတ်လုပ်မှုက ဘယ်လိုမျိုးလေး ထုတ်လုပ်နေလဲဆိုတာလည်း ရှင်းပြပေးပါဦး။
Dr.AKS ။ ။ ကျွန်မတို့စက်ရုံက မြစ်သားမြို့နယ် ကူမဲမှာ တည်ရှိတာပေါ့နော်။ စက်ရုံက ၂၀၁၉ ခု နှစ်မှာ စက်ရုံကို တည်ဆောက်ခဲ့တယ်။ စက်ရုံတည် ဆောက်တဲ့အခါမှာလည်း ISO ဂိုက်လိုင်းအတိုင်း တည်ဆောက်ခဲ့ပြီးတော့ ၂၀၁၉ မေလမှာ ISO နဲ့ GMP လက်မှတ်တွေအပြင် မြန်မာနိုင်ငံ FDA လက်မှတ်ပါ ရ ရှိခဲ့ပါတယ်။ ရရှိပြီးနောက်ပိုင်းမှာ အကောင်းစား ငရုတ်သီးမှုန့်၊ နနွင်းမှုန့်တွေကို စပြီးတော့ ထုတ်လုပ်ပါတယ်။ ငရုတ်သီးမှုန့်ဆိုလည်း တောင်သူတွေဆီက ငရုတ်သီးအစိုကို ဝယ်ယူတယ်။ ပြီးရင် စက်ရုံမှာ ရေဆေးတယ်။ ပြီးရင် အဆင့်ဆင့် ကြိတ်ခွဲသန့်စင်ပြီးတော့မှ လှန်းပါတယ်။ လှန်းတဲ့အခါမှာလည်း အခြောက်ခံနည်းစနစ်က သုံးခုရှိပါတယ်။ အဲဒီလိုမျိုး အခြောက်ခံပြီးရင် Quality ပိုင်းတွေ စမ်းသပ်ရတယ်။ စက်ရုံရဲ့ ကိုယ်ပိုင်ဓာတ်ခွဲခန်းမှာ ကင်ဆာဖြစ်စေတဲ့ မှိုအဆိပ်ကို ဓာတ်ခွဲစစ်ဆေးထိန်း ချုပ်ပြီးတော့မှ ထုတ်လုပ်တာ ဖြစ်ပါတယ်။ အစိုဓာတ်ကိုလည်း ၁၀ ရာခိုင်နှုန်းအောက်မှာ ထိန်းချုပ်ပြီးတော့ ထုတ်လုပ်တာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် မှိုအဆိပ်ကနေမှတစ်ဆင့် စားလိုက်တဲ့အချိန်မှာ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အူလမ်းကြောင်းကင်ဆာတွေ ဖြစ်တတ်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်မတို့စက်ရုံကထုတ်တဲ့ ငရုတ်သီးထုတ်ကုန်တွေအပြင် အခြားထုတ်ကုန်တွေ အကုန်လုံးက ဓာတုဗေဒဆိုးဆေးတွေ၊ အရောအနှောတွေ၊ မှိုအဆိပ်တွေမပါဘူး။ ကင်းစင်အောင် သေချာစိစစ်ပြီးမှ ထုတ်လုပ်တာဖြစ်ပါတယ်။
TREND ။ ။ ဒီနှစ်က အခြေခံကုန်ဈေးနှုန်းတွေက ဈေးတက်ကြတော့ ငရုတ်၊ ကြက်သွန်နီ ဈေးနှုန်းတွေရော ဘယ်လိုအခြေအနေအထိရှိလဲ။ ဘယ်လောက်အထိ ဈေးတက်သွားလဲ။
Dr.AKS ။ ။ မြန်မာနိုင်ငံက အသေးစားအလတ်စား လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ပြောရရင် ကျွန်မတို့ ထုတ်ကုန်တွေအနေနဲ့က ကုန်ကြမ်းတွေက မြန်မာပြည်ကရတယ်။ ပြည်တွင်းက ထုတ်ကုန်တွေ ဖြစ်တယ်။ ဒါပေမဲ့ တချို့ပါကင်တွေက နိုင်ငံခြားကနေမှာ ယူတာဖြစ်တဲ့အတွက် ပါကင်အခက်အခဲတွေရှိတယ်။ ကုန်ကြမ်းအခက်အခဲကတော့ မရှိဘူး။ ကျွန်မတို့က တောင်သူနဲ့ တိုက်ရိုက်သွားတာ ဖြစ်တဲ့အတွက်ကြောင့် အခြားပစ္စည်းတွေနဲ့ ဈေးနှုန်းအရလည်း ယှဉ်နိုင်တယ်။ အရည်အသွေးမြင့် ထုတ်ကုန်တွေကိုလည်း ထုတ်နိုင်အောင် စက်ရုံ တည်ထောင်ထားတဲ့အတွက် အရည်အသွေးမြင့် ထုတ်ကုန်တွေကိုလည်း ထုတ်လုပ်နိုင်ပါတယ်။
TREND ။ ။ A1 Family အနေနဲ့ ပြည်တွင်းဈေးကွက်ကို ဘယ်လောက်ရာခိုင်နှုန်းအထိ ထုတ်လုပ် ဖြန့်ချိပြီး ဈေးကွက်ရရှိနေပြီလဲ။
