Breaking

ခြင်းလုံးကစားနည်းကို မြန်မာ့ရိုးရာ ရှေးဟောင်းအမွေအနှစ်စာရင်းဝင်အဖြစ် ယူနက်စကို တင်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂
    မြန်မာ့ရိုးရာ အားကစားနည်းဖြစ်သည့် ခြင်းလုံးကစားနည်းကို ရိုးရာရှေးဟောင်းအမွေအနှစ်စာရင်ဝင်အဖြစ် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ ယူနက်စကိုသို့ တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းတင့်က ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းတင့်က 'ယူနက်စကို တင်တဲ့ကိစ္စနဲ့ပတ်သက်လို့ တင်ရမယ့်နေရာတွေကို တင်ဖို့ပြင်ဆင်နေပါတယ်။ အဖွဲ့ချုပ်အနေနဲ့ လိုအပ်တဲ့ အထောက်အထားတွေ ဆောင်ရွက်နေပါတယ်။ ပိတ်ရက်မတိုင်ခင် ဆောင်ရွက်သွားမယ်။ ခြင်းလုံးကို ထိုင်းနိုင်ငံက သူတို့ရိုးရာအမွေအနှစ်အနေနဲ့တင်တဲ့အပေါ်မှာ ခြင်းလုံးပညာရှင်၊ ဝါသနာရှင်အနေနဲ့တော့ ပြောမပြတတ်အောင် ဝမ်းနည်းမိတယ်။ ကျွန်တော်တို့ဘက်က လုပ်ဆောင်သင့်တာကို သူတို့ဘက်က ကြိုလုပ်တဲ့ သဘောဖြစ်သွားတယ်။ အဖွဲ့ချုပ်အနေနဲ့လည်း ဒီကိစ္စကို အချိန်မီအောင်နဲ့ ကိုယ့်မှာ ရှိတဲ့ အထောက်အထားက သူတို့ထက် ပိုခိုင်လုံတဲ့ အထောက်အထားပြနိုင်တယ်။ အဓိက အခိုင်လုံဆုံးက လူတိုင်း လူတိုင်း မြန်မာပြည်မှာ ခြင်းခတ်နိုင်တယ်ဆိုတာကို အထောက်အထား တင်ပြနိုင်ရင် ခြင်းလုံးခတ်ခြင်းက မြန်မာ့ရိုးရာ အမွေအနှစ်အစစ်ဆိုတာကို သိသွားနိုင်တယ်"ဟု ပြော ကြားခဲ့သည်။
    မြန်မာ့ခြင်းလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရအနေဖြင့် အထိုက်အလျောက် ပံ့ပိုးပေးမှုများရှိကြောင်း၊ ခြင်းလုံးခတ်ကစားခြင်းသည် တခြားအား ကစားနည်းများနှင့်မတူ ခက်ခဲသည့် အားကစားနည်းဖြစ်သည့်အတွက်ကြောင့် ကစားမှုနည်းပါးခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း ခြင်းလုံးကစားနည်း ဖွံ့ဖြိုးတိုးတက်အောင် အဖွဲ့ချုပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းများနှင့် ဆရာအတတ်သင် ကောလိပ်များ၌လည်း ကျောင်းငါးကျောင်းတွင် သင်ကြားပေးကာ ပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ခြင်းလုံးအားကစားနည်းဖွံ့ဖြိုးတိုး တက်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ်အသစ်ကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
    ထို့အပြင် ၎င်းက "အခုအသစ်ဖွဲ့ စည်းတဲ့အဖွဲ့ချုပ်မှာ တော်တော်များများ ခြင်းပညာရှင်များ ပါဝင်သလို တိုင်းနဲ့ပြည်နယ်တွေကိုလည်း ကိုယ်စားပြုတဲ့ အဖွဲ့ဝင်တွေလည်း ပါဝင်တဲ့အတွက် ခြင်းလုံးလောက တိုးတက်ရေးကိုတော့ အားလုံးဝိုင်းဝန်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ခြင်းလုံး လောကကို နှစ်ပေါင်းများစွာ ပါဝင်လုပ်ဆောင်ခဲ့တဲ့လူတွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကြောင့် ခြင်းလုံးပညာရပ်က မြန်မာပြည်မှာ ဒီ့ထက်မကတိုး တက်လာပြီးတော့ ကမ္ဘာကိုတက်လှမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်"ဟု ဆက်လက် ပြောကြားခဲ့သည်။
    အဆိုပါ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ ချုပ်အသစ်တွင် နာယက ဦးစိုးတင့်၊ ဥက္ကဋ္ဌ ဦးသက်လွင်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးကျော်ဇင်မိုး၊ ဦးဝင်းတင့်၊ ဦးထွန်းလင်း‌သောင်းနှင့် အမှုဆောင် ၁၇ ဦး၊ အတွင်း‌ရေးမှူး၊ တွဲဖက်အတွင်း‌ရေးမှူး၊ ဒိုင်ကြီးကြပ်ရေး၊ နိုင်ငံတကာ ဆက်ဆံ‌ရေး၊ စည်းရုံးရေး၊ သတင်းနှင့် ပြန်ကြား‌ရေး၊ ဘဏ္ဍာငွေရှာဖွေရေး၊ ပြိုင်ပွဲကျင်းပရေးဆပ်မကော်တီ စသည့်တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ သက်မှူး

Total Views ~ 230

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.