ရန်ကုန် မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံးဌာနများကို အကြမ်း ဖက်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်များမှာ ပုလဲမြို့ရှိ မြို့နယ်သစ်တောဦးစီးမှူးရုံးအား မတ်လ ၁၃ရက် နံနက် ၈ နာရီခွဲခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက အဆိုပါမြို့၏ အနောက်ဘက်ရှိ မြကုန်းကျေးရွာမှ ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး ရုံးဝင်းအတွင်းသို မီးပုလင်းလေးလုံးဖြင့် ပစ်ပေါက်၍ မီးရှိဖျက်ဆီးခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာနေရာသို နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်မီးငြှိမ်း သတ်ခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ယာယီပိတ်ထားပြီး လူနေထိုင်ခြင်းမရှိသည့် ၀န်ထမ်းအိမ်ရာ အဆောက်အအုံ အဟောင်းများ (ကာလတန်ဖိုး ကျပ် ၈၅ သိန်းခန့်) မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထိုပြင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ် လျှပ်စစ်မန်နေဂျာရုံးနှင့် အမှတ်(၁) ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတိုအား PDF အမည်ခံ အကြမ်းဖက်သမားများက Drone ယာဉ်များ အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ရုံးဝန်ထမ်း အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နွားထိုးကြီးမြို့၊ အမှတ် (၄)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအား မတ်လ ၁၃ ရက် နံနက် ၁၁ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက အဆိုပါရုံး၏ အနောက်တောင်ဘက်မှ Drone ယာဉ်တစ်စင်းဖြင့် Drop Bomb သုံးလုံးပစ်ချတိုက်ခိုက်ခဲ့ရာ ရုံးဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးဝန်ထမ်းအမျိုးသားတစ်ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ နွားထိုးကြီးမြို့၊ အမှတ် (၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက အဆိုပါရုံး၏ အနောက်တောင်ဘက်မှ Drone ယာဉ်တစ်စင်းဖြင့် Drop Bomb သုံးလုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ရုံးဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးဝန်ထမ်းအမျိုးသား တစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦး ဗုံးစထိ မှန်ဒဏ်ရာများရရှိကာ ရုံးတံခါးပေါက်မှန် ရှစ်ချပ် ကွဲအက်ပျက်စီးသွားကြောင်း သိရသည်။