ရန်ကုန်၊ ဧပြီ ၁၀
လူမှုကွန်ရက်တွင် "ဘီယာဗိုက်" အမည်ဖြင့် တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့သော အဆိုတော်နဲ့ သက်ဆိုင်သူများကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေနှင့် အမှုဖွင့်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဧပြီ ၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်ပေါ်တွင် လွှင့်တင်သူများအား ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိပြီး ပြန်ကြားရေး ဝန်ကြီးဌာနသည် ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသမှုများကို ကြီးကြပ်ဆောင်ရွက်လျက် ရှိပါသည်။
ယခုအခါ အချို့သောတေးသီချင်း ဗီဒီယိုရိုက်ကူး ထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရေးအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်းအတူတကွ ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိသြတ္တပ္ပတရား ကင်းမဲ့သော တေးသီချင်း ဗီဒီယိုများကို အရှက်သိက္ခာမဲ့စွာ ရိုက်ကူးထုတ်လွှင့် နေကြသည့်အတွက် သက်ဆိုင်ရာအစည်းအရုံးများက ထိန်းကျောင်း ကြပ်မတ်ပေးပါရန် ပြန်ကြားရေးဝန်ကြီးဌာနက ၁၃-၁-၂၀၂၄ ရက်တွင် သတိပေးတားမြစ်ခဲ့ပြီး ဖြစ်သည်။
ထို့ပြင် ဆက်သွယ်ရေးကွန်ရက် ကို အသုံးပြု၍ ဖြန့်ချိ၊ မျှဝေ၊ ပြသ၊ ရောင်းချလျက်ရှိသည့် ဇာတ်လမ်းကား၊ မှတ်တမ်းကား၊ မော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား သို့မဟုတ် ပညာပေးကားများကိုလည်း ၁၃-၃-၂၀၂၄ ရက်တွင် အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်၍စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက် ရှိသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ လူမှု ကွန်ရက်တွင် "ဘီယာဗိုက်"အမည်ဖြင့် အရှက်သိက္ခာကင်းမဲ့စွာ တေးသီချင်း ဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့သော အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေနှင့် အခြားသက်ဆိုင်သူများအား ရန်ကုန်မြို့ဗဟန်း မြို့မရဲစခန်းတွင် အီလက်ထရောနစ် ဆက် သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ-၃၃ (က)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့အပြင် တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး ဟီရိသြတ္တပ္ပတရားကင်းမဲ့သည့် ပြောဆိုမှုများ၊ ရိုက်ကူးထုတ် လွှင့်မှုများ မပြုကြပါရန်နှင့် လိုက်နာဆောင် ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ကြေညာအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။