Breaking

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဘဏ်အချို့ကို အရေးယူပေးရန် တောင်းဆိုမှု ပြည်တွင်းစီးပွားရေးလုပ်ငန်းများ လည်ပတ်မှုအပေါ် သက်ရောက်မှုများရှိစေသလို မှီခိုနေသော ဝန်ထမ်းများ၊ မိသားစုများ၏ စားဝတ်နေရေးကိုပါ ထိခိုက်စေနိုင်ဟု UMFCCI ထောက်ပြ

ရန်ကုန်၊ ဇူလိုင် ၂
    ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ထုတ်ပြန်ချက်ပါ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်း နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့ကို အရေးယူရန် လုပ်ဆောင်ခြင်းသည် ပြည်တွင်းစီးပွားရေး လုပ်ငန်းများလည်ပတ်မှုအပေါ် သိသာသည့် သက်ရောက်မှုများရှိစေသည့်အပြင် အဆိုပါ လုပ်ငန်းများကို မှီခိုနေသော ဝန်ထမ်းများနှင့် ၎င်းတို့ မိသားစုများ၏ စားဝတ်နေရေးကိုပါ ထိခိုက်စေနိုင်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI ) က ထုတ်ပြန်ခဲ့သည်။
    ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်း နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၌ ပါဝင်နေသည့်အတွက် အရေးယူပေးပါရန် တောင်းဆိုမှုများ ဖော်ပြထားသော အစီရင်ခံစာတစ်စောင်ကို ဇွန် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည့်အတွက် ၎င်းအစီရင်ခံစာသည် စီးပွားရေးအရ ထိခိုက်မှုများရှိနိုင်သည့်အတွက် စိုးရိမ်ပူပန်မိကြောင်း UMFCC က  ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သည် ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြု၍ မြန်မာ့စီးပွားရေးစဉ်ဆက်မ ပြတ်ရှင်သန်ဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် UMFCCI သည် မြန်မာနိုင်ငံရှိ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတကာနှင့် ချိတ်ဆက်မှုများ ကောင်းမွန်ချောမွေ့စေရန် အစဉ်ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံပိုင်ဘဏ်များအပါအဝင် ပြည်တွင်းဘဏ်များ အားလုံး၏ အပြည်ပြည်ဆိုင်ရာ အဆက်အ သွယ်ဘဏ်များ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်း ပြည်ပ ငွေကြေးလွှဲပြောင်းမှုများကို ဆောင်ရွက်ပေးရာတွင် လိုအပ်သည့် အထောက် အထားများအားရယူ၍ အလေးထားစိစစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်း (Enhanced Due Diligence-EDD) အားကောင်းစွာ ဆောင်ရွက်ကာ ပြည်သူအများနှင့် စီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးဝန်ဆောင်မှုများ ချောမွေ့စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
    ထို့အပြင် ဘဏ္ဍာရေးစနစ်သည် စီးပွားရေးလုပ်ငန်းများ၏ သွက်လက်မှုကို ထောက်ပံ့ပေးနေသော အဓိကကျသည့် အချက်ဖြစ်၍ အဆိုပါစနစ်ကို ပိတ်ပင်ခြင်းကြောင့် မြန်မာ့စီးပွားရေး အရင်းအမြစ်များကို ထိခိုက်စေကြောင်း ထုတ်ပြန်ခဲ့ပြီး နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများအား ထိခိုက် စေနိုင်မှုမှတစ်ဆင့် အများပြည်သူ နစ်နာဆုံးရှုံးစေကို မဖြစ်ပေါ်စေရန် သာမန်ပြည်သူများ၏ လူမှုစီးပွားဘဝအား ထိခိုက်မှုမရှိစေရန် တို့ကို ဆောင်ရွက်ပေးရန်သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများအား တိုက်တွန်းခဲ့ သည်။
    ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ အစီရင်ခံစာပါ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်း နိုင်ငံပိုင် ဘဏ်နှင့်ပုဂ္ဂလိက ဘဏ်အချို့မှ ပါဝင်ဆောင် ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန် တောင်းဆိုချက်များသည် မြန်မာပြည်သူ လူထု၏ အကျိုးစီးပွားကို ထိခိုက်စေသည့် အပြင်၊ မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား စီးပွားရေးအရ ဆက်ဆံမှုကိုလည်း ထိခိုက်စေနိုင်မည်ဖြစ်သဖြင့် စိုးရိမ်ပူပန်မိကြောင်းနှင့် အသင်းချုပ်သည် နိုင်ငံ့စီးပွားရေးနှင့် သာမန်ပြည်သူများ၏ လူမှုစီးပွားဘဝများ ရှင်သန်ရေးတို့အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ် ( UMFCCI )က ထုတ်ပြန်ခဲ့သည်။
    အဆိုပါ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာပါ ရေးသားချက်များအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မြန်မာနိုင်ငံ ဘဏ်များအသင်း၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိက ဘဏ်များက သဘောထားထုတ်ပြန်ခဲ့သည်။ အဆိုပါ သဘောထား ထုတ်ပြန်ချက်များကိုလည်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ သနန္တန ဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲကုန်း ရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ လွတ်မြောက်ခြင်းအသင်းတော် (ရန်ကုန်)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ ယုံကြည်ခြင်းဧဝံဂေလိအသင်းတော် (ပဲခူး)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို)၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံ သဘင်အစည်း အရုံး(ဗဟို)၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို) နှင့် မြန်မာနိုင်ငံအားကစား မီဒီယာများအဖွဲ့ ချုပ်တို့မှ ထောက်ခံကြိုဆိုကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့သည်။

Total Views ~ 201

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.