Breaking

ကျောက်ဖြူကို အစိုးရက အထိခိုက်ခံမည် မဟုတ်သလို စစ်တွေကို ALP အနာခံမည် မဟုတ်ကြောင်း စောမြရာဇာလင်းပြော

နေပြည်တော်၊ ဇွန် ၁၈
    ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကို AA အဖွဲ့အနေဖြင့် စစ်ရေးချဲ့ထွင်နေမှုအပေါ် အစိုးရအနေဖြင့် အထိအခိုက်ခံမည် မဟုတ်ဘဲ စစ်တွေမြို့ကိုလည်း ALP အနေဖြင့် အနာခံမည်မဟုတ်ကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းက ပြောသည်။ 
    "အခုဟာက အကျိုးစီးပွားက ကျောက်ဖြူမှာ ရေနက်ဆိပ်ကမ်း ရှိတယ်။ ရတနာအိုးတွေရှိတော့ အစိုးရဘက်ကလည်း ကျောက်ဖြူကို အကျခံမှာမဟုတ်ဘူး။ ဟိုဘက်ကလည်း ကျောက်ဖြူကို အရယူမယ်ဆိုတဲ့ စဉ်းစားချက်တွေ ရှိနေတာကို တွေ့ရတယ်။ နှစ်ဖက်လုံးက ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေတယ်လို့ ယူဆရတယ်။ သတင်းတွေအရ အဲဒီလိုပဲမြင်ရတယ်။ အဓိကတော့ စစ်တွေနဲ့ ကျောက်ဖြူကို အစိုးရဘက်ကလည်း ကာကွယ်မယ်ဆိုတာ မြင်ရတယ်။ ဟိုဘက်ကလည်း စစ်ရေးနယ်ပယ် ချဲ့ထွင်နေတာကို တွေ့ရတယ်။ ကျွန်မတို့အနေနဲ့ ကျောက်ဖြူကိစ္စမှာ ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ စစ်တွေ လုံခြုံရေးကတော့ ကိုယ်နေတဲ့ နေရာဖြစ်တော့ နှစ်ပေါင်း ၂၀၀ ပြည့်နေပြီဖြစ်တဲ့ စစ်တွေမြို့ကို အနာမခံဘူး။ အဲဒါကြောင့် စစ်တွေကို တိုက်ပွဲမဖော်တာကတော့ အကောင်းဆုံးပဲ။ ကျွန်မတို့ လုပ်နိုင်တာက ပြည်သူတွေ ငတ်မွတ်ခေါင်းပါးမှု ဖြစ်နေတယ်။ ပြည်သူတွေကို ဘယ်လောက်ပံ့ ပိုးနိုင်မလဲ အဲဒါကို ကျွန်မတို့ ကြိုးပမ်းနေတယ်။ ဆေးဝါးကုသပေးမှုတွေလည်း အခမဲ့ လုပ်ပေးနေတယ်။ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းစေဖို့အတွက်ကို ကျွန်မတို့က အမြဲတမ်းပြောနေတယ်။ တိုက်ပွဲသံသရာထဲမှာပဲ ရှိနေကြမှာလား။ တိုက်ပွဲဖြစ်နေသမျှတော့ ဘာမှလည်း လုပ်လို့ရမှာမဟုတ်ဘူး"ဟု ၎င်းက ပြောသည်။ 
    လက်ရှိ ရခိုင်ပြည်နယ်အတွက် အခြေခံလိုအပ်ချက်မှာ ကုန်စည်စီးဆင်းမှုရှိ ရန်လိုအပ်နေပြီး ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေခြင်းကြောင့် တိုက်ပွဲများ လျှော့ချရန် လိုအပ်နေကြောင်း စောမြရာဇာလင်းက ပြောသည်။ 
    "တည်ငြိမ်အေးချမ်းမှုကိုရအောင် လုပ်ဖို့လိုတယ်။ ကုန်စည်စီးဆင်းမှုတွေရှိလာမှ ပြည်သူတွေ ထမင်းနပ်မှန်အောင် စားရမှာ။ အခုကုန်ဈေးနှုန်းက သုံးဆ၊ လေးဆ ဖြစ်နေတယ်။ သရက်သီးတစ်လုံး နှစ်ထောင်။ ဆန်ဆိုရင်လည်း တစ်ခါတစ်ခါ ရှာလို့မရဘူး။ အခုက ကုန်စည်စီးဆင်းမှုကလည်း မရှိဘူး။ ဟိုဘက်ဒီဘက်လည်း သွားလို့မရဘူး။ AA ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူတွေ ရောဂါ ဖြစ်တယ်။ ဆေးကုဖို့ ဆေးဝါးမရှိဘူး။ အိမ်တွေ၊ ယာတွေလည်း မရှိကြတော့ဘူး။ အိမ်တစ်လုံး ဖြစ်ဖို့ဆိုတာ လူ့သက်တမ်းတစ်ခုမှာ နှစ်ပေါင်း ၂၀၊ ၃၀ ဒုက္ခခံရတာ။ အခုက ဖျက်ပြီးရောင်းနေကြတာ။ အဲဒါ စစ်ကြောင့် ဖြစ်တာ။ တိုက်ပွဲတွေ နည်းနိုင်သမျှ နည်းအောင် လုပ်ရမယ်။ တရုတ်ကို မယှဉ်နိုင်ရင်ထား။ ဘင်္ဂလားဒေ့ရှ်တို့၊ ထိုင်းတို့ကို ယှဉ်ပြီးတော့ တက်နိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်ဖို့လိုတယ်။ ၇၁ ခုနှစ်မှာ လွတ်လပ်ရေးရတဲ့ ဘင်္ဂလားဒေ့ရှ့် လူဦးရေသန်းပေါင်းစွာ ရှိတယ်။ အရမ်းတိုးတက်သွားပြီ။ ထိုင်း နိုင်ငံဆို ပြောမနေနဲ့။ နိုင်ငံခြား ဝင်ငွေ အရမ်းများတယ်။ အဲဒီလို အခြေအနေမျိုး ကျွန်မတို့ တိုင်းပြည်မှာ မြင်ချင်တယ်"ဟု ၎င်းကပြောသည်။ 
    ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အမှတ်(၃၂) ရဲတပ်ရင်းကို AA အဖွဲ့က ဇွန် ၁၁ ရက်ကစ၍ စတင်တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း ဒေသသတင်းများအရ သိရသည်။ ကွန်းဈာန်

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45428

© 2022 - 2025 News. All Rights Reserved.