ဖယ်ရီလုပ်ငန်းမှာ ကားအစီးရေ ၁၀၀ ပြည့်အောင် တည်ထောင်သွားမယ်ဆိုတဲ့ ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေပါတယ် . . . U YE GROUP ဖယ်ရီလုပ်ငန်းပိုင်ရှင် ဦးရဲနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၅၊ ဇူလိုင် ၂၅
    အထည်ချုပ်စက်ရုံနဲ့ ညှိပြီးတော့ ဝန်ထမ်းလည်း မနစ်နာအောင် တစ်ယောက်နဲ့တစ်ယောက် မျှတတဲ့နှုန်းနဲ့ သတ်မှတ်ပြီးတော့ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ဖယ်ရီလုပ်ငန်း စလုပ်ဖို့က ကျွန်တော်က ဟိုက်ဝေးကို အရင်လုပ်ခဲ့တာ၊ အဲဒီလိုလုပ်ခဲ့ပြီးမှ ကျွန်တော် ပြန်စိစစ်တယ်။ ကျွန်တော်တို့ နိုင်ငံမှာက ဖယ်ရီလုပ်ငန်းက စက်ရုံတွေ အများကြီးရှိတယ်လေ မတိမ်ကောဘူး။ အဲဒီအတွက် ဒီလုပ်ငန်းကို ဇောက်ချလုပ်မယ် ဆိုပြီးတော့ လုပ်ခဲ့တာပါ"ဟု ဖယ်ရီလုပ်ငန်းအတွက် ကားတည်ထောင်ထားသည့် U YE GROUP ဖယ်ရီလုပ်ငန်းပိုင်ရှင် ဦးရဲနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါ တယ်။


TREND    ။    ။ လက်ရှိ ဖယ်ရီကားပြေးဆွဲနေ တာနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။
U Ye    ။    ။
ကျွန်တော်တို့စက်ရုံက မှော်ဘီနဲ့ မြောင်းတကာကြားမှာ ရေတွင်းကုန်းကျေးရွာမှာရှိတဲ့န အထည်ချုပ်စက်ရုံနဲ့အတူ သုံးရုံ ရှိပါတယ်။ ကျွန်တော့်ကားတွေကို တရုတ်အထည်ချုပ်စက်ရုံနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ပြီး ကားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ပါတယ်။ အဲဒီမှာ ဝန်ထမ်းပေါင်း ၆၀၀၀ ကျော် ရှိပါတယ်။ ဖယ်ရီအနေနဲ့ ပြေးဆွဲပေးနေတာ အဲဒီမှာ ကျွန်တော့်ကားတွေ ၇၄ စီးကျော်လောက် ရှိပါတယ်။ ဝန်ထမ်းကတော့ စက်ရုံသုံးရုံဆိုရင်တော့ ၁၂၀၀၀ ကျော် လောက်ရှိပါတယ်။ ကျွန်တော်ရဲ့ ရည်မှန်းချက်ကတော့ ကားအစီးရေ ၁၀၀ ပြည့်အောင် ဆောင်ရွက်သွားမှာပါ။ အဲဒါ ကျွန်တော့်ရဲ့ ရည်မှန်းချက်ပါ။ ဟိုက်ဝေးလမ်းကြောင်းတွေမှာလည်း ပါဝင်ပြေးဆွဲဖို့လည်း အစီအစဉ်ရှိပါတယ်။


TREND    ။    ။ ကားစတင် လုပ်ကိုင်တုန်းက တစ်စီးနဲ့ ဆောင်ရွက်တာလို့ သိရတယ်။ ဘယ်လိုမျိုး ကြိုးစားခဲ့ရလဲ။
U Ye    ။    ။
ဟုတ်ပါတယ်။ ကားတစ်စီးကနေစပြီး ကြိုးစားခဲ့ရတာပါ။ နေ့မအိပ်၊ ညမအိပ်နဲ့ ကြိုးစားခဲ့ ရတာပါ။ အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ စထောင်တာက ဟိုင်းလတ်ကနေစပြီး ထောင်တာပါ။ ဟိုင်းလတ်ခေတ်ကနေပြီးတော့ ဟွန်ဒိုင်းပြောင်းတယ်။ အဲဒီကနေမှ မော်လမြိုင်လမ်းကြောင်းကို ဆွဲတယ်။ အဲဒီလို ပြေးဆွဲပြီးကာမှ ဖယ်ရီလိုင်းကိုပဲ ဦးစားပေးပြောင်းပြီး လုပ်ကိုင်ခဲ့တာပါ။ ကားတွေ ထပ်တိုးတာက ကျွန်တော် တစ်စီးတတ်နိုင် တစ်စီးတိုးတယ်။ နှစ်စီးတတ်နိုင် နှစ်စီး တိုးပါတယ်။ အဲဒီလိုနဲ့ပဲ စုတာပေါ့။ ကားဝယ်ဖို့အတွက် ပုံမှန်လေး လုပ်ဖြစ်တယ်။ ဒီလဆိုရင် ဘယ်နှစီးဝယ် မယ်ဆိုတာ မျိုးပေါ့နော်။ စုပြီးဝယ်တာပါ။ စစချင်းလုပ်တုန်းက ငါးလတစ်ခါ ဝယ်တာပေါ့နော်။ ကားအစီး တစ် ရာပြည့်ဖို့က နောက်ထပ် နှစ်နှစ်လောက်ဆိုရင် ပြည့်ပါပြီ။ လုပ်ငန်းက ကြီးတာပေါ့နော်။ ကျွန်တော်က U Ye Group ဆိုပြီး ကားလုပ်ငန်း လုပ်တာပါ။ 


TREND    ။    ။ တခြားလုပ်ငန်းတွေ၊ စက်ရုံတွေ ကရော ကမ်းလှမ်းတာတွေ ရှိလား။
U Ye    ။    ။
ဟုတ်ကဲ့ ရှိပါတယ်။ တခြားစက်ရုံတွေကလည်း ကမ်းလှမ်းတာတွေ ရှိပါတယ်။ ကျွန်တော်ကတော့ နိုင်သလောက်ဝန်ပဲ ထမ်းခဲ့ပါတယ်။ မနိုင်ဝန်ထမ်းသလိုဖြစ်မှာစိုးလို့ ကျန်တဲ့ စက်ရုံတွေကိုတော့ သိပ်မလုပ်ဘဲ စောစောကပြောသလို စက်ရုံသုံးရုံပဲ လုပ်ကိုင်ပါတယ်။


TREND    ။    ။ ကိုဗစ်-၁၉ မှာ လုပ်ငန်းရှင်အကုန်လုံး အထိနာကြတယ်။ တချို့ဆိုရင် အလုပ်တွေ ပိတ်ရတဲ့အထိ ဖြစ်ခဲ့တယ်။ အဲဒီအချိန်အခါမှာ ဘယ်လိုဖြတ်သန်းဖြစ်လဲ။
U Ye    ။    ။
ကိုဗစ်-၁၉ ဖြစ်တဲ့အချိန်မှာ ကျွန်တော့်စက်ရုံတွေက တစ်ဝက်လောက် ဝန်ထမ်းအလှည့်ကျလေးနဲ့ ဆောင်ရွက်တယ်။ ကျွန်တော်တို့ လုပ်ငန်းရှင်ကြီးတွေကတော့ အဆင်မပြေပေမယ့် ကျွန်တော့် နောက်မှာ မှီခိုနေတဲ့ ဝန်ထမ်းတွေ၊ ယာဉ်မောင်းတွေ အများကြီးရှိတယ်။ သူတို့ အဆင်ပြေအောင် လုပ်ဆောင်ပေးရတာပေါ့။ အရမ်းခက်ခဲခဲ့ပါတယ်။


TREND    ။    ။ ဝန်ထမ်းတွေ မနစ်နာအောင် စက်ရုံနဲ့ ဘယ်လိုမျိုး ဦးစားပေးဆောင်ရွက်လဲ။
U Ye    ။    ။
စက်ရုံနဲ့ ညှိပြီးတော့ ဝန်ထမ်းလည်းမနစ်နာအောင် တစ်ယောက်နဲ့တစ်ယောက် မျှတတဲ့နှုန်းနဲ့ သတ်မှတ်ပြီးတော့ လုပ်ဆောင်ပေးနေတာဖြစ်ပါ တယ်။ ဖယ်ရီလုပ်ငန်းစလုပ်ဖို့က ကျွန်တော်က ဟိုက်ဝေးကို အရင်လုပ်ခဲ့တာ အဲဒီလိုလုပ်ခဲ့ပြီးမှ  ကျွန်တော်ပြန်စိစစ်တယ်။ ကျွန်တော်တို့ နိုင်ငံမှာက ဖယ်ရီလုပ်ငန်း စက်ရုံတွေ အများကြီး ရှိတယ်လေ မတိမ်ကောဘူး။ အဲဒီအတွက် ဒီလုပ်ငန်းကို ဇောက်ချ လုပ်မယ်ဆိုပြီးတော့ လုပ်ခဲ့တာပါ။


TREND    ။    ။ မော်လမြိုင်ကို ဟိုက်ဝေးပြေးဆွဲနေတာဆိုတော့ တခြားနေရာတွေရော တိုးချဲ့ပြီးတော့ ပြေးဆွဲဖို့ ရှိပါသလား။
U Ye    ။    ။
ရှိပါတယ်။ ရန်ကုန်၊ ပြည်၊ အောင်လံ ခရီးစဉ်ကို ဂန္ထဝင်သစ်ကားဂိတ်နဲ့အတူ ပြေးဆွဲတာ ၁၈ ရက်နေ့ နောက်ပိုင်းက အောင်လံ၊ တောင်တွင်းကြီး၊ အထက်မင်းလှစတဲ့ ခရီးစဉ်တွေကို ပူးပေါင်းပြီး ပြေးဆွဲတာပါ။ နောက်ထပ် ၁၃ စီး ထပ်ထည့်ထားတာ ဖြစ်ပါတယ်။ U Ye Group ကားက လိုသလောက် ထုတ်ပေးပြီးတော့ ပြေးဆွဲသွားမှာ ဖြစ်တယ်။


TREND    ။    ။ ဂန္ထဝင်သစ်ခရီးစဉ်က ဘယ်လိုမျိုး ဝန်ဆောင်မှုတွေ ပေးသွားမလဲ။
U Ye    ။    ။
ဂန္ထဝင်သစ် ခရီးစဉ်က ရန်ကုန်၊ ပြည်၊ အောင်လံက မနက် ၇ နာရီခွဲနဲ့ ညနေ ၃ နာရီ ထွက်ပါတယ်။ အခုလက်ရှိ ရန်ကုန်၊ ပြည်၊ အောင်လံ၊ အထက်မင်းလှကိုတော့ မွန်းလွဲ ၁ နာရီ ထွက်မယ်။ အထက်မင်းလှကနေ မွန်းလွဲ ၂ နာရီ ပြန်ထွက်ပါတယ်။ ဝန်ဆောင်မှုအနေနဲ့ကတော့ ခရီးသည်တွေ အဆင်ပြေချောမွေ့အောင် လိုလေသေးမရှိအောင် ဝန်ဆောင်မှု ပေးထားပါတယ်။ ခရီးသည်တွေကို နေ့တိုင်း ဦးထုပ်တစ်လုံး စီပေးပြီး ခရီးစဉ် ၁၀ ခေါက်ပြည့်တဲ့အခါမှာတော့ လက်ဆောင်ပြန်ပေးတဲ့ အစီအစဉ် ထည့်ထားပါတယ်။ အမြဲ တမ်းပေးသွားမှာပါ။


TREND    ။    ။ ကိုရဲ အသစ်ထည့်တဲ့ကားကြီးတွေက ဘယ်နှယောက်စီးလဲဆိုတာ ပြောပေးပါဦး။းပျက်
U Ye    ။    ။ ကားတွေကတော့ ၄၅ ယောက်စီးတွေနဲ့ပဲ ပြေးဆွဲသွားမှာပါ။ တစ်ခါတလေမှာ ဖြစ်တတ်တဲ့လမ်းမှာ ကာတာတွေ ရှိခဲ့ရင်လည်း ချက်ချင်းအစား ထိုးပြေးဆွဲနိုင်အောင်လို့လည်း စီစဉ်ပေးသွားမှာပါ။ ကားတွေကိုတော့ အမြဲတမ်းစစ်ဆေးပြီးမှ ထွက်တာပါ။ ခရီးသည်တွေအနေနဲ့လည်း လိုက်ပါစီးနင်းကြည့်ပါ။ တချို့လည်း လိုအပ်တာတွေရှိရင် အကြံပြုချက်လေးတွေလည်း ပေးနိုင်ပါတယ်။ ယာဉ်မောင်းတွေကိုလည်း အေးအေးဆေးဆေး မှန်မှန် ဇိမ်ကျကျ မောင်းနှင်နိုင်ဖို့ ညွှန်ကြားထားပါတယ်။


TREND    ။    ။ အခုလို အောင်မြင်အောင် ဘယ်လိုမျိုး ကြိုးစားခဲ့ရလဲ။
U Ye    ။    ။
အောင်မြင်တဲ့ လုပ်ငန်းရှင်တစ် ယောက်ဖြစ်ဖို့က အရင်က ကျွန်တော်က နေ့မအိပ်၊ ညမအိပ် အလုပ်လုပ်ခဲ့တာပေါ့နော်။ အဲဒီအတွက်ကြောင့် တိုးတက်မှုကလည်း ကြိုးစားမှုရဲ့ ရလဒ်တစ်ခုပါပဲ။ ကားနဲ့ပတ်သက်ပြီး မူဝါဒပြောင်းနေပေမယ့် ကျွန်တော့်အလုပ်က အဓိကက ဖယ်ရီလုပ်ငန်းဆိုတော့ စက်ရုံတွေရှိနေသရွေ့ ကျွန်တော်တို့ အလုပ်ကတော့ မတိမ်ကောပါဘူး။


TREND    ။    ။ မိဘတွေရဲ့ အထောက်အပံ့ကရော ဘယ်လောက်အထိရခဲ့လဲ။
U Ye    ။    ။
ကျွန်တော်က အလုပ်လုပ်ရင် မိဘ၊ ဆရာသမားတွေကို ဦးထိပ်မှာပန်ဆင်ထားပါတယ်။ အမြဲတမ်း ဘုရားရှိခိုးရင်လည်း မေတ္တာပို့ပါတယ်။ ကျွန်တော်တို့က ဝန်ထမ်းသားသမီးတွေပါ။ လူငယ်တွေကိုလည်း မှာချင်တာက ကိုယ့်ရဲ့ဆရာသမား၊ မိဘတွေကို မမေ့ဘဲနဲ့ အမြဲတမ်း မိဘကို အလုပ်အကျွေးပြုပြီးတော့ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို အတတ်နိုင်ဆုံးလုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ်။


TREND    ။    ။ အလုပ် လျှောက်ချင်ရင်ရော လျှောက်လို့ရလား။ ဘယ်လိုလျှောက်လို့ရလဲ။
U Ye    ။    ။
အလုပ်လျှောက်ချင်ရင်လည်း လာလျှောက်လို့ ရပါတယ်။ ကျွန်တော့် မန်နေဂျာနဲ့ ဆက်သွယ်ပြီး လာလျှောက်လို့ ရပါတယ်။ လိုင်စင်ကတော့ ဖယ်ရီကားမောင်းချင်ရင်တော့ လိုင်စင်အနက်ဆိုလည်း အဆင်ပြေပါတယ်။ ဟိုက်ဝေး ကားမောင်းတဲ့သူတွေကိုတော့ အနီပါ။ ကျွန်တော်တို့ကားတွေကို အားပေးနေတဲ့ ခရီးသွားမိတ်ဆွေအားလုံး ကျန်းမာပါစေချမ်းသာပါစေလို့ ဆုတောင်ပေးပါတယ်။ ခရီးသွား ပြည်သူတွေအနေနဲ့ စိတ်ချမ်းသာစေချင်ပါတယ်။ (သက်မှူး)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၇ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 68

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48487

© 2022 - 2025 News. All Rights Reserved.