Dr.AKS ။ ။ ကျွန်မတို့ A1 Family အနေနဲ့ တောင်သူဆီကဝယ်ပြီး အဆင့်ဆင့် ရေဆေးပြီးတော့ ဓာတ်ခွဲစစ်ဆေးတာတွေ၊ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရထားတဲ့ အတွက်ကြောင့် ဈေးနှုန်းတန်းက ၁၀၀ ရာခိုင်နှုန်း ဝယ်သူတွေသုံးဖို့အတွက် ခက်ခဲပါတယ်။ ကျွန်မတို့အနေနဲ့က မက်ခရို၊ City mart နဲ့ အိုးရှင်းတွေ မှာ တင်ထားတယ်။ အဆင့်မြင့် ကုန်တိုက်ကြီးတွေမှာ တင်ထားတယ်။ မက်ခရိုမှာဆိုရင်လည်း ကျွန်မတို့ ထုတ်ကုန်က ရောင်းအားအကောင်းဆုံးထဲမှာ ပါပါတယ်။ ဈေးကွက်ရရှိမှုကတော့ နည်းနေသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ နိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်းအရရော၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုအရ ရောဆိုတော့ စားသုံးတဲ့သူတွေက ဈေးနှုန်းတန်းကိုလည်း ကြည့်ရတာကတစ်ကြောင်း၊ ကျွန်မတို့ရဲ့ ကျန်းမာရေးအသိပေါ့နော်။ ကင်ဆာဖြစ်စေတတ်တဲ့ မှိုအဆိပ်တွေရှိတယ်။ ဆိုးဆေးတွေ ပါတတ်တယ်ဆိုတဲ့ အကြောင်း အရာတွေကို သိရှိမှုက နည်းပါးနေတယ်။ အဲဒါ ကျွန်မတို့ဘက်ကလည်း SME တွေက လည်း တာဝန်ရှိပါတယ်။ စားသုံးသူတွေ အသိပညာ ဖြန့်ဝေဖို့လည်း တာဝန်ရှိပါတယ်။ အဲဒါတွေလည်း ကျွန်မတို့ဘက်က တတ်နိုင်သလောက် ကြိုးစားလုပ်ကိုင် နေပါတယ်။
TREND ။ ။ SME လုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေ ပြောပြပေး ပါဦး။
Dr.AKS ။ ။ SME လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲကတော့ လျှပ်စစ်မီး ခက်ခဲတယ်။ ကုန်ကြမ်းရရှိမှုက ကျွန်မတို့က ပြည်တွင်းကုန်ကြမ်းဖြစ်တဲ့အတွက်ကြောင့် ကုန်ကြမ်းက လွယ်ကူတယ်။ တချို့ ထုတ်ကုန်ကုန်ကြမ်းဆိုရင် ကုန်ကြမ်းရရှိမှုခဲယဉ်းတယ်။ ပါကင်တွေ အများစုက နိုင်ငံခြားကနေလာရတယ်။ နိုင်ငံတကာ ဈေးကွက်နဲ့ယှဉ်ရင် ပါကင်ကောင်းကောင်းရှိဖို့လိုတယ်။ ကျွန်မတို့ ပြည်တွင်းမှာ ရရှိနိုင်တဲ့ ပါကင်ဘူးတွေနဲ့ နိုင်ငံတကာမှာ ယှဉ်ရောင်းရင် အထဲက ထုတ်ကုန်ကတော့ ယှဉ်နိုင်တယ်။ ကျန်တာက မယှဉ်နိုင်ဘူးဖြစ်နေတယ်။ အခက်အခဲရှိနေတယ်။ တခြားအခက်အခဲတွေကတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ လုပ်သားရှားပါးတာတွေ၊ သယ်ယူပို့ဆောင်ရေး စရိတ်တွေကြီးမြင့်တာတွေ ကြုံတွေ့နေပါတယ်။
TREND ။ ။ အသေးစား၊ အလတ်စားလုပ်ငန်းတွေအတွက် ချေးငွေထုတ်ချေးပေးတာတွေရှိတယ်။ တကယ် ချေးငွေပဲလိုတာလား၊ တခြားလိုအပ်ချက်တွေရှိနေရင်လည်း ပြောပြပေးပါဦး။
