Breaking

ခရီးသည်တင်ယာဉ်များအား PDF က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြည်သူတစ်ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၂
    ရန်ကုန်မြို့မှ မုံရွာမြို့သို့ မောင်းနှင်ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်များအား ဇွန် ၃၀ ရက် နံနက်ပိုင်းတွင် ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာအနီး၌ PDF များက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး သံဃာတော်တစ်ပါး အပါအဝင် ခရီးသွားပြည်သူ အများအပြား ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ရန်ကုန်-မုံရွာ ပြေးဆွဲလျက်ရှိသည့် ရွှေစင်စကြာခရီးသည်တင်ယာဉ်၊ စိန်ဌေးလှိုင်ခရီး သည်တင်ယာဉ်၊ နယူးစွမ်းခရီးသည်တင်ယာဉ်၊ FAMOUS ခရီး သည်တင်ယာဉ် သုံးစီး၊ ရွှေမန္တလာခရီးသည်တင်ယာဉ်နှင့် ရွှေသလ္လာခရီးသည်တင်ယာဉ် စုစုပေါင်း ခရီးသည်တင်ယာဉ် ရှစ်စီးတို့သည် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ကြပြီး ယင်းနေ့နံနက် ၈ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာအနီး ဖြတ်ကျော်စဉ် ကျေးရွာ၏ အရှေ့ဘက်ထိပ် အရောက်၌ PDF များက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ခရီးသွားပြည်သူ အမျိုးသမီးတစ် ဦးသေဆုံးခဲ့ရပြီး သံဃာတော်တစ်ပါးနှင့်  အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ မုံရွာမြို့နှင့် ချောင်းဦးမြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးကိစ္စရပ်များနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး အမြန်ဆုံးသွား ရောက်ခဲ့ရာ ငါးယှန်ကျေးရွာ၏ အရှေ့ဘက်မီတာ ၂၀၀၀ ခန့်အကွာ မန္တလေး-မုံရွာ လမ်းမကြီးပေါ်၌ အသင့်စောင့်ဆိုင်းနေရာယူထားသည့် PDF များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ ခရီးသည်တင်ယာဉ်များ ပစ်ခတ်တိုက်ခိုက်ခံရသည့် ပတ်ဝန်း ကျင်နေရာတစ်ဝိုက်အား နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက အမြန်ဆုံးသွားရောက်၍ လိုအပ်သည်များ ဆောင်ရွက်ခဲ့ရာ ပေါက်ကွဲမှုမရှိသေးသည့် လက်လုပ်မိုင်းမျိုးစုံ အလုံး ၃၀ အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ခရီးသွားပြည်သူများအား မုံရွာမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
    ဆေးရုံသို့ ရောက်ရှိလာသည့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ခရီးသွားပြည်သူများအား စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးစကား ပြောကြားခဲ့ပြီး လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ PDF များအား ချေမှုန်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း၊ ဆုတ်ခွာသွားသော အကြမ်းဖက်သမား များနောက်သို့ လိုက်လံချေမှုန်းခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ခရီးသွားပြည်သူများ ဘေးကင်း လုံခြုံစွာ သွားလာနိုင်ရေးအတွက် လုံခြုံရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

Total Views ~ 230

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45388

© 2022 - 2025 News. All Rights Reserved.