၂၀၂၃ မတ် ၂၁
ယမန်နေ့နံနက် ၈ နာရီခွဲခန့်က ကျောက်ကြီးမြို့မှ နတ်သံကွင်းဘက်သို့ ကျောက်ကြီးမြို့နေ ဦးကြင်ကောက် မောင်းကာ အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦးလိုက်လာသည့် Light Truck ကားသည် ညောင်ကုန်းတံတားရှောင်ကွင်းလမ်းအရောက်၌ KNLA အဖွဲ့ဝင်များထောင်ထားသည့် လက်လုပ်ကားမိုင်းအားနင်းမိခဲ့သည်။
နင်းမိသည့်အရှိန်ကြောင့် လက်လုပ်ကားမိုင်းပေါက်ကွဲကာ ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၁ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့တွင်လည်း မိုင်းစထိမှန်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ကျောက်ကြီးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
“ဖြစ်စဥ်ကိုတော့သိတယ်။ လူနာ ၂ ယောက်ကိုလုံခြုံရေးအဖွဲ့တွေက ဆေးရုံပို့ပေးလိုက်တယ်။စိုးရိမ်ရတယ်ဆိုတာလည်းသိထားပါတယ်။ အသင်းကိုလူနာကောက်ဖို့ဖုန်းဆက်ပြီးမခေါ်တဲ့အတွက်မသွားဖြစ်ခဲ့ပါဘူး။ အခုလိုဖြစ်စဥ်မျိုးကြတော့ လုံခြုံရေးအဖွဲ့ဝင်တွေကဆက်သွယ်မှသွားရတာ”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
အခင်းဖြစ်နေရာနှင့်အနီးတစ်ဝိုက်အား လုံခြုံရေးအဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများပြုလုပ်ခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။