နေပြည်တော်၊ ဇွန် ၄
ငလျင်ဒဏ်သင့် ဒေသများအတွက် ချေးငွေများ ဆောင်ရွက်ပေးနိုင်ရေး ငွေကျပ် ဘီလီယံ ၇၀၀ ကို လျာထားပြီး ရင်းနှီးမြှုပ်နှံမှုများအတွက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
"ရင်းနှီးမြှုပ်နှံမှု ငွေကြေးများနဲ့ ပတ်သက်လို့ ငလျင်နဲ့ပတ်သက်လို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ ရင်းနှီးမြှုပ်နှံငွေများ လိုအပ်မှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကနဲ့အစိုးရ ပူးပေါင်းပြီး ချေးငွေများ ဆောင်ရွက်ပေးနိုင်ဖို့ တင်ပြမှုများ ရှိပါတယ်။ အတိုးများတွက်ချက်ရာမှာ Developing နဲ့ Commercial ဆိုပြီးရှိမှာ ဖြစ်ပါတယ်။ Developing လုပ်ငန်းများမှာ အတိုးနှုန်းသက်သာစွာနဲ့ ဆောင်ရွက်သွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ Commercial နဲ့ ပတ်သက်လို့လည်း နှစ်ပိုင်းရှိမှာ ဖြစ်ပြီး ငလျင်ဒဏ်သင့် ဒေသများမှာရှိတဲ့ Commercial အတိုးနှုန်းနဲ့ အခြားဒေသတွေမှာရှိတဲ့ Commercial အတိုးနှုန်းဆိုပြီး ဖြစ်ပါတယ်။ ဖြစ်နိုင်သရွေ့ အတိုးနှုန်း သက်သက်သာသာနဲ့ဖြစ်စေရေး တာဝန်ရှိသူတွေ၊ အတွေ့အကြုံ ရှိသူတွေအနေနဲ့ ဆွေးနွေးဆောင်ရွက်သွားကြဖို့ လိုပါတယ်။ ငလျင်ဒဏ်သင့်ဒေသများအတွက် ချေးငွေများ ဆောင်ရွက်ပေးနိုင်ရေး ငွေကျပ်ဘီလီယံ ၇၀၀ ကို လျာထားပြီး ရင်းနှီးမြှုပ်နှံမှုများအတွက် ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေနဲ့ ပတ်သက်လို့လည်း လက်ကျန်ငွေကျပ် ၂၂၆ ဘီလီယံခန့် ရှိပါတယ်။ အဲဒီငွေတွေကို အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက်လည်း ထုတ်ပေးသွား လိုပါတယ်။ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေကို စက်ရုံ၊ အလုပ်ရုံများမှာ အကျိုးရှိရှိ သုံးစွဲသွားနိုင်ရေးအတွက်လည်း ထည့် သွင်း ဆွေးနွေးပေးစေလိုပါတယ်"ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ထို့အပြင် နိုင်ငံတော်အနေဖြင့် စီးပွားရေးမြှင့်တင်ရေးကို ကြိုးစားရမည် ဖြစ်သကဲ့သို့ တစ်ဖက်မှလည်း ကုန်ဈေးနှုန်းကျ ဆင်းရေးအတွက် ကြိုးစားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား သည်။
"ကျွန်တော်တို့အနေနဲ့ စီးပွားရေး မြှင့်တင်ရေးကို ကြိုးစားရမှာဖြစ်သလို တစ်ဖက်မှာလည်း ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ကြိုးစားရမှာ ဖြစ်တယ်။ အဲဒီကိစ္စကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းက ကုန်ထုတ် လုပ်မှုဖြစ်ပြီး ကုန်ထုတ်လုပ်မှုမရှိဘဲ ကုန် ဈေးနှုန်းကျဆင်းဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဝယ်လိုအားနဲ့ ရောင်းလိုအား၊ ထုတ်လုပ်မှုနဲ့ သုံးစွဲမှု မျှတအောင် ကျွန်တော်တို့ ဦးစွာဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒါကြောင့် ဒေသအလိုက်ဒေသတွင်း ကုန်ထုတ်လုပ်မှု တိုးတက်ရေးကို အားပေး ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ စီမံကိန်း စီးပွားရေးစနစ်ကိုသွားတဲ့ နိုင်ငံတစ်ခုမဟုတ်ဘဲ ဈေးကွက် စီးပွားရေးစနစ်ကိုသွားတဲ့ နိုင်ငံဖြစ်တယ်။ အစိုးရအနေနဲ့ မူဝါဒချမှတ် ပေးခြင်းသာဖြစ်ပြီး ပုဂ္ဂလိကများ၊ လုပ်ငန်းရှင်များက လုပ်ဆောင်ရမှာဖြစ်တယ်။ အဲဒီလို လုပ်ဆောင်နိုင်မှသာလျှင် ကုန်ဈေးနှုန်းများ ကျဆင်းနိုင်မည် ဖြစ်တယ်။ ဒါကြောင့် စားရေးသောက်ရေးအတွက် လိုအပ်တဲ့ကုန် ထုတ်လုပ်မှုများကို တိုးမြှင့်ဆောင်ရွက်သွားဖို့ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းများပြည့် မီအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီမှုမရှိတာကြောင့် နိုင်ငံ့ဝင်ငွေအ နေနဲ့ အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံမှ ၁၁ ဘီလီယံအထိ ဆုံးရှုံးမှုရှိနေပါတယ်။ သီးထပ် စွမ်းအားများ ပြည့်မီရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်သလို မွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျဆောင် ရွက်သွားရမှာ ဖြစ်တယ်။ အဲဒီလို ဆောင်ရွက်သွားမယ်ဆိုရင် ကုန်ထုတ်လုပ်မှု စွမ်းအား မြင့်တက်လာမှာဖြစ်ပြီး အရည်အသွေးပြည့်မီတဲ့ ထုတ်ကုန်ပစ္စည်းများကို ပြည်ပကို ပိုမိုတင်ပို့သွားနိုင်မှာ ဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပထဝီဝင်တည်ရှိနေမှု အနေအထားအရ အိမ်နီးချင်းနိုင်ငံများနဲ့ ဒေသတွင်း နိုင်ငံများကြီးမားတဲ့ ဈေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးနဲ့ နိုင်ငံ့စီးပွား မြှင့်တင်နိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးသွားကြစေလိုပါတယ်"ဟု နိုင်ငံတော် ဝန်ကြီးချုပ်က ပြောသည်။
မေ ၃၀ ရက်က ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ (Rebuilding Myanmar : Post Earthquake Economic Recovery) ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။ ကွန်းဈာန်