၂၀၂၃၊ ဒီဇင်ဘာ ၁၃
ယခုနှစ် ဆောင်းရာသီအမီ ကုတ်အင်္ကျီနှင့် ဂျာကင်များ အော်ဒါအပ်နှံလိုကြောင်း ပြည်ပနိုင်ငံများ၏ ဆက်သွယ်မေးမြန်းမှုများရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက "မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ ၂၀၂၃" တွင် ပြောကြားခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက "မကြာသေးခင်ကလည်း ဒီနှစ်ဆောင်းတွင်းအမီ ကုတ်အင်္ကျီမျိုး၊ ဂျာကင်မျိုးတွေကို အော်ဒါအပ်နှံလိုကြောင်း ဆက်သွယ်မေးမြန်းလာတဲ့ အပေါ်မှာလည်း မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ကနေတစ်ဆင့် အထည်ချုပ်လုပ်ငန်းတွေကို ချိတ်ဆက်ဆောင်ရွက်ပေးတာတွေ ရှိပါတယ်"ဟု ပြော ကြားခဲ့သည်။
ဂျာကင်အော်ဒါအသစ်များ ချုပ်လုပ်ရာတွင် လိုအပ်သည့် စက်ပစ္စည်းအသစ်များ တင်သွင်းရန် လိုအပ်မှုရှိလာပါက အချိန်နှင့်တစ်ပြေးညီ ပြည့်ပြည့်စုံစုံတင်ပြနိုင်ပါက စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ချုပ်ပြီးမြန်မာ့အထည်များကို နိုင်ငံပေါင်း ၈၀ ကျော်သို့ တင်ပို့ရောင်းချလျက်ရှိပြီး အမေရိကန်၊ ဂျာမနီ၊ အပါအဝင် အနောက်နိုင်ငံများ သို့ အဓိကတင်ပို့ထားကြောင်း သိရသည်။
အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက "အထည်ချုပ်လုပ်ငန်းက လုပ်ငန်းရှင်ရော၊ အလုပ်သမားရော အခုချိန်မှာ အဆင်ပြေပါတယ်။ အလုပ်သမားကလည်း လုပ်ခလစာတွေအနေနဲ့က သူတို့ချုပ်နိုင်ရင် ချုပ်နိုင်သလောက် ပိုရကြတယ်။ အခု CMP စနစ်ကနေ FOB စနစ်ကို ပြောင်းလဲနိုင်ရင် ပိုကောင်း မယ်။ ပြောင်းလဲ ပြောင်းသင့်နေပါပြီ။ သူများနိုင်ငံတွေမှာလည်း အားလုံးဒီလိုပဲ ပြောင်းလဲကုန်တာ။ ကျွန်တော်တို့ ဆီမှာက နိုင်ငံတော်တော်များများက CMP တွေကို လက်ခံချုပ်ပေးနေတယ်။ အဆင်လည်း ပြေကြပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။
၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း အထည်ချုပ်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံပမာဏခန့် တင်ပို့နိုင်ခဲ့ကြောင်း စီးပွား/ကူးသန်း၏ အချက်အလက်များအရ သိရသည်။ မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများတွင် ကိုဗစ်ကာလအတွင်း စက်ရုံ ၁၀၀ ကျော် ရပ်နားခဲ့ရကာ ဝင်ငွေရာခိုင်နှုန်း ၄၀ ခန့် ကျဆင်းခဲ့ကြောင်း သုတေသနစာတမ်းများအရ တွေ့ရှိရကြောင်း သိရသည်။