ရန်ကုန်၊ ဇူလိုင် ၂၃
ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူ၍ ဆေးကုသမှုခံနေရကြောင်း သတင်းထုတ်ပြန်ထားရှိပြီးဖြစ်ရာ ကျန်းမာရေး အခြေအနေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန် အလို့ငှာ ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ယူ၍ တာဝန်ဝတ္တရားများ ဆောင်ရွက်ရန်ပျက်ကွက်နေစဉ်နှင့် ယာယီသမ္မတ တာဝန်လစ်ဟင်းနေစဉ်ကာလတို့တွင် ယာယီသမ္မတ တာဝန်ဝတ္တရားများကို နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌထံသို့ လွှဲအပ်ခဲ့ကြောင်း သိရသည်။
ယာယီသမ္မတရုံးမှ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံးသို့ အကြောင်းကြားစာကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက် ၁၁ နာရီခွဲတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များ အလို့ငှာ ယာယီသမ္မတတာဝန် ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ ဥက္ကဋ္ဌထံသို့ လွှဲပြောင်း အပ်နှံခြင်းအား လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဇူလိုင် ၁၈ ရက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအသိ ပေးချက်အ ရ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုံ့နှေးခြင်းနှင့် အစားအသောက်နည်းခြင်းတို့ကို စတင်ခံ စားခဲ့ရသည့်အတွက် အထူးကုပါရဂူကြီးများ ပါဝင်သော ဆေးကုသမှုအဖွဲ့ဖြင့် ပုံမှန်ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။ ကျန်းမာရေး စစ်ဆေး စမ်းသပ်ချက်များအရ အာရုံကြောများ နှေးကွေးတုံ့ဆိုင်းသည့် ဝေဒနာအပါအဝင် ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်း ရောဂါတို့အား ခံစားနေရသည်ကို တွေ့ရှိရသည့်အတွက် ယခုနှစ် ဧပြီ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Centre တွင် ဦးနှောက်နှင့် အာရုံကြောပိုင်းဆိုင်ရာ စစ်ဆေးကုသမှုများ ခံယူခဲ့သည်။
ထို့အပြင် ယခုနှစ် မေ ၂၇ ရက်မှ ဇွန် ၁၈ ရက်အထိ အမှတ်(၂) တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀)တွင် ဆေးကုသမှု ဆက်လက်ခံယူခဲ့ရသည်။ ထိုကာလအတွင်း ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဝဲ၊ ယာ မျက်စိများတွင် ဖြစ်ပွားလျက်ရှိသော အတွင်းတိမ်များကို ခွဲစိတ်ကုသခဲ့ရာ အမြင်အာရုံပြန်လည် ကောင်းမွန်လာခဲ့သော်လည်း အာရုံကြောအားနည်းရောဂါကို ဆက်လက်ခံစားနေရသဖြင့် ဇွန် ၁၈ ရက်မှ ဇူလိုင် ၃၀ ရက် အထိ ဆေးခွင့်ယူ၍ နေအိမ်တွင် အထူးဆေး ကုသမှုအဖွဲ့၏ အနီးကပ်ကျန်းမာရေးစောင့် ရှောက်မှုခံယူလျက်ရှိနေကြောင်း သိရသည်။
လက်ရှိအချိန်တွင် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ရှစ်ဦးပါဝင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်ခဲ့ရာ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသေးဘဲ အစားအသောက် စားသုံးခြင်းအပါအဝင် နေ့စဉ်ပုံမှန်သွားလာ လှုပ်ရှားမှုကို လုပ်ဆောင်နိုင်မှု မရှိသေးသောကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံဆောင်ရွက်ပေးမှုဖြင့် အနီးကပ်ကျန်းမာရေးစောင့် ရှောက်မှုများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။