Breaking

ငွေဆောင်ကမ်းခြေ ခရီးသွားများအား ဆွဲဆောင်နိုင်မည့်  ညဈေးတန်းကဲ့သို့သော Night Life Activities များ ဖော်ဆောင်နေ

ရန်ကုန်၊ အောက်တိုဘာ ၃၀
    ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်သည့် ခရီးသွားများအား ဆွဲဆောင်နိုင်ရန် ညဈေးတန်းကဲ့သို့သော Night Life Activities များကို ဖော်ဆောင်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
    ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးတို့သည် အောက်တိုဘာ ၂၇ ရက်က ပုသိမ်မြို့နယ် သလပ်ခွာကြိုးဝိုင်းအတွင်းရှိ ရှုခင်းကြည့်မျှော်စင်နှင့် ပုသိမ်မြို့ ၁၉ မိုင်ရှိ ငွေဆောင်အပန်းဖြေ ဆင်စခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရီးသွားဧည့်သည်များ အန္တရာယ်ကင်းစွာ လေ့လာကြည့်ရှုနိုင်ရေးအတွက် မျှော်စင်ကို အဆင့်မြှင့်တင်ရန်၊ ဆင်စခန်းကို ခရီးသွားများ ဆွဲဆောင်နိုင်အောင် ပြင်ဆင်ဆောင်ရွက်ရန်နှင့် ခရီးသွားမြှင့်တင်ရေးအစီ အစဉ်များတွင် ထည့်သွင်း၍ ကြော်ငြာပေး ရန်ကိစ္စရပ်များကို မှာကြားခဲ့သည်။
    ထို့အပြင် ငွေဆောင်ကမ်းခြေရှိ ယမုံနာဦး ဟိုတယ်၌ ငွေဆောင်ကမ်းခြေဒေသ စီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး အဆိုပါ တွေ့ဆုံမှုတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေး၊ ငွေဆောင်ကမ်းခြေသို့ လာ ရောက်လည်ပတ်သည့် ခရီးသွားများအား ဆွဲဆောင်နိုင်ရန် ညဈေးတန်းကဲ့သို့သော Night Life Activities များ ကို ဖန်တီးခြင်း၊ ကမ်းခြေတွင် ဆောင်ရွက်နိုင်မည့် အားကစားပြိုင်ပွဲများကို စီစဉ်ဆောင်ရွက်ခြင်း၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ရိုးရာပွဲတော်များကို ပုံမှန်ကျင်းပဆောင်ရွက်ခြင်းများ ဖော် ထုတ်ဆောင်ရွက်သွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
    ထို့နောက် ငွေဆောင်ကမ်းခြေဒေသရှိ ခရီးသွားဆွဲဆောင်ရာနေရာများသို့ ခရီးသွားများ လာရောက်လည်ပတ်မှု အခြေအနေများ၊ ငွေဆောင် Square တွင် ဖွင့်လှစ်ထားရှိသည့် ညဈေးတန်း၌ ခရီးသွားများအတွက် ဝန်ဆောင်မှုပေးနေသည့် အခြေအနေများကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ကြည့်ရှု စစ်ဆေးကြောင်း သိရသည်။   နဒီ

Total Views ~ 274

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.