Dr.AKS ။ ။ SME လုပ်ငန်းရှင်တွေအတွက် ရင်းနှီးမြှုပ်နှံဖို့ကတော့ အရေးကြီးဆုံးပေါ့။ ရေရှည်ရင်းနှီးမြှုပ်နှံဖို့လည်း အရေးကြီးတယ်။ အဆင့်ဆင့် တိုးမြှင့်ဖို့ကလည်း ငွေကြေးအရင်းအနှီး လိုအပ်ပါတယ်။ အဲဒါအပြင် အဓိကလိုအပ်နေတာ နည်းပညာအခက်အခဲ။ အခုက သိပ္ပံနဲ့ နည်းပညာဌာနကလည်း ကျွန်မတို့ကို အများကြီး ထောက်ပံ့ပေးပါတယ်။ ဒါပေမဲ့ ကျွန်မတို့က ဒီ့ထက်ပိုပြီး လိုအပ်နေတာက နည်းပညာ အခက်အခဲတွေ အများကြီး ရှိနေပါသေးတယ်။ ဈေးကွက်ချိတ် ဆက်တာရော၊ ပြည်တွင်းမှာရော ပြည်ပမှာပါ လိုအပ်တာပါ။ အခုဆိုရင် စီးပွား ရေးသံမှူးတွေက နိုင်ငံအလိုက်မှာ ၁၇ နိုင်ငံ၊ ၁၈ နိုင်ငံလောက်မှာ စီးပွားရေးသံမှူးတွေက အားတက်သရောနဲ့ ကျွန်မတို့ SME လုပ်ငန်းတွေ အတွက်ကို ချိတ်ဆက်ပေးနေတာ တကယ်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီ့ထက်ပိုပြီးတော့ ထိုးဖောက်ဖို့ လိုအပ်နေပါသေးတယ်။
TREND ။ ။ ဒီလိုပြပွဲတွေမှာ ပါဝင်ပြသတာက ဈေးကွက် ပိုမိုဖော်ဆောင်တာပေါ့နော်။
Dr.AKS ။ ။ အဲဒါတော့ နှစ်မျိုးပေါ့။ ကျွန်မတို့ ဝယ်သူတွေနဲ့ ထိတွေ့ချင်တယ်၊ ထုတ်ကုန်တွေကို ရှင်းပြချင်တယ်၊ မရှင်းပြရင် မသိဘူး။ ငရုတ်သီးမှုန့်ချင်းတူတယ်။ ဒီငရုတ်သီးက ဈေးကြီးနေလည်း ဒီငရုတ်သီးကို ဘာကြောင့် စားသုံးသင့်သလဲ ဆိုတာပေါ့။ ဈေးနှုန်းအရတော့ နှစ်ဆ၊ သုံးဆဈေးကြီးတာ မဟုတ်ဘူး။ ရာခိုင်နှုန်းအနည်းငယ် ဈေးကြီးတာပေါ့နော်။ ဒါလည်း ထုတ်ကုန်က စောစောက အဆင့်ဆင့် ပြုလုပ်တဲ့အတွက်ကြောင့်နဲ့ ဓာတ်ခွဲစစ်ဆေးတာကြောင့်ပါ။ ဓာတုဆိုးဆေးပါတယ်။ အရောအနှောတွေ ပါတယ်။ ဒါတွေကို စားသုံးရင် ဘယ်လိုဖြစ်မလဲဆိုတာကို စားသုံးသူတွေ သိစေချင်တဲ့အတွက် အခုလိုပြပွဲ တွေမှာ ပါဝင်ပြသပြီး အသိပညာဗဟုသုတတွေမျှ ဝေပေးနေပါတယ်။
TREND ။ ။ ပြည်တွင်းအသေးစားအလတ်စား လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ တောင်းဆိုချင်တာ လေးရှိရင် ပြောပေးဦး။
Dr.AKS ။ ။ လုပ်ငန်းရှင်တွေအနေနဲ့က နည်းပညာအထောက်အပံ့တွေ လိုအပ်ပါတယ်။ နည်းပညာတွေက ခေတ်ပေါ်နည်းပညာတွေ၊ စားသောက်ကုန်ထုတ်တဲ့ နည်းပညာတွေ လိုအပ်တယ်။ ဈေးကွက် ချိတ်ဆက်တာတွေ လိုအပ်ပါတယ်။ တချို့ အင်တာနေရှင်နယ်ပြပွဲမှာ ပြခန်းခတွေ ဈေးကြီးတဲ့အတွက်ကြောင့် ဝင်ရောက်ပြသခွင့်မရတာတွေ ရှိတယ်။ အဲဒီလိုမျိုးတွေကိုလည်း သက်ဆိုင်ရာဌာနအသီးသီးက ဆောင်ရွက်ပေးမယ်ဆိုရင်လည်း ကျွန်မတို့အတွက် ဈေးကွက်ထိုးဖောက်တဲ့နေရာမှာ ပိုပြီးတော့ လွယ်ကူ ပါတယ်လို့ ပြောချင်ပါတယ်။ ကျွန်မတို့ SME ထုတ်ကုန်တွေမှာ အသစ်အသစ် ထုတ်ကုန်တွေ ထုတ်လုပ် လာတာရှိတဲ့အတွက်ကြောင့် မို့လို့ ပြည်တွင်းထုတ်ကုန်ကို ပိုပြီး များများအားပေးပါ။ တကယ်လို့ အားနည်းချက်တွေ တွေ့တယ်ဆိုရင် ထောက်ပြပေးပါ။ အဲဒါမှ ပိုမို ကောင်းမွန်စေတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ (သက်မှူး